ပင်မမီနူးကို ဖွင့်ရန်
အိုင်စီအက်စ် ဦးတင်ထွဋ် (၁၈၉၅-၁၉၄၈)

တင်ထွဋ် (၁၈၉၅-၁၉၄၈)သည် ကိုလိုနီခေတ်အတွင်း မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်) အဖြစ် ပထမဆုံး ရွေးချယ်ခန့်ထားခဲ့ရသူ ဖြစ်ပြီး ဗိုလ်ချုပ်‌အောင်ဆန်း ‌နှင့်အတူ လန်ဒန်မြို့သို့ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေး‌နွေးရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ လွတ်လပ်ရေးရပြီးခေတ် ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဘဝဖြစ်စဉ်ပြင်ဆင်

အဖ အရေးပိုင် ဦးဖိန်း (ကေအက်စ်အမ်၊ အေတီအမ်)နှင့် အမိ ဒေါ်မိမိ တို့မှ မြင်းခြံမြို့တွင် ၁၈၉၅ ခုနှစ် ‌ဖေ‌ဖေါ်ဝါရီလ ၁ ရက်‌နေ့၌ ဖွားမြင်သည်။ မွေးချင်း ခုနစ်ယောက်တွင် သားအကြီးဆုံး ဖြစ်သည်။ တရားလွှတ်တော်ချုပ် တရားသူကြီး ဦးကျော်မြင့်၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ် ဒေါက်တာထင်အောင် တို့ မှာ မွေးချင်းများ ဖြစ်ပြီး ညီအစ်ကို ၄ ဦးစလုံး အင်္ဂလန်မှ ဘားအက်လော (Barat-Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက် ထင်ရှားသူများ ဖြစ်ကြသည်။

ပညာရေး နှင့် အားကစားပြင်ဆင်

ငယ်စဉ်က ရန်ကုန်မြို့ စိန်‌ပေါအထက်တန်း‌ကျောင်း၊ ပဲခူးမြို့ အစိုးရ အထက်တန်း‌ကျောင်း၊ ရန်ကုန်မြို့ အစိုးရအထက်တန်း‌ကျောင်းနှင့် ရန်ကုန်‌ကောလိပ်တို့တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်ကောလိပ်တွင် လပိုင်းမျှသာ နေ၍ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန် ဂျူးဝစ် ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် ကွင်းန်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် အိုင်ယာလန် ဒဗ္ဗလင် ထရီနတီ ကောလိပ်တို့တွင် ဆက်လက် ပညာသင်သည်။ ၁၉၁၅ ခုနှစ်တွင် မက်ခ်သစ်ထရစ်ပို စာမေးပွဲ၊ ၁၉၁၇ ခုနှစ်တွင် အီကောနောမစ်ထရစ်ပို စာမေးပွဲများ အောင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂလိပ် အက်ဆေးပြိုင်ပွဲ၌ ဟူးစ်ပရိုက်ဆု ရသည်။ ၁၉၁၇ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့ကို သင်္ချာ၊ ဘောဂဗေဒ ဂုဏ်ထူးတို့ဖြင့် ရရှိသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒဗ္ဗလင် ထရီနတီကောလိပ်မှ ဘီအေ (တီ၊ စီ၊ ဒီ) နှင့် အမ်အေဘွဲ့များ ရသည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန် မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းမှ ဘရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ ရသည်။

အင်္ဂလန်တွင် ပညာ သင်ကြားနေစဉ် အားကစား၌ ထူးချွန် ထင်ရှားသည်။ ဂျူးဝစ်ကောလိပ် ရတ်ဘီ အားကစား လက်ရွေးစင်၊ ပတ်ဘလစ်စကူး လက်ဝှေ့ ချန်ပီယံ၊ ကိန်းဘရစ် တက္ကသိုလ် ရတ်ဘီ ခေါင်းဆောင်နှင့် လှေလှော်အသင်း ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။

ဝန်ထမ်းဘဝပြင်ဆင်

၁၉၁၇ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ စစ်တပ် ကော်မရှင် အရာရှိ ၄ ဦးတွင် တစ်ဦး အဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဆုံး အိုင်စီအက်စ် ဝန်ထမ်း အဖြစ် ရွေးချယ်ခံရကာ ၁၉၁၉-၂၁ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်၌ အလုပ်သင် အဖြစ် ပညာသင်ခဲ့သည်။

၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် မြန်မာပြည်သို့ ပြန်ရောက်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးတိုင်း ကမာစဲမှ ဦးဘိုးမင်း၏ သမီး မသန်းတင်နှင့် လက်ထပ်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးဝန်ထောက်၊ ၁၉၂၄ ခုနှစ်တွင် သစ်တောဌာန အတွင်းဝန်ထောက်၊ သစ်တော ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး ဘဏ္ဍာ‌ရေးဌာန၌ အတွင်းဝန်ထောက်၊ ၁၉၂၆ ခုနှစ်တွင် အခွန်တော်နှင့် သဿမေဓ စုံစမ်းရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၇ ခုနှစ်တွင် သမဝါယမ တွဲဖက် ရီဇစ္စတြာ ဝန်ထောက် အဖြစ် ဆောင်ရွက်သည်။ ၁၉၂၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်မှ ၁၉၃၃ ခုနှစ်၊ ဧပြီ ၁၇ ရက် အထိ ဒေလီမြို့နှင့် ဆင်းမလားမြို့တို့တွင် အိန္ဒိယ အစိုးရ စက်မှုနှင့် အလုပ်သမားဌာန အတွင်းဝန်ထောက်၊ ဒုတိယအတွင်းဝန်၊ တွဲဖက်အတွင်းဝန် အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ပြည်အရေးပိုင်၊ ၁၉၃၅ ခုနှစ်တွင် အတွင်းဝန်ရုံး ဘဏ္ဍာရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၁ ခုနှစ်တွင် ဝန်ကြီးချုပ်၏ အတွင်းဝန် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ် အဓိပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် ဒိုမေနီယန် အုပ်ချုပ်ရေး တောင်းရန် အင်္ဂလန်သို့ သွားသည့် နန်းရင်းဝန် ဦး‌စော၏ အကြံ‌ပေးအရာရှိအဖြစ် အဂင်္လန်ပြည်သို့ လိုက်ပါခဲ့ရသည်။ ၁၉၄၂ ခုနှစ် ဇန္နဝါရီလတွင် ဦး‌စောသည် မြန်မာပြည်သို့ အပြန်ခရီး၌ ပါလက်စတိုင်း (အစ္စရေး)တွင် အဖမ်းခံရသောအခါ ဦးတင်ထွဋ်ကို အိန္ဒိယနိုင်ငံ ဆင်းမလားရှိ မြန်မာပြည်စစ်ပြေး ဒေါ်မန်စမစ် အစိုးရ၏ ပြန်လည်ထူ‌ထောင်‌ရေးဆိုင်ရာ အကြံပေးအရာရှိ အဖြစ် စစ်ပြီးသည်အထိ ပို့ထားခဲ့ပြီး [၁] ၁၉၄၅ ခုနှစ်၊ ကန္နီဆွေးနွေးပွဲ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှ အစိုးရ၏ အော်ဒါအော့ဖ် ဗြိတိသျှ အင်ပါယာဘွဲ့ (အိုဘီအီး) ချီးမြှင့်ခဲ့ရသည်။

နိုင်ငံရေးပြင်ဆင်

 
(ဝဲမှ ယာသို့) ဦးဘဖေ၊ ကလီမန့် အက်တလီ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးတင်ထွဋ်နှင့် လော့ဒ်ပီသစ်လောရင့်။

ဦးတင်ထွဋ်သည် ၁၉၄၆ ခုနှစ်တွင် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းရာထူးမှ ပင်စင်ယူပြီး‌နောက် ဖ-ဆ-ပ-လအဖွဲ့သို့ ဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်‌နေ့တွင် ဖဆပလ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌အောင်ဆန်း ဦး‌ဆောင်၍ ဘုရင်ခံ၏ အမှု‌ဆောင်‌ကောင်စီအဖွဲ့ ဖွဲ့စည်း‌သောအခါ ဦးတင်ထွဋ်သည် ဘဏ္ဍာ‌ရေးနှင့် အခွန်‌တော်ဌာန ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄ရ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်‌အောင်ဆန်း ‌ခေါင်း‌ဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် သို့အာဏာများ လွှဲ‌ပြောင်း‌ပေး‌ရေးအတွက် လန်ဒန်မြို့သို့ သွားရောက်‌ဆွေး‌နွေးရာတွင် ဦးတင်ထွဋ်သည် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီတွင် ဦးတင်ထွဋ် သည် ပင်လုံစာချုပ် ချုပ်ဆိုရေး မြန်မာကိုယ်စားလှယ်၊ ရီးဝီလျံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော နယ်ခြားဒေသ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင် အဖြစ် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဆာမောင်ကြီးဗိုလ်မှူးအောင်ဦးအောင်ဇံဝေမြို့မ-ဦးသန်းကြွယ်သခင်ဝတင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင်ခဲ့သည်။ [၂] [၃]


၁၉၄ရ ခုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ်‌တော်‌ရွေး ‌ကောက်ပွဲများ ကျင်းပ‌သောအခါ ဦးတင်ထွဋ်သည် ဟင်္သာတ မြို့မ မဲဆန္ဒနယ်မှ ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းခံရပြီး အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ အခြေခံဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄ရ ခုနှစ် ‌အောက်တိုဘာလတွင် မြန်မာပြည် လွတ်လပ်‌ရေး အတွက်‌ဆွေး‌နွေးရန် ဝန်ကြီးချုပ် သခင်နု‌ခေါင်း‌ဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့ အဂင်္လန်ပြည် လန်ဒန်မြို့သို့ သွားရောက်ခဲ့ရာ၌လည်း ဦးတင်ထွဋ်သည်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နှစ်ကြိမ်လုံး ပါဝင်ခဲ့ရာ၌ ဦးတင်ထွဋ်သည် ဘဏ္ဍာ‌ရေးဆိုင်ရာ ကိစ္စများတွင် အကူအညီ များစွာ‌ပေးနိုင်ခဲ့သည်ဟု ဆို‌လေသည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် လန်ဒန် မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး‌နောက် ဖ-ဆ-ပ-လအစိုးရအဖွဲ့တွင် နိုင်ငံခြား‌ရေး ဝန်ကြီးအဖြစ် ဆက်လက်‌ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် ဝန်ကြီးရာထူးမှ နုတ်ထွက်၍ မြန်မာ့ အရန်တပ်မတော် တပ်မင်းကြီး တာဝန်ကို ဗိုလ်မှူးချုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ [၄]

လုပ်ကြံခံရပြင်ဆင်

ထိုသို့ တာဝန်ယူနေစဉ် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် နယူတိုင်းမ်အော့ဖ် ဘာမား သတင်းစာတိုက်မှ နေအိမ်အပြန် ကားပေါ်အတက်တွင် ဗုံးခွဲ လုပ်ကြံခံခဲ့ရသည်။ [၅] သို့သော် ယနေ့ထိ လက်သည် မပေါ်ခဲ့ပေ။ [၆]


အခြားပြင်ဆင်

ထုတ်ဝေသူ နှင့် အထူးသတင်းထောက်ပြင်ဆင်

၁၉၄၆ ခုနှစ်တွင် အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ The Burmese Review (သည်ဘားမိစ် ရီဗျူး)၊ New Time of Burma (နယူးတိုင်းမ်အော့ဖ် ဘားမား) သတင်းစာများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ လန်ဒန်တိုင်း သတင်းစာ၏ အထူးသတင်းထောက် အဖြစ်လည်း ဆောင်ရွက်၍ မြန်မာပြည်နှင့် ပတ်သက်သော သတင်းနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

ကွယ်လွန်ပြီးနောက်ပြင်ဆင်

စစ်အခမ်းအနားနဲ့ဂုဏ်ပြုပြီး မိသားစုဝင်တွေရဲ့ထုံးစံအတိုင်း ကွယ်လွန်သူကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို အနီးဆုံးမြစ်ထဲကို မျှောခဲ့ကြသည်။ မီးသင်္ဂြိုဟ်စက်မရှိ၍ ကြံတောသုသန်ထဲတွင် မီးသင်္ဂြိုဟ်စက်လေးတစ်ခု တည်ဆောက်ခဲ့ကြသည်။ မိသားစု အနေနှင့် ဂူလုပ်ဖို့ အစီအစဉ်မရှိခဲ့သော်လည်း ဝန်ကြီးချုပ်(ဦးနု)က နှောင်းလူတွေအမှတ်ရစေဖို့ဆိုပြီး အာဇာနည်ကုန်းမှာ အုတ်ဂူတည်ဆောက်စေခဲ့သည်။ အခေါင်းလွတ်တစ်ခုထဲမှာ ဦးတင်ထွဋ်ရဲ့ ဗိုလ်မှူးချုပ်ဝတ်စုံ( အရပ်သားထဲမှာ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်ရာထူးပထမဆုံး ခန့်အပ်ခံရသူ)ထည့်ပြီး ဂူသွင်းခဲ့သည်။ အခေါင်းလွတ်ကိုဂူသွင်းခဲ့တာမို့ မိသားစုဝင်တွေက ဦးတင်ထွဋ်သေဆုံးတဲ့နှစ်ပတ်လည်တွေမှာ အုတ်ဂူကို မသွားခဲ့ကြပေ။

မြောက်ကိုးရီးယားဗုန်းခွဲမှုအပြီး အာဇာနည်ဗိမာန်မှာ အာဇာနည်တွေကိုပဲ ထားရှိဖို့အတွက် ဦးတင်ထွဋ်ဂူနဲ့ ဗိုလ်မှူးစိန်မှန်တို့ရဲ့ဂူတွေကို ကြံတောကိုရွှေ့ပြီး အုတ်ဂူနှစ်လုံးတည်ဆောက်ပေးမယ်လို့ ဆုံးဖြတ်ကြသဖြင့် အခေါင်းတစ်ခုနဲ့ ဦးတင်ထွဋ်ရဲ့ မိတ္တူဓာတ်ပုံကြီးဟာ အသုဘယာဉ်နဲ့အတူ ကြံတောဆီကို သွားခဲ့ရပြန်တယ်။ ခေါင်းအထဲမှာတော့ ဘာမှမပါခဲ့ပေ။ [၇]


ဘ၀နိဂုံးပြင်ဆင်

အိုင်စီအက်စ် ဦးတင်ထွဋ်သည် ဗုံးဒဏ်ရာဖြင့် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းတင်နှင့် သမီး ၃ ယောက် ကျန်ရစ်သည်။ [၈]

ကိုးကားပြင်ဆင်

  1. အမှတ်တရ ဦးတင်ထွဋ်
  2. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  3. ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  4. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
  5. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
  6. အမှတ်တရ ဦးတင်ထွဋ်
  7. အမှတ်တရ ဦးတင်ထွဋ်
  8. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်မှ