ဦးထွန်းဖေ သည် မိတ္ထီလာခရိုင်မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာ ဇာတိဖြစ်၍ ၁၂၆၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် (၁၉၀၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်) နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ မြေတိုင်းစာရေး၊ ရိုးကန်ရွာ အထူးအာဏာရ တရားသူကြီး ဦးဘိုးလှ ဖြစ်၍၊ မိခင်မှာ ဒေါ်နန်းအေး ဖြစ်သည်။

ဦးထွန်းဖေသည် မိတ္ထီလာ အေဘီအမ်ကျောင်းတွင် စတင် ပညာ ဆည်းပူးသည်။ ၁၉၁၈ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာနုဂ္ဂဟကျောင်းမှ ဆယ်တန်း အောင်မြင်သည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် ဆက်လက် ပညာ ဆည်းပူးပြီး ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်သော ပထမ တက္ကသိုလ် သပိတ်တွင် ခေါင်းဆောင် တဦး အဖြစ် ပါဝင်သည်။ သပိတ် ခေါင်းဆောင် ၂၆ ဦး ကော်မတီတွင် ကော်မတီဝင် တဦးအဖြစ် ရွေးချယ်ခံရသည်။

၁၉၂၁ ခုနှစ်တွင် ရွှေဘိုမြို့ အမျိုးသမီးကျောင်း၊ ဘိုကလေးမြို့ အမျိုးသား ကျောင်းတို့တွင် ကျောင်းဆရာ အဖြစ် အမှုထမ်းသည်။ ဦးထွန်းဖေသည် ၁၉၂၂ ခုနှစ်တွင် သတင်းစာ လောကသို့ စတင် ဝင်ရောက်သည်။ ဘားမားအော့ဗဇာဘား အင်္ဂလိပ် သတင်းစာတွင် သတင်းထောက်၊ မြန်မာ့အလင်း သတင်းစာတွင် နေ့စား သတင်းထောက် အဖြစ် ဆောင်ရွက်သည်။ ဂျီစီဘီအေ နှစ်ခြမ်းကွဲသည့် အချိန်တွင် သတင်း အရေးကောင်းသည့် အတွက် သူရိယ ဦးလှဖေက ခေါ်ယူပြီး၊ သူရိယသတင်းစာတွင် သတင်းထောက် အဖြစ် ခန့်ထားသည်။ ဦးထွန်းဖေသည် သူရိယ သတင်းစာတွင် သတင်းထောက်၊ သတင်းထောက်ချုပ်၊ ညအယ်ဒီတာ ဟူ၍ တာဝန် အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။ 'မောင်' ဟူသော ကလောင် အမည်ဖြင့်လည်း စာပေ ဝေဖန်ရေး ဆောင်းပါးများ ရေးသားခဲ့သည်။

ဦးထွန်းဖေ၏ အမှတ်တရ လုပ်ဆောက်ချက် တခုမှာ လယ်သမား ခေါင်းဆောင်ကြီး ဆရာစံ မကွယ်လွန်မီ ထောင်ထဲတွင် တွေ့ဆုံ ညှိနှိုင်းပြီး ဆရာစံ၏ ဆေးကျမ်းများမှ ရသော စာမူခဖြင့် ဆိုရှယ်လစ် ဝါဒ ဆိုင်ရာ စာအုပ်များ ဝယ်ယူ၍ ဆရာစံ ပိဋကတ်တိုက် ကို တည်ထောင်ခြင်း ဖြစ်သည်။ ဦးထွန်းဖေ ကိုယ်တိုင်လည်း ဆိုရှယ်လစ်ဝါဒ ဆိုင်ရာ စာအုပ်များကို မြန်မာဘာသာ ပြန်ဆိုခဲ့သည်။

၁၉၃၄ ခုနှစ်တွင် မြန်မာ့နေ့စဉ် အယ်ဒီတာ အဖြစ် ဆောင်ရွက်ပြီး၊ ဂျပန်ခေတ် ၁၉၄၂ ခုနှစ်က စ၍ ဗမာ့ခေတ် သတင်းစာ အယ်ဒီတာချုပ် အဖြစ် ၁၉၄၆ ခုနှစ် အထိ ဆောင်ရွက်သည်။ ၁၉၄၃ ခုနှစ်တွင် တိုကျို၌ ကျင်းပသော မဟာ အရှေ့အာရှတိုက် သတင်းစာ ညီလာခံသို့ တက်ရောက်ခဲ့သည်။

စစ်ပြီးချိန်တွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ၁၉၄၆ ခုမှ ၁၉၄၈ ခု အထိ ဆောင်ရွက်သည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ဗြိတိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုသို့ သတင်းစာ ကိုယ်စားလှယ် အဖြစ် သွားရောက်ရသည်။

ဦးထွန်းဖေသည် ၁၉၄၇ ခုနှစ်တွင် ဥပဒေပြု လွှတ်တော်သို့ ဟင်္သာတ အနောက်ပိုင်းမှ လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၄၈ ခုနှစ်မှ စ၍ ပြန်ကြားရေး ဝန်ကြီး၊ သာသနာရေး ဝန်ကြီး၊ ယဉ်ကျေးမှု ဝန်ကြီး တာဝန်များကို ယူခဲ့ပြီး ၁၉၅၃ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီး အဖွဲ့မှ နုတ်ထွက်သည်။

၁၉၅၃ ခုနှစ်၊ အောက်တိုဘာလတွင် ထွန်းနေ့စဉ် သတင်းစာကို စတင် တည်ထောင်ပြီး၊ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သည်။ ၁၉၅၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ကျင်းပသော အရှေ့အာရှ ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားရောက် လေ့လာခဲ့သည်။

၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ပြည်ထောင်စု အစိုးရ ရာထူးဝန် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ပြီး၊ ၁၉၆၉ ခုနှစ်တွင် အငြိမ်းစား ယူသည်။ ဦးထွန်းဖေသည် မြန်မာစာ ကော်မရှင် အဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်သည်။ ၁၉၇၅ ခုနှစ်တွက် ကျရောက်သော အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး၊ အမျိုးသားနေ့ ရွှေရတု သဘင် ပြဇာတ်ကို ရေးသား တင်ဆက်သည်။

ဦးထွန်းဖေသည် ဂျပန်သူလျှိုဆိုဗီယက် ဒီမိုကရေစီ ကိုယ်တွေ့များရပ်စ်ပြူတင် (ပ၊ ဒု) နှင့် တရုတ်ပြည် အတွင်းရေး ရာဇဝင် (ဒေါက်တာ ဆွန်ယက်ဆင် အတ္ထုပ္ပတ္တိ) တို့ကို မြန်မာပြန်ဆိုခဲ့သည်။ ၁၉၃၂ ခုတွင် မြန်မာစာ အတ္ထုပ္ပတ္တိ ကို ပြုစု ထုတ်ဝေခဲ့သည်။ ထိုစာအုပ် ဒုတိယ အကြိမ် ထုတ်ဝေသော အခါ မြန်မာစာ နိဒါန်း ဟု အမည်ပြောင်းခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အဘယ်ကြောင့် မြန်မာစာ မတိုးတက်သနည်း ဟူသော စာအုပ်ကို ထုတ်ဝေ၍ မြန်မာစာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးခဲ့သည်။

ဦးထွန်းဖေသည် ၁၃၃၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့ (၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့) တွင် ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးထွန်းဖေ။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၀၇ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။
  • (၁) ဦးထွန်းဖေ။ မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်။
  • (၂) ဦးထွန်းဖေ။ အဘယ်ကြောင့် မြန်မာစာ မတိုးတက်သနည်း။
  • (၃) မလိခ။ မြန်မာစာပေ အဘိဓာန် ၃။ စာ ၁၁၉ - ၁၂၀။
  • (၄) မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ်၊ ၁၉၇၈။ စာ ၁၈၄ - ၁၈၅။
  • (၅) သတင်းစာ ဆရာကြီး ဦးထွန်းဖေနှင့် သူတို့ အမြင်။