ပိဋကတ်တော်၌ တိဿဟူသော အမည်ဖြင့် ပုဂ္ဂိုလ်အစားစား ရှိသော်လည်း တိဿဟူသော အမည်ဖြင့် ရဟန်းဖြစ်ကြသူများကို ပိဋကတ်ဝတ္ထုလမ်းညွှန်၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။ [၁]

တိဿတ္ထေရဝတ္ထု-၁ ပြင်ဆင်ရန်

ဤဝတ္ထု၌ တိဿသာမဏေဥပဇ္ဈာယ်ဆရာသည် တိဿကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူစဉ် စိတ္တလတောင်သို့ တိဿသာမဏေနှင့် အတူကြွကာ ထိုစိတ္တလတောင်၌ လိုဏ်ကျောင်း ပြုလုပ်စေပုံ၊ တိဿသာမဏေသည် သံယုတ္တနိကာယ် ကျက်မှတ်မှု, တောင်လိုဏ်ခေါင်းသုတ်သင်မှု, တေဇောကသိုဏ်း အားထုတ်မှုတို့ကို ပြုလုပ်ခဲ့ပုံ၊ ထို့နောက်် တိဿသာမဏေသည် ဥတုသပ္ပာယမျှတမှုကို ရ၍ ထိုလိုဏ်ဂူ၌ပင် ရဟန္တာဖြစ်ခဲ့ပုံ၊ ပရိနိဗ္ဗာန်ပြုသောအခါ သူ၏ ဓာတ်တော်များကို စေတီအဖြစ် တည်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၂]

တိဿတ္ထေရဝတ္ထု-၂ ပြင်ဆင်ရန်

ဤဝတ္ထု၌ ဤနေ့မှ (၄)ရက်လွန်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော့မည်ဟု သိရသဖြင့် အခြားရဟန်းတို့ ငိုယိုပူဆွေး နေကြသော်လည်း တိဿရဟန်းမှာမူ ဘုရားရှင်အား ပူဇော်ရန် အပြင်းအထန် ကမ္မဋ္ဌာန်းတရား အားထုတ်နေသောကြောင့် ဘုရားရှင်က သာဓုခေါ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၃]

တိဿတ္ထေရဝတ္ထု-၃ ပြင်ဆင်ရန်

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ဗောဓိပင်အောက်၌ အရွက်ဟောင်းတို့ကို သယ်ထုတ်၍ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့၌ ဘုရားဘထွေးတော်၏သား တိဿ ဖြစ်လာ၍၊ ရဟန်းပြုပြီးနောက် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၄]

တိဿတ္ထေရဝတ္ထု-၄ ပြင်ဆင်ရန်

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား စန္ဒကူးသားဖြင့် အင်းပျဉ်ပြုလုပ်၍ လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရောရုဝမြို့တွင် မင်းမျိုး၌ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၅]

တိဿတ္ထေရဝတ္ထု-၅ ပြင်ဆင်ရန်

ဤဝတ္ထု၌ တိဿမထေရ်အလောင်းသည် နိရောဓသမာပတ်ဝင်စားတော်မူသော ပိယဒဿီဘုရားရှင်အား အင်ကြင်းပန်းခိုင်တို့ဖြင့် ခုနစ်ရက်ပူဇော်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ တိဿအမည်ဖြင့် ပုဏ္ဏားဆရာကြီးဖြစ်၍ အခြံအရံလာဘ်ပေါများပုံ၊ မြတ်စွာဘုရားကို ဖူးမြော်ရသဖြင့် ကြည်ညိုကာ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၆]

တိဿတ္ထေရဝတ္ထု-၆ ပြင်ဆင်ရန်

ဤဝတ္ထု၌ သီဟိုဠ်ကျွန််းတွင် ဗြဟ္မဏတိဿခိုးသူဘေးကြီး ဆိုက်ရောက်နေစဉ် မဟာတိပိဋကမထေရ်က မဟာရက္ခိတမထေရ်အား စတုနိကာယိကတိဿမထေရ်ထံ၌ မဟာနိဒ္ဒေသကျမ်းကို သင်ယူရန် ပြောဆိုတိုက်တွန်းပုံ၊ မဟာရက္ခိတမထေရ်က ‘‘တိဿမထေရ်သည် သီလမစင်ကြယ်သဖြင့် မသင်ယူလိုကြောင်း’’ ပြန်လည် လျှောက်ထားပုံ၊ မဟာတိပိဋကမထေရ်က ‘‘ငါသည် သင်၏ အနီး၌ ထိုင်နေပြီး စောင့်ရှောက်ပေးပါမည်၊ သင်ယူပါ’’ဟု ဆိုသဖြင့် တိဿမထေရ်ထံ၌ မဟာနိဒ္ဒေသကို သင်ယူပုံ၊ သင်ယူမှုပြီးဆုံးသောနေ့၌ တိဿမထေရ်၏ ညောင်းစောင်းအောက်၌ မိန်းမတစ်ယောက်ကို တွေ့မြင်ရပုံ၊ ထိုသို့ပင် ဖြစ်သော်လည်း တရားတော်ကို ချီးမြှောက်သည့်အနေဖြင့် သင်ယူသင့်ကြောင်း ဖွင့်ဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၇]

တိဿတ္ထေရဝတ္ထု-၇ ပြင်ဆင်ရန်

ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အသောကမင်းကြီး၏ညီ အိမ်ရှေ့မင်း ဖြစ်ခဲ့ပုံ၊ သူသည် တစ်နေ့တွင် တော၌ သားသမင်များ ပျော်မြူးနေသည်ကို တွေ့ရ၍ စားကောင်းသောက်ဖွယ်များကို သုံးဆောင်နေရသော ရဟန်းတော်များသည်လည်း အလားတူ ဖြစ်မည်ဟု မိမိ၏ အကြံကို မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက ၎င်းအား ထီးနန်း(၇)ရက်အပ်၍ ထိုရက်ကျော်လျှင် သတ်မည်ဟု ဆုံးမသည်ကို အကြောင်းပြု၍ သာသနာတော်ကို ကြည်ညိုလာပုံ၊ ယောနက မဟာဓမ္မရက္ခိတ မထေရ်ထံတွင် ရဟန်းပြုခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ [၈]

တိဿတ္ထေရဝတ္ထု-၈ ပြင်ဆင်ရန်

ဤဝတ္ထု၌ ဒေဝီလရသေ့နှင့် နာရဒရသေ့တို့ ဇရပ်တစ်ခုတွင် တည်းခိုရာ ညအခါ တံခါးပေါက်အလယ်၌ အိပ်နေသော ဒေဝီလရသေ့၏ ဆံကျစ်ကို နာရဒရသေ့က မတော်တဆ နင်းမိပုံ၊ နာရဒရသေ့က တောင်းပန်သော်လည်း ဒေဝီလရသေ့ မကျေအေးနိုင်ဘဲ ကျိန်ဆိုပုံ၊ မင်းနှင့်တကွ တိုင်းသူပြည်သားတို့က ဒေဝီလရသေ့ကို ဝိုင်းဝန်းတောင်းပန်ခိုင်းသော်လည်း မရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၉]

တိဿတ္ထေရဝတ္ထု-၉ ပြင်ဆင်ရန်

ဤဝတ္ထု၌ တိဿရဟန်းသည် သင်္ကန်းသစ်ကို ရရှိသဖြင့် လွန်စွာ နှစ်သက်အားရ ကျေနပ်လျက် ထိုသင်္ကန်းအသစ်ကို သင်္ကန်းတန်းပေါ်၌ တင်ထားစဉ် အစာမကြေရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး သင်္ကန်းအသစ်အပေါ် စွဲလမ်းမှုတဏှာကြောင့် သင်္ကန်းခေါက်အတွင်း၌ သန်းကြီးတစ်ကောင် ဖြစ်ခဲ့ပုံ၊ ရဟန်းတော်များ သင်္ကန်းဝေဖန်မှု ပြုသောအခါ ‘မိမိသင်္ကန်းကို ရဟန်းတော်များ လာရောက်လုယက်နေကြသည်’ဟု အော်ဟစ်မြည်တမ်းလျက် ဟိုဟိုသည်သည် ပြေးသွားနေပုံ၊ သန်း၏ အော်မြည်သံကို ဘုရားရှင် ဒိဗ္ဗသောတဖြင့် ကြားရပြီး တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက်တိုင်တိုင် မကိုင်ဘဲ ထားရန် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၁၀]

တိဿတ္ထေရဝတ္ထု-၁၀ ပြင်ဆင်ရန်

ဤဝတ္ထု၌ သာဝတ္ထိမြို့သား တိဿသူကြွယ်သည် ငွေကုဋေလေးဆယ်ကို စွန့်၍ ရဟန်းပြုခဲ့ပုံ၊ ခယ်မက ခိုးသားငါးရာတို့အား ငွေပေး၍ မထေရ်ကို အသတ်ခိုင်းခဲ့ပုံ၊ ခိုးသူတို့ထံ တစ်ညတာ ခွင့်ပေးပါရန် တောင်းပန်ပြီး ခိုးသူတို့ ယုံကြည်စေရန် ပေါင်နှစ်ဖက်ကို ကျောက်ခဲကြီးဖြင့် ထုချိုးပုံ၊ တစ်ညလုံး ပြင်းထန်သော ဝေဒနာကို ဝိပဿနာရှုပွားရာ အရုဏ်တက်ချိန်၌ ရဟန္တာဖြစ်ခဲ့ပုံ၊ ရာဂတန်းလန်းနှင့် သေရမည်ကို ကြောက်ရွံ့စက်ဆုပ်ပါကြောင်း ဥဒါန်းကျူးရင့်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ [၁၁]

တိဿတ္ထေရဝတ္ထု-၁၁ ပြင်ဆင်ရန်

ဤဝတ္ထု၌ လေဏဂိရိတောင်နေ တိဿမထေရ်သည် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်ခဲ့ပုံ၊ အမြတ်ဆုံးဘဏ္ဍာပူဇော်ပွဲကို ဘုရင်မင်းမြတ် ဦးစီး၍ ကျင်းပရာ အမွန်မြတ်ဆုံး အဝတ်အထည်နှစ်ခုကို သက်ကြီးဝါကြီး မထေရ်များအား လှူဒါန်းရန် ရည်မှန်းထားပုံ၊ ထေရ်စဉ်ဝါလိုက် ပေးလှူသောအခါ ထိုအထည်နှစ်ခုတို့သည် မထေရ်ကြီးများ လက်ထဲသို့ မရောက်လာဘဲ မထေရ်ငယ်ဖြစ်သော တိဿမထေရ်သာ ရရှိပုံ၊ ဤကဲ့သို့ ရရှိခြင်းမှာ လောကုတ္တရာတရားထူး ရရှိခဲ့ခြင်းကြောင့် မဟုတ်ဘဲ သာရဏီယကျင့်ဝတ်ကို (၁၂)နှစ် ဖြည့်ကျင့်ခဲ့ခြင်းကြောင့် ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ [၁၂]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

အခြား တိဿအမည်ရှိသော ရဟန်းတော်များ

ကိုးကား ပြင်ဆင်ရန်

  1. ♦ပိဋကတ်ဝတ္ထုလမ်းညွှန် (ဓမ္မဗိမာန် ပညာရှင်များ)
  2. (မ၊ဋ္ဌ၊၁၊၃၉၅)
  3. (ဓမ္မ၊ဋ္ဌ၊၂၊၁၇၃)
  4. (ထေရ၊ဋ္ဌ၊၁၊၁၃၁)
  5. (ထေရ၊ဋ္ဌ၊၁၊၂၅၂)
  6. (ထေရ၊ဋ္ဌ၊၁၊၃၄၆)
  7. (ဝိ၊ဋ္ဌ၊၂၊၂၇၄)
  8. (ဝိ၊ဋ္ဌ၊၁၊၄၁)
  9. (ဓမ္မ၊ဋ္ဌ၊၁၊၂၅)
  10. (ဓမ္မ၊ဋ္ဌ၊၂၊၂၁၈)
  11. (ဒီ၊ဋ္ဌ၊၂၊၃၃၉) (မ၊ဋ္ဌ၊၁၊၂၃၈) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၆) (အံ၊ဋီ၊၁၊၈၆)
  12. (မ၊ဋ္ဌ၊၂၊၂၉၅) (သာရတ္ထ၊ဋီ၊၃၊၄၆၂)