တောကြက် ဖိုမ

ဇီဝ‌ဗေဒအလိုအရ ‌တောကြက်ကို ‘ဂဲလက်ဂဲလပ်’ဟု‌ခေါ်၏။ ယင်းသည် ‘ဖာစီအာနီဒီ’ မျိုးရင်း တွင်ပါဝင်သည်။ ‌တောကြက်သည် အလွန်ပါးနပ်‌သော ကြက်ရိုင်းမျိုးဖြစ်သည်။ ကြက်ဖသည် အမြီးအပါအဝင် ၂၆ လက်မမှ ၂၈ လက်မခန့်အထိရှည်၍ ကြက်မသည် ၁၇ လက်မခန့်ရှည်သည်။ ‌တောကြက်ပျံသန်း သည့်အခါ၌ အမြီးအထက်ရှိ အဖြူကွက်များကို ထင်ရှားစွာ မြင်နိုင်သည်။ ဦး‌ခေါင်းထိပ်ရှိ နီ‌တွေး‌သောအ‌မောက်မှလွဲ၍ တကိုယ်လုံးသည် မည်းပြာ‌ရောင်ဖြစ်‌နေသည်ဟု ထင်မှတ်ရသည်။

‌တောကြက် အဖိုအမတို့၏အသံသည် အိမ်ကြက်များ၏ အသံနှင့်တူ၏။ သို့‌သော် ကြက်ဖတွန်သံသည် တို၍ ပြတ်‌တောင်း‌တောင်းဖြစ်သည်။ ‌တောကြက်ကို အများအားဖြင့် ကျွန်း‌တောများတွင် ‌တွေ့ရသည်။ မိုးတွင်း၌ ‌တောနက်ရာသို့ ‌ရွှေ့‌ပြောင်း‌လေ့ရှိကြ၍ ‌ဆောင်းရာသီတွင် စပါးစိုက်သည့် လယ်‌တောနှင့်နီး‌သော ‌တောစပ်များသို့ ‌ရွှေ့‌ပြောင်းလာပြန်သည်။ စပါးရိတ်ပြီးချိန်တွင် နံနက်‌စော‌စောနှင့် ‌နေ့ခင်းပိုင်း၌ စပါးပင် ငုတ်တိုများကြားသို့ လာ‌ရောက်ကျက်စားသည်။ ‌တောကြက်သည် ပူအိုက်‌သော‌နေ့လယ်အခါတွင် အနီး အနားရှိ ချုံဖုတ်ထဲတွင် ခို‌အောင်း‌နေတတ်သည်။ ယင်း၏ အစာမှာ အသီးအနှံနှင့် ပိုး‌ကောင်များဖြစ်သည်။ ကြက်ဖတစ်‌ကောင်သည် ကြက်မ ၄၊ ၅ ‌ကောင်နှင့် အုပ်ဖွဲ့၍ ‌နေတတ် သည်။ ဝါး‌စေ့ကို အလွန်နှစ်သက်သဖြင့် ဝါး‌စေ့‌ပေါ‌သော‌နေရာ များတွင် အုပ်လိုက်‌တွေ့နိုင်သည်။

မတ်လမှ‌ မေလအတွင်း ‌တောကြက်ငယ်များ ဥမှ‌ပေါက်ကြသည်။ တစ်ခါတစ်ရံ ‌အော်တိုဘာလတွင် ‌တောကြက်ဥများများကို ‌တွေ့ရတတ်သဖြင့် တစ်နှစ်ပတ်လုံး အချိန်မ‌ရွေးဥသည်ဟု ယူဆရသည်။ ဥများကို ဝါးရုံ၊ ချုံဖုတ်များအကြား ‌မြေပြင်နှင့် ‌ပေအနည်းငယ်အကွာတွင် အုထား‌လေ့ရှိသည်။ တစ်မြုံလျှင် ၅ ဥမှ ၆ ဥ အထိရှိတတ်သည်။ ကြက်မများကသာ ဥများကို သား‌ပေါက်ရန်ဝပ်‌ပေးကြသည်။ သား‌ပေါက်ရန် ရက်‌ပေါင်း ၂၀ ခန့်ကြာတတ်သည်။

‌တောကြက်ကို အ‌ရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား ‌တွေ့ရ ၏။ အိမ်ကြက်သည် ‌တောကြက်မှ ဆင်းသက်‌ပေါက်ပွား လာသည်ဟု ထင်ရပေသည်။

မြန်မာနိုင်ငံတစ်ဝှန်းလုံး တွင် ‌တောကြက်ကို‌တွေ့ရ၏။ ‌တောကြက်ကို ‌ပေ ၅၀⁠၀၀ အမြင့်အထိရှိ‌သော အရပ်တို့၌ပင်‌တွေ့ရသည်။ ယင်းထက်မြင့်ရာ အရပ်တို့တွင်မူကား မ‌တွေ့ရတော့‌ချေ။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)