ဓူဝံ (၁၉၀၈- ၁၉၈၉) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် သတင်းစာဆရာကြီးတစ်ဦး ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာအယ်ဒီတာချုပ်အဖြစ် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ယူဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ဦးသန်းတင့် ဖြစ်သည်။ သူသည် ၁၉၅၇ခုနှစ်တွင် ဂွမ်းပုံဝတ္တုရှည်ဖြင့် စာပေဗိမာန်ဆုရရှိခဲ့သည်။ ဝတ္တုနှင့်ဆောင်းပါးများစွာ ရေးသားခဲ့သလို ပြန်ကြားရေးဌါနတွင် ညွှန်ကြားရေးဝန်အဖြစ်လည်း နိုင်ငံ့တာဝန်ကိုထမ်းဆောင်ခဲ့သည်။ မြန်မာ့ခေတ်ဟောင်းရုပ်ရှင်လောက၏ ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများဖြစ်သည့် ရူပမာလာ၊ ဂွမ်းပုံ၊ ညဉ့်ငှက်နှင့် ကောလိပ်ဂျင်နေဝင်းခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သော တယ်တညင်ရုပ်ရှင်ဇာတ်ကားစသော ရုပ်ရှင်ဇာတ်ကားများမှာ စာရေးဆရာဓူဝံ၏ ဝတ္တုများကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။[]

ဓူဝံ
အမည်ရင်းဦးသန်းတင့်
မွေးဖွား၁၊ ၇၊ ၁၉ဝ၈
မြေထဲ အောင်လံမြို့
ကွယ်လွန်၁၉၈၉ ခုနှစ်ဇွန်လ ၁ဝ ရက်
ရန်ကုန်မြို့
ကလောင်အမည်ဓူဝံ၊ လေပွေ၊ နှင်းဆီ၊ ချိန်ခွင်၊ မျက်လုံး၊ ဒေဝေါ
အလုပ်အကိုင်ညွှန်ကြားရေးဝန်၊ သတင်းစာဆရာ၊ စာရေးဆရာ
ပညာရေးဘီအေဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ရရှိသည့်ဆုများစာပေဗိမာန်ဆု
အိမ်ထောင်ဖက်ဒေါ်လှကြည်
သားသမီးသားသမီးသုံးယောက်
မိဘဦးခက် + ဒေါ် မိမိကြီး

ငယ်စဉ်ဘဝ နှင့် ပညာရေး

ပြင်ဆင်ရန်

ဓူဝံ ကလောင်အမည်ခံ စာရေးဆရာ နှင့် သတင်းစာဆရာကြီး ဦးသန်းတင့်ကို မြေထဲ (အောင်လံ) မြို့ ၌အဖ ဦးခက်၊ အမိ ဒေါ်မမကြီးတို့က ၁၉ဝ၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မွေးဖွားသည်၊ မွေးချင်းကိုးယောက်အနက် ဆဋ္ဌမမြောက်သား ဖြစ်သည်။ တောင်ငူမြို့၏ စိန့်လူစ် အထက်တန်းကျောင်း။ မော်လမြိုင်မြို့၏ ရှင်မဟာဘုန်းတော်ကြီးကျောင်းနှင့် အင်းစိန်မြို့အစိုးရအထက်တန်း ကျောင်းတို့တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။

စာပေလောကသို့ဝင်ရောက်

ပြင်ဆင်ရန်

ဓူဝံသည် ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာ့အလင်း သတင်းစာတိုက်၊ နယ်လှည့်သတင်းထောက် အဖြစ်ဆောင်ရွက်၍ သတင်းစာလောကသို့ စတင်ဝင်ရာက်ခဲ့သည်၊ ၁၉၃၁ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ၊ နယ်လှည့် ဓာတ်ပုံ သတင်းထောက်။ ထို၏နောက်တွင် ရန်ကုန်သတင်းထောက်။ ဘာသာပြန် အယ်ဒီတာ။ တာဝန်ခံအယ်ဒီတာနှင့် ထိုမှ တစ်ဆင့် မြန်မာ့အလင်းသတင်းစာအယ်ဒီတာချုပ်အဖြစ် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။၁၉၃၃ ခုနှစ်မှစ၍ ဓူဝံကလောင်အမည်ခံယူကာ ဒဂုန်မဂ္ဂဇင်းတွင် စာစတင်သားခဲ့သည်။

နိုင်ငံ့ဝန်ထမ်း

ပြင်ဆင်ရန်

ဓူဝံသည် ပြန်ကြားရေးဌာန-နယ်လှည့် လူမှုဆက်ဆံရေးအရာရှိ၊ ရုပ်ရှင်နှင့်ပြဇာတ်ဌာန-ဒုတိယညွှန်ကြား ရေးဝန်၊ ညွှန်ကြားရေးဝန် လုပ်ခဲ့ရာမှ နုတ်ထွက်ခဲ့ပြီးသတင်းစာဆရာ စာရေးဆရာဘဝတွင်ကျင်လည်ခဲ့သည်။

စာရေးဆရာဘဝ

ပြင်ဆင်ရန်

၁၉၄၆ ခုနှစ်တွင် တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်၍ အေရှတိုင်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်၊ ၁၉၅၆ ခုနှစ်တွင် ပြည်ထောင်စုသတင်းစာတိုက်ကို တည်ထောင်ပြီး အယ်ဒီတာ ချုပ်တာဝန်ကို ယူခဲ့သည်။ ပြည်ထောင်စုသတင်းစာတွင် ဓူဝ ကလောင်အမည်ဖြင့် အခန်းဆက် ဆောင်းပါးများ ရေးသားရ၌ တစ်ရှိန်ထိုး နာမည်ကြီးလာခဲ့သည်၊ ဓူဝံသည် ၁၉၅၇ ခုနှစ်တွင် ဂွမ်းပုံ ဝတ္ထုရှည်ဖြင့် စာပေဗိမာန်ဆုရရှိခဲ့သည်၊ သည့်နောက်ပိုင်းတွင် စာရေးကျဲ လာခဲ့သော်လည်း ၁၉၈၁ ခုနှစ်ခန့်မှအစပြု၍ ငွေတာရီ၊ မြဝတီ၊ သွေးသောက်၊ စစ်ပြန်၊ ပေဖူးလွှာ မဂ္ဂဇင်းများနှင့် စံပယ်ဦး စာစောင်များတွင်ဝတ္ထုတိုများနှင့် ဆောင်းပါးများစွာကို ကွယ်လွန် ချိန်မ တိုင်မီအထိ အဆက်မပြတ် ရေးသားလာခဲ့သည်၊ ၁၉၈၉ ခုနှစ် ဇူလိုင်လထုတ် စစ်ပြန်မဂ္ဂဇင်းတွင်ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးမှာ ဓူဝံ ၏နောက်ဆုံးလက်ရာ ဖြစ်သည်၊

ရေးသားသော စာအုပ်များ

ပြင်ဆင်ရန်
ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ဂွမ်းပုံ ၁၉၅၇ စာပေဗိမာန်ဆု (ရသစာပေ)
ငါဘယ်သူလဲ
မာလာ
မောင်မောင်လူဆိုးရယ်
မတူမတန် ၁၉၆၈
ကိုးသင်္ချိုင်းသံဓား
သပွတ်အူ ၁၉၆၅ နှလုံးလှ စာပေတိုက် အဂ္ဂါ ဝေါလေ့ ၏ ဖယာင်းလိမ်မှ သဲလွန်စ (The Clue of the Twisted Candle) ကို မှီး
ဇော်ဝင်း
ကြံကြီးစည်ရာ အဂ္ဂါ ဝေါလေ့ ၏ သော့ခုနှစ်လုံးနဲ့ တံခါးပေါက် (The Door with Seven Locks) ကို မှီး
ချစ်သူ့ကျိန်စာ
နယ်လီဝင်း ၁၉၆၂
ရိုစီခင်ဌေး ဆိုရှယ် စာအုပ်တိုက် အဂ္ဂါ ဝေါလေ့ ၏ ကြက်သွေးရောင်စက်ဝန်း (The Crimson Circle) ကို မှီး
မြတ်လေး ၁၉၆၅
မိုက်ခဲထွန်းရွှေ အဂ္ဂါ ဝေါလေ့ (Edgar Wallace) ၏ ဝိုင်းထဲကလူ (The Ringer) ကို မှီး
မိုက်ရူးရဲ
သူ့ကျေးဇူး
မိုက်ခဲထွန်းရွှေ ဝတ္ထုတိုများ
မိုက်ခဲထွန်းရွှေ ပြန်လာပြီ ၁၉၆၆ လျှို့ဝှက်သဲဖို စာပေ အဂ္ဂါ ဝေါလေ့ ၏ ဝိုင်းထဲကလူ ပြန်လာပြီ (Again the Ringer) ကို မှီး
တစ်ကိုယ်တော်
တသက်လုံးဖုံးသမျှ
ပျောက်သောသူ ၁၉၆၃
လူသစ်ကျမ်း
ပန်းနာကျမ်း
ခင်နှင်းဖြူ ဝီလကီ ကောလင်း (Wilkie Collins) ၏ ဝတ်စုံဖြူနဲ့ အမျိုးသမီး (The Woman in White) ကို မှီး
ပြဒါးရှင်

ဘဝနိဂုံး

ပြင်ဆင်ရန်

၁၉၈၉ ခုနှစ်ဇွန်လ ၁ဝ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီး ဒေါ်လှကြည် သည် ၁၉၆၈ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့သည်ဖြစ်ရာ ကွယ်လွန်ချိန်တွင် သားသမီးသုံးယောက် ကျန်ရစ်သည်၊

  1. ဆွေလှိုင်ဦး ဓူဝံ မိုးဝေ တက္ကသိုလ်ယဉ်ယဉ်လဲ့ တက္ကသိုလ်တင်မြင့် ခင်မာသစ် ဝတ္ထုကိုရိုက်သော ရုပ်ရှင်မျာ https://www.youtube.com/watch?v=FDXvkLIyuqs&t=107s
  • စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)