ဆင်ဖြူရှင်လှစေတီတော်
ဆင်ဖြူရှင်လှစေတီတော် သည် စစ်ကိုင်းမြို့ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း မင်းဝံတောင်တန်းတွင် ပါဝင်သည့် ရှင်ဖြူရှင်လှတောင်ထိပ်တွင် တည်ရှိသည်။[၁]
သမိုင်းကြောင်း
ပြင်ဆင်ရန်သက္ကရာဇ် ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရာ မလ္လာကျွန်းသို့ ရောက်၏။ ထိုအခါ သီဟိုဠ်မင်းကြီးသည် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောက်ဖျာစွန်းဖြင့် ပြုလုပ်ထားသည့် ရှင်ဖြူဆင်းတုတော်တစ်ဆူ၊ ဇမ္ဗုသပြေသားဖြင့် ထုလုပ်ထားသည့် ရှင်လှဆင်းတုတော်တစ်ဆူ၊ သရက္ခန်ငါးဆူ၊ ဓာတ်ပေါင်းမဉ္စူတစ်ဆူတို့ကို မင်းကြီးအား ပေးခဲ့သည်။ မင်းကြီးသည် ဓာတ်တော်တို့နှင့် ရုပ်တုတော်တို့ကို အနယ်နယ်အရပ်ရပ်တွင် ဘုရားစေတီများ တည်ခဲ့သည်။
သက္ကရာဇ် ၄၈၀ ပြည့်နှစ်တွင် မင်းကြီးသည် ရုပ်တုတော်နှစ်ဆူကို ယူဆောင်ကာ ဧရာဝတီမြစ်အတိုင်း ဖောင်ဖြင့် ဆန်တက်ခဲ့သည်။ ဖောင်သည် စစ်ကိုင်းအထက် ချောက်မသို့ ရောက်ခဲ့၏။ ထိုအခါ ဆင်းတုတော်တို့သည် ကျိန်းဝပ်တော်မူမည့် နိမိတ်များ ပြလေ၏။ ထို့ကြောင့် မင်းကြီးသည် ဆင်းတုတော်တို့ကို ဆင်ဖြူပေါ်သို့ တင်ကာ အဓိဋ္ဌာန်ပြုလေ၏။ ထိုအခါဆင်ဖြူသည် ကမ်းထိပ်သို့ တက်ကာ ဝပ်လေသည်။
ထိုနေရာတွင် မင်းကြီးသည် ရှင်ဖြူရှင်လှ ရုပ်တုတော်နှစ်ဆူကို ဌာပနာကာ စေတီတော်တည်ခဲ့သည်။ ထိုစေတီတော် တည်ရာတောင်သည် "နာဂဇေယျာ" ဟူ၍လည်းကောင်း၊ "နာဂရိမ္မာ" ဟူ၍လည်းကောင်း တွင်သည်။[၁]
ပြုပြင်မွမ်းမံမှုများ
ပြင်ဆင်ရန်ဟံသာဝတီရောက်မင်းလက်ထက်တွင် ရှင်လှဘုရားတစ်ဆူ ပျောက်ဆုံးခဲ့၏။ ထိုအခါ မင်းကြီးသည် ပုဏ္ဏားတော် ငစံဖြူနှင့် ရှင်တေဇောဒီပတို့ကို တောင်တွင်းကြီးသို့ ပို့ခဲ့၏။ ထို့နောက်တွင် ပျောက်ဆုံးနေသည့် ဆင်းတုကို တွေ့ရှိခဲ့သည်။
ဘိုးတော်ဘုရားလက်ထက်တွင် ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် နန်းတွင်းသို့ ပင်ဆောင်ကာ ပူဇော်ခဲ့သည်။ ထို့ပြင် စေတီတော်ကိုလည်း ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။[၁]
ပုဂံမင်းလက်ထက် ၁၂၁၅ ခုနှစ်တွင် ရှင်ဖြူရှင်လှရေဆိပ်မှ ဘုရားခြေတော်ရင်းအထိ လမ်းဖောက်လုပ်ကာ စောင်းတန်းများ လှူတန်းခဲ့သည်။ ထိုလမ်းသည် တစ်မိုင်ခန့် ရှည်လျား၏။ ဗြိတိသျှလက်ထက်တွင် နန်းတွင်းမှ ရှင်ဖြူရှင်လှရုပ်ပွားတော်များကို ရွှေကျီးမြင့်ဘုရားတွင် ထား၍ ပြည်သူတို့ ကိုးကွယ်ခဲ့ကြသည်။
၁၂၇၅ ခုနှစ်တွင် ရှင်ဖြူရှင်လှရုပ်ပွားတော်နှစ်ဆူ ကျိန်းဝပ်ရန် ဂန္ဓကုဋီကို ရသေ့ကြီး ဦးခန္တီနှင့် ရေကန်ချောင်ဆရာတော်တို့က ကြီးမှူးကာ တည်ဆောက်ခဲ့သည်။ ၁၂၇၈ ခုနှစ်တွင် အောက်အာလိန်ငါးဆင့်အထိ ပြီးမြောက်ခဲ့သည်။ ဆောင်းတန်းကြီးကို ပြုပြင်ခဲ့ရာ အလျား ၁၀၉၂ ပေ၊ အခန်းပေါင်း ၂၃၁ ခန်း ရှိသည်။
၁၃၂၄ ခုနှစ်၊ ဝါဆိုလတွင် ဒီပါဧမြချောင်ဆရာတော် ဦးနန္ဒာသီရိ ကြီးမှူးကာ စေတီတော်ကို ထပ်မံတည်ဆောက်ရာ ရွှေထီးအထွတ် တင်နိုင်ခဲ့သည်။[၁]