ထရီဗီ လီ
ထရီဗီလီ (Trygve Halvdan Lie) (၁၆.၇.၁၈၉၆ - ၃၀.၁၂.၁၉၆၈) သည် နော်ဝေးလူမျိုး နိုင်ငံရေးသမား၊ အလုပ်သမားခေါင်းဆောင်၊ အစိုးရအရာရှိ နှင့် စာရေးဆရာ တစ်ယောက် ဖြစ်သည်။ ၁၉၄၀-၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီးအတွင် နော်ဝေး ပြည်ပြေးအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး အဖြစ် လန်ဒန်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၆ မှ ၁၉၅၂ အတွင်း သူသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ပထမဦးဆုံးသော အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းခဲ့သည်။ [၁]
ထရီဗီ လီ | |
---|---|
ပထမဆုံး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် | |
တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၁၉၄၆ – ၁ဝ နိုဝင်ဘာ ၁၉၅၂ | |
ယခင်လူ | ဂေါ်လ်ဒွင်ဂျက်ဘ် (ယာယီ) |
ဆက်ခံသူ | ဒက်ဟမ်းမားရှိုး |
နိုင်ငံခြားရေးဝန်ကြီး (နော်ဝေး) | |
တာဝန်သက်တမ်း ၁၉ နိုဝင်ဘာ ၁၉၄ဝ – ၂ ဖေဖော်ဝါရီ ၁၉၄၆ | |
ယခင်လူ | Halvdan Koht |
ဆက်ခံသူ | Halvard Lange |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Trygve Halvdan Lie ၁၆ ဇူလိုင်၊ ၁၈၉၆ အော့စလိုမြို့၊ နော်ဝေးနိုင်ငံ |
ကွယ်လွန် | ၃၀ ဒီဇင်ဘာ၊ ၁၉၆၈ ဂေလိုမြို့၊ နော်ဝေးနိုင်ငံ | (အသက် ၇၂)
လူမျိုး | နော်ဝေးလူမျိုး |
နိုင်ငံရေးပါတီ | Norwegian Labour Party |
သားသမီး | Sissel, Guri, Mette |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန်ဘာသာ[ကိုးကားချက်လိုသည်] |
လက်မှတ် |
ထရီဗီလီသည် နော်ဝေးနိုင်ငံအော့စလိုမြို့၌ ၁၈၉၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင်ဖွားမြင်သည်။ သူ၏ဖခင်မှာလက်သမား ဆရာတစ်ဦးဖြစ်၏။ ထရီဗီလီသည် နော်ဝေအလုပ်သမားပါတီ ဌာနချုပ်တွင် ရုံးစေတစ်ဦးအဖြစ် လုပ်ကိုင်ရင်း ကျောင်းနေခဲ့ရသည် ဟုဆိုသည်။ သို့သော် သူသည် ကျောင်းတွင် လူချွန်လူမွန်တစ် ယောက်ဖြစ်ရုံမက ဘောလုံးသမားကောင်းတစ်ယောက်လည်းဖြစ်ခဲ့ ၏။ ငယ်စဉ်ကပင် နိုင်ငံရေး၌ စိတ်ဝင်စားခဲ့၍ ၁၆ နှစ်သားအရွယ် မှစ၍ အလုပ်သမားအရေးများတွင် ပါဝင်ဆောင် ရွက်ခဲ့သည်၊ သူ့အားခင်မင်သော ဆရာတစ်ယောက်က အားပေးကူညီ ထောက်ပံ့သဖြင့် အော့စလိုတက္ကသိုလ်သို့ ဝင်ရောက်ကာ ဥပဒေ ပညာသင် ကြားခဲ့ရလေရာ ၁၉၁၉ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ ရရှိခဲ့လေသည်။
တက္ကသိုလ်မှထွက်လျှင် နော်ဝေအလုပ်သမားအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၂၂ ခုနှစ်တွင် နော်ဝေနိုင်ငံ စီးပွားကုန်သွယ်ရေး သမဂ္ဂတွင် ဥပဒေအကြံပေးဖြစ်လာသည်။ ၁၉၃၅ ခုနှစ်တွင် နော်ဝေ အလုပ်သမားအဖွဲ့ အမျိုးသားကောင်စီ၏ အရေးပါသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာလေသည်။ ၁၉၃၉ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးဌာနဝန်ကြီး အဖြစ် ခေတ္တဆောင်ရွက်ခဲ့ရသည်။ ထိုစဉ်က ရိက္ခာနှင့် အခြားလိုအပ်သော ပစ္စည်းများကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း နော်ဝေနိုင်ငံသည် ဖူလုံစွာရရှိနိုင် ရန်အတွက် သိုမှီးစုဆောင်းရန်ကြိုးပမ်းခဲ့ပေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ဂျာမန်စစ်တပ်များ နော်ဝေနိုင်ငံကို တိုက်ခိုက်သောအခါ ရိက္ခာအလုံ အလောက် ရှိနေခဲ့သော်လည်း ယင်းတို့ကိုအသုံးပြု၍ ဂျာမန်တို့ကို ခုခံတိုက် ခိုက်မည့် စစ်သားအလုံအလောက်မရှိ ဖြစ်ခဲ့ရလေသည်။ ထို့နောက်တွင် နော်ဝေစစ်ပြေးအစိုးရနှင့်အတူ ဗြိတိန်နိုင်ငံသို့ လိုက်ပါခဲ့ရ လေသည်။ ဗြိတိန်နိုင်ငံ၌ ဖွဲ့စည်းသော စစ်ပြေးအစိုးရအဖွဲ့တွင် ထရစ်ဂဗီလီးသည် ထောက်ပံ့ရေးနှင့် သင်္ဘောတင်ဆောင်ရေးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က တစ်ဘက်တွင် ဗြိတိန်နှင့် နော်ဝေနိုင်ငံတို့ ချစ်ကြည်စွာ ဆက်ဆံရေးကိုလည်းကောင်း၊ အခြားတစ်ဘက်တွင် ဆိုဗီယက် ရုရှနှင့် နော်ဝေနိုင်ငံတို့ ရင်းနှီးစွာ ဆက်ဆံရေးကိုလည်းကောင်း ကြိုးစားအောင်မြင်ခဲ့လေသည်။ ဗြိတိန်နိုင်ငံ၌ နေထိုင်စဉ် ဗြိတိသျှဆိုရှယ်လစ် ခေါင်းဆောင်များနှင့်သာမက ထိုအခါက နိုင်ငံခြားရေးအတွင်းဝန်ဖြစ်သော မစ္စတာအန်ထော်နီ အီဒင်နှင့်လည်း ရင်းနှီးသောမိတ်ဆွေ ဖြစ်ခဲ့လေသည်။
စစ်အပြီး တွင် ပြုလုပ်သော ကုလသမဂ္ဂ ဆန်ဖရန်ဆစ္စကိုညီလာခံသို့ နော်ဝေကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ရာ တိုင်းငယ် ပြည်ငယ်များမှ တက်ရောက်သော ကိုယ်စားလှယ် များတွင် အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့လေသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အထူးအခွင့်အရေး အပ်နှင်းသည့် စာချုပ်ကြီးကို ရေးဆွဲခဲ့သော ကော်မရှင်အဖွဲ့၏ သဘာပတိအဖြစ် လည်း ဆောင်ရွက်ခဲ့၏။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထပ်မံခန့်ထားခြင်းခံရပြီးနောက် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က လန်ဒန်မြို့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေ လွှတ်တော်ကြီး၏ ပထမညီလာခံသို့ တက်ရောက်ခဲ့ရပြန်လေသည်။ ထို ညီလာခံက ထရစ်ဂဗီလီးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့လေသည်။ ထိုသို့ ရွေးကောက်တင်မြှောက်ခြင်း ခံရသဖြင့် ကုလသမဂ္ဂ၏ဌာနချုပ်ရုံးတွင် အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။ ထိုသို့ဖြစ်လာသည်နှင့်အမျှ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး တည်မြဲရန်အတွက် ကြီးလေးလှသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရသူဖြစ်၏။ ပါတီများနှင့် နိုင်ငံများဆက်ဆံရေးကို ပြေပြစ်အောင် စွမ်းဆောင ်နိုင်သည့် အရည်အချင်းများ ရှိသူဖြစ်သည့်အတိုင်း တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့လေသည်။
ထရစ်ဂဗီလီးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ် အရွေးခံခဲ့ရ၏။ ပထမအကြိမ် အရွေးခံရစဉ်က ရုရှား၏ထောက်ခံ ချက်ကို ရရှိခဲ့သော်လည်း ဒုတိယအကြိမ် (၁၉၅၁) တွင်မူ ကိုရီးယားအရေးနှင့် စပ်လျဉ်း၍ ရုရှားတို့က ကန့်ကွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ထရစ်ဂဗီလီးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်မှ နုတ်ထွက်သည်။ လက်နက် နိုင်ငံကြီး ငါးခုစလုံး၏ တညီတညွတ်တည်း ထောက်ခံသဘောတူမှုကို ရရှိသူသာလျှင် ကိုရီးယား၌ စစ်ရပ်စဲရေးကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည် သောကြောင့် ဤသို့ နုတ်ထွက်နေရာဖယ်ပေးခြင်းဖြစ်၏။ ထို့နောက် မိမိ နိုင်ငံသို့ပြန်၍ အော့စလိုနှင့် အကာရှပ်ဘုရင်ခံ အဖြစ် ထမ်းဆောင်လေသည်။ ထရစ်ဂဗီလီးသည် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ကွယ်လွန်သည်။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ About Trygve Lie (Trygve Lie Gallery)။ 19 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2011 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- Gaglione, Anthony (2001) The United Nations under Trygve Lie, 1945-1953 (The Scarecrow Press, Inc.) ISBN 978-0810836983
- Barros, James (1989) Trygve Lie and the Cold War: The UN Secretary-General Pursues Peace, 1946-1953 (Northern Illinois Univ Press) ISBN 978-0875801483
- Trygve Lie Gallery in New York City Archived 30 September 2011 at the Wayback Machine.
- Trygve Lie Plaza in New York City
- Trygve Lie Symposium