သခင်ဝတင် (၁၉၀၉–၁၉၈၉) သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်တပ်တစ်အား ပါဝင်ခဲ့သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)ရရှိခဲ့သူ ဖြစ်သည်။ သခင်ဝတင်ကို ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲရွာ၌ ၁၉၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်တွင် အဖ ဦးဘိုးဆင့်၊ အမိ ဒေါ်ဝန်ပိုတို့က မွေးဖွားသည်။

သခင်ဝတင်
နိုင်ငံဂုဏ်ရည်(ပထမအဆင့်)ရ သခင်ဝတင်
မွေးဖွား(၁၉၀၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၂၄)ဖေဖော်ဝါရီ ၂၄၊ ၁၉၀၉
ပဲခူးတိုင်းသဲကုန်းမြို့နယ်ဆင်မြီးဆွဲရွာ

ဆင်မြီးဆွဲရွာမတွင် လေးတန်းအောင်မြင်ခဲ့ပြီး ၁၉၂၃-ခုနှစ်တွင် ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်၍ ဆယ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။

နိုင်ငံရေး

ပြင်ဆင်ရန်

ထို့နောက် ၁၉၃၃-ခုနှစ်၊ အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ ဝင်သည်။ ၁၉၃၅-ခုနှစ်၊ ဧပြီလတွင် ရေနံချောင်းမြို့တွင် ကျင်းပပြုလုပ်သော ရေနံချောင်း၊ ပြည်လုံးကျွတ် တို့ဗမာအစည်းအရုံး ညီလာခံသို့ ပြည်ခရိုင်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ထိုညီလာခံသို့ ပုတီးကုန်းသခင်ပုသခင်ညီ၊ သခင်ထွန်းခင် (ခေါ်) ဗိုလ်မြင့်ဆွေ (ရဲဘော်သုံးကျိပ်)တို့လည်း တက်ရောက်ခဲ့ကြသည်။ ၁၉၃၆-ခုနှစ် ဇွန်လတွင် မြင်းခြံတွင်ပြုလုပ်သော မြင်းခြံပြည်လုံးကျွတ် တို့ဗမာအစည်းအရုံး ညီလာခံသို့ ပုတီးကုန်းသခင်ပု၊ သခင်ညီ၊ သခင်ထွန်းခင်၊ သခင်မကြီး ဒေါ်သိန်းတင်သခင်မကြီး ဒေါ်ခင်ခင်တို့နှင့်အတူ ပြည်ခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြန်သည်။ ထို့နောက် ၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့တွင်ပြုလုပ်သော ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေးအတွက် သခင်ညီနှင့်အတူ ဦးဆောင်ခဲ့သည်။

ထိုနှစ် စက်တင်ဘာလတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောပြောခဲ့သောကြောင့် ပြည်ခရိုင်ဝန် ဂရေစီ၏ရုံးတွင် တရားစွဲခံရသည်။ ထောင်တစ်နှစ် ချခံရသည်။ ၁၉၃၈-ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၃၉-ခုနှစ်၊ ဒီဇင်ဘာလအထိ အင်းစိန်ထောင်တွင် နေရသည်။

၁၉၄၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပုတီးကုန်းမြို့၌ ပြုလုပ်သော ပြည်ခရိုင် တို့ဗမာအစည်းအရုံး ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ထို့ပြင် သခင်ထွန်းအုပ်၊ သခင်ဗစိန် ဦးဆောင်သော တို့ဗမာ အစည်းအရုံး ဌာနချုပ် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုနှစ် မတ်လတွင် ဖျာပုံမြို့၌ ပြုလုပ်သော ပြည်လုံးကျွတ် တို့ဗမာအစည်းအရုံး ညီလာခံသို့ တို့ဗမာအစည်းအရုံး ဌာနချုပ် စည်းရုံးရေးမှူးအဖြစ်၎င်း၊ ပြည်ခရိုင် တာဝန်ခံအဖြစ်၎င်း တက်ရောက်ခဲ့သည်။

၁၉၄၀-ပြည့်နှစ်၊ မေလတွင် ဖျာပုံခရိုင်သလိပ်ကြီးရွာတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောမှုဖြင့် တရားစွဲခံရပြီး နယ်ချဲ့အစိုးရက ထောင်တစ်နှစ်ချသည်။ ၁၉၄၀-ပြည့်နှစ်၊ မေလမှ ၁၉၄၁-ခုနှစ်၊ မေလအထိ အင်းစိန်ထောင်၌ အချခံရသည်။ ထောင်မှူးဝင်လာသည်ကို မတ်တတ်မရပ်သဖြင့် တစ်နှစ်လုံး တိုက်ပိတ်ခံရသည်။ ၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလ ၉-ရက်နေ့တွင် အဖမ်းခံရပြန်သည်။ ပြည်မြို့ထောင်တွင် ထောင်ကျခံရသည်။ အရှေ့တောင်အာရှတွင် ဂျပန်၊ အင်္ဂလိပ်၊ အမေရိကန် စစ်ဖြစ်နေချိန် နယ်ချဲ့အစိုးရအား ပုန်ကန်ခြားနားမည့်သူများကို ဖမ်းခြင်းဖြစ်သည်။ ထို့နောက် သာယာဝတီထောင်၊ ပုသိမ်ထောင်၊ တောင်ငူထောင်၊ ဟင်္သာတထောင်၊ ပြည်ထောင်၊ ရန်ကုန်ထောင်ကြီးတို့မှ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို စုပေါင်း၍ ၁၉၄၂-ခုနှစ်၊ မတ်လတွင် မန္တလေးထောင်သို့ ပို့ရာ သခင်ဝတင်လည်း ပါသွားသည်။

၁၉၄၂-ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် မန္တလေးထောင်မှ လွတ်သည်။ ရန်ကုန်သို့ပြန်လာပြီး ဂျပန်ခေတ်တွင် သခင်နှစ်ခြမ်းကွဲအုပ်စုနှင့် မျိုးချစ်အဖွဲ့၊ ဒေါက်တာဘမော် အဖွဲ့ပေါင်း၍ တို့ဗမာဆင်းရဲသား အစည်းအရုံးဖွဲ့ရာတွင် သခင်ဝတင်သည် မြန်မာနိုင်ငံ အောက်ပိုင်းတိုင်းကို တာဝန်ယူရသည်။

ပြည်ပခရီး

ပြင်ဆင်ရန်

၁၉၄၃-ခုနှစ်တွင် ဂျပန်နိုင်ငံ အစိုးရက ဖိတ်ကြားသော ဧည့်သည်တော် (၂၅)ယောက်တွင် အဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် နှစ်လ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်း(ယိုးဒယား)တု့တွင် နှစ်လခန့် ကြာခဲ့သည်။

၁၉၄၄-ခုနှစ် ဂျပန်တော်လှန်ရေး အစပျိုးသောအခါ သခင်တင်ဝသည် မြေအောက်တော်လှန်ရေး လုပ်ခဲ့သည်။ ကရင်ဗမာ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသများသို့ ၁၉၄၃၊ ၁၉၄၄နှင့် ၁၉၄၅-ခုနှစ်များအတွင်း ခြောက်ကြိမ်သွားရောက်ခဲ့သည်။ ထို့နောက် မြစ်ဝကျွန်းပေါ်ဒေသများသို့ တစ်ကြိမ်၊ မြန်မာပြည် အလယ်ပိုင်းတိုင်းသို့ တစ်ကြိမ် စစ်သားစုဆောင်းရေး အရာရှိအဖြစ် သွားရောက်ခဲ့သည်။ သခင်ဝတင်သည် ၁၉၄၅-ခုနှစ် ဂျပန်တော်လှန်ရေး ကာလတွင် ရန်ကုန်တွင် တာဝန်ကျခဲ့သည်။

၁၉၄၅-ခုနှစ် ဖဆပလအဖွဲ့ချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌ၊ သခင်သန်းထွန်းက အထွေထွေ အတွင်းရေးမှူး၊ သခင်ဝတင်က အတွင်းရေးမှူး(စည်းရုံးရေး)၊ သခင်ချစ်က အတွင်းရေးမှူး(အုပ်ချုပ်ရေး) အဖြစ် အသီးသီးတာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။

၁၉၄၅-ခုနှစ် မြန်မာပြည် ဆိုရှယ်လစ်ပါတီကို တည်ထောင်ရာ သခင်ဝတင်သည် အမှုဆောင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၁၉၄၅-ခုနှစ်၊ အမျိုးသားနေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုက်ကြီးမြို့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောခဲ့ပြီး ထိုနှစ်မှာပင် ဖဆပလအဖွဲ့၏ နေသူရိန် လူထုအင်အားပြ အစည်းအဝေး၊ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအင်အားပြ အစည်းအဝေးတို့တွင် ဦးဆောင်ပါဝင်ခဲ့သည်။

၁၉၄၆-ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ကျင်းပသော ဖဆပလ၏ ပထမအကြိမ် ညီလာခံတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် ဆိုရှယ်လစ် ပါတီ၏ နှစ်ပတ်လည် ညီလာခံ ကျင်းပသောအခါတွင်လည်း အမှုဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၄၆-ခုနှစ်၊ ပုလိပ်သပိတ် ဖြစ်မြောက်ရန် ခေါင်းဆောင်အဖြစ် ဆောင်ရွက်စည်းရုံးခဲ့ပြီး ၁၉၄၆-ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ရွှေတိဂုံကုန်းတော်ပေါ်တွင် ပုလိပ်သပိတ် မှောက်ခဲ့သည်။ ၎င်းနေ့မှ စ၍ လူထုပုလိပ်၊ လူထုရဲဟု စတင်ခေါ်တွင်လာကြသည်။

ပင်လုံညီလာခံ

ပြင်ဆင်ရန်

သခင်ဝတင်သည် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံသို့ တက်ခဲ့သည်။ ဖဆပလအဖွဲ့ လက်အောက်ရှိ အလုပ်သမား၊ လယ်သမား၊ စီးပွားကုန်သွယ်ရေး၊ လူငယ်အဖွဲ့ အားလုံးကို ခေါင်းဆောင်၍ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ချင်းပြည်နယ်သို့ ချင်းဗမာ စည်းရုံးရေး၊ ချစ်ကြည်ရေးအတွက် ချင်းပြည်နယ် တောင်ပိုင်း ညီလာခံ (ထီးလင်းမြို့တွင် ကျင်းပပြုလုပ်သည်။ )သို့ ဒီးဒုတ်ဦးဘချိုနှင့်အတူ တက်ရောက်ခဲ့သည်။ သခင်ဝတင်သည် ဖဆပလ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးအဖွဲ့တွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ဖဆပလအစိုးရ အခြေခံဥပဒေ ရေးဆွဲရေး ၁၀၁-ဦး ကော်မတီတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသောအခါ ဗိုလ်ချုပ်ရန်ပုံငွေ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

လွတ်လပ်ရေးရပြီး

ပြင်ဆင်ရန်

၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနတွင် အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉-ခု။ ဇန်နဝါရီလတွင် ပြန်ကြားရေးဌာနမှထွက်၍ ဖဆပလအဖွဲ့ချုပ်တွင် ဒုတိယ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ချိန်ထည်းမှာပင် ရန်ကုန်ခရိုင်၊ ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည်။

ထို့နောက် ၁၉၅၁-ခုနှစ်တွင် ၁၉၅၁-ခု ပြည်လုံးကျွတ်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည်။ သို့သော် မိမိကိုယ်တိုင် ပါဝင် အရွေးမခံခဲ့ချေ။ သခင်ဝတင်သည် ၁၉၅၁ ပြည်လုံးကျွတ် ဒုတိယအကြိမ် ရွေးကောက်ပွဲအပြီး မတ်လ (၂)ရက်တွင် နိုင်ငံရေးနယ်ပယ်မှ အနားယူခဲ့သည်။

စာပေရေးရာ

ပြင်ဆင်ရန်

သခင်ဝတင်သည် စာအုပ်စာပေများကိုလည်း ရေးသားခဲ့သူဖြစ်ရာ ရေးသားခဲ့သော စာအုပ်အချို့မှာ

  1. အတုနှင့် အစစ်(၁၉၄၆)
  2. ဒို့ဘာဖြစ်နေကြသလဲ(၁၉၅၀)
  3. လောကနှင့်လူသား(၁၉၈၄)

စသော စာအုပ်များဖြစ်၍ သခင်ဝတင် ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ လူနှင့် တိရစ္ဆာန်အမည်ရှိ စာအုပ်ကို ပါရမီ ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ ၁၉၆၀-၆၁ အတွင်း ထွန်းနေ့စဉ်သတင်းစာ၌ ဗမာပြည် ကျေးဇူးရှင်များ၏ အတွေ့အကြုံ အတွေးအခေါ်များ အမည်ဖြင့် ဆောင်းပါးများလည်း ရေးသားခဲ့သည်။

လူမှုရေး

ပြင်ဆင်ရန်

သခင်ဝတင်သည် လူမှုရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ရန်ပုံငွေ၊ စကောလားရှစ်အဖွဲ့ အဖွဲ့ဝင်လူကြီး၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း နာယက။ ကလေးများရိပ်သာ အကြံပေးကော်မတီဝင်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ မဟာဝိဇ္ဇာကျမ်းပြု နှုတ်ဖြေစာမေးပွဲ ပြင်ပစာစစ်မှူး စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

ဂုဏ်ထူးဆောင်ဆု

ပြင်ဆင်ရန်

သခင်ဝတင်သည် ၁၉၈၀-ပြည့်နှစ်တွင် အစိုးရ အမိန့်အမှတ် ၅၁/၈၀ ဖြင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်)ကို ချီးမြှင့်ခံရသည်။ နိုင်ငံဂုဏ်ရည် ချီးမြှင့်ငွေ၊ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနှင့် လစဉ်ချီးမြှင့်ငွေတို့ကို ငွေစုဘဏ်၌ ပြန်လည်စုဆောင်းထားပြီး မိမိဇာတိ သဲကုန်းမြို့နယ်ရှိ မူလတန်း ကျောင်းကလေးများ၊ ရန်ကုန်ရှိ ချို့တဲ့သော မူလတန်းကျောင်းကလေးများအတွက် စာအုပ်နှင့် စာရေးကိရိယာများ နှစ်စဉ်ဝယ်ယူ လှူဒါန်းခဲ့သည်။ ထို့ပြင် ငွေကို ပြည်ခရိုင်အသင်း(ခေတ္တရာအသင်း)၊ သဲကုန်းမြို့နယ်အသင်းတို့၏ ပညာရေးရန်ပုံငွေအတွက်လည်း ထည့်ဝင်လှူဒါန်းခဲ့သည်။ မိမိအတွက် ထုတ်ယူသုံးစွဲခြင်း မပြုချေ။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့အဖြစ် ချီးမြှင့်သော ခံစားခွင့်ပြုသည့် ရုပ်မြင်သံကြားစက် ဝယ်ယူခွင့်၊ မော်တော်ကား ဝယ်ယူခွင့်တို့ကိုလည်း မခံစားခဲ့ချေ။

သခင်ဝတင်သည် ဒေါ်ဒွန်းမေနှင့် အကြောင်းပါခဲ့ပြီး သားသမီး ငါးယောက် ထွန်းကားခဲ့သည်။ ထို့နောက် ဒေါ်ဒွန်းမေ ဆုံးပါးသွားခဲ့ရာ ၁၉၄၈-ခုတွင် ဒေါ်ခင်နန်းမြနှင့် အိမ်ထောင်ပြုပြီး သားသမီး လေးယောက် ထွန်းကားခဲ့သည်။

ဘဝနိဂုံး

ပြင်ဆင်ရန်

နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရ၊ မြန်မာနိုင်ငံ အကျိုးကို တစ်တတ်တစ်အား စွမ်းဆောင်သယ်ပိုးခဲ့သော သခင်ဝတင်သည် ၁၉၈၉-ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီး ဇနီးဒေါ်ခင်နန်းမြနှင့် သားသမီး မြေးများ ကျန်ရစ်ခဲ့သည်။

  1. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)