အမှု—အလွန်ကြီးသော နိသီဒိုန် အခင်းကိုဆောင်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

နိသီဒိုန် ခွင့်ပြုတော်မူခြင်း ပြင်ဆင်ရန်

ရဟန်းတို့သည် ထောပတ် ဆီဦးစသည်တို့ဖြင့် ရောစပ်အပ်၍ “မွန်မြတ်သည်”ဟု ဆိုရသော ဆွမ်းတို့ကို ဘုဉ်းပေးပြီးလျှင် ညဉ့်အိပ်ခါနီး၌ တရားဆင်ခြင်မှ (ကမ္မဋ္ဌာန်းနှလုံးသွင်းမှု) မပြုကြဘဲ အမှတ်တမဲ့ အိပ်ကြလေရာ ကာမနှင့် စပ်သော အိပ်မက်-မက်၍ သုက်လွှတ်သောကြောင့် ကျောင်းအိပ်ရာတွေ ညစ်ပေကုန်တော့၏၊ ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်၍ ကြည့်ရှုတော်မူလေရာ ထိုပေနေသော ကျောင်းအိပ်ရာတို့ကို မြင်တော် မူရသောကြောင့် ကိုယ်ကို၎င်း သင်္ကန်းကို၎င်း ကျောင်းအိပ်ရာကို၎င်း မညစ်မပေအောင် စောင့်ရှောက်ခြင်း အကျိုးငှါ နိသီဒိုန်အခင်းကို ခွင့်ပြုတော် မူလေသည်။[၁]

ကြီးကျယ်သော နိသီဒိုန် ပြင်ဆင်ရန်

ထိုသို့ နိသီဒိုန်အခင်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိလောက်အောင် အလွန်ကြီးသော နိုသီချိန်ကို ပြုလုပ်ကြလေသည်၊ ထိုနိသီဒိုန်ကို ညောင်စောင်း-အင်းပျဉ် (ခုဋင် ထိုင်ခုံများ) အပေါ် ခင်းသောအခါ ရှေ့ရောနောက်ပါ တွဲလျားကျနေ၏၊ ထို့နောက် အဝတ် ရှားပါးသော ခေတ်ဖြစ်ရကား ထိုကဲ့သို့ ကြီးကြီးမားမား ပြုခြင်းကိုပင် ရဟန်းအများက ဝိုင်း၍ အပြစ်တင်ကာ ဘုရားရှင်အား လျှောက်ထားလေရာ-ဘုရားအထွာတော်ဖြင့် အလျား ၂-ထွာ, အနံ ၁-ထွာခွဲ ပမာဏ ရှိသော နိသီဒိုန်ကိုပြုစေရမည်”ဟု ပဌမပညတ်တော်မူလေသည်။ [၁]

အနုပညတ် ပြင်ဆင်ရန်

နိသီဒိုန်သည် အတွင်းခံ အဝတ်ကဲ့သို့ ကိုယ်အလယ် ပိုင်းကို ပတ်၍လည်း အသုံးပြုနိုင်, နေရာထိုင်ကဲ့သို့ ခင်း၍လည်း ထိုင်နိုင်ရကား အခါတပါး၌ ခန္ဓာကိုယ်ကြီးမားသော အရှင်ဥဒါယီသည် ဘုရားရှေ့တော်၌ ထိုနီသီဒိုန်ကို ခင်း၍ထိုင်ရာ ကိုယ်မလုံသောကြောင့် နိသီဒိုန်ကို (သားရေ အလုပ်သ္မားသည် သားရေကိုပြန့်ကျယ်အောင် ဆွဲဆန့်သကဲ့သို့) မသိမသာ ဆွဲဆန့်နေလေသည်၊ ထိုအခါကျမှ နိသီဒိုန် အစွန်အနား၌ တထွာလောက် ရှိသော အမြတ်အဆာကို တပ်ဘို့ရာ ထပ်မံခွင့်ပြုတော် မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

နိသီဒနံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကံ ကာရေတဗ္ဗံ, တတြိဒံ ပမာဏံ, ဒီဃသော ဒွေ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒိယဍ္ဎံ, ဒသာ ဝိဒတ္ထိ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

နိသီဒိုန်ကို ပြုစေလိုသော ရဟန်းသည် ပမာဏနှင့် ယှဉ်သော နိသီဒိုန်ကို ပြုစေထိုက်၏၊ နီသီဒိုန်၏ပမာကား-ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၂-ထွာ အနံ ၁-ထွာခွဲ အမြိတ်အဆာ တထွာ ဖြစ်၏ ထိုပမာဏကို လွန်သော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏၊ [ပြုလုပ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၍ သုံးစွဲခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၏၊ သူတပါးထံမှရလျှင် ပမာဏပိုသမျှကို ဖြတ်၍ သုံးစွဲကောင်း၏။ [၁]

မှတ်ချက် ပြင်ဆင်ရန်

နိသီဒိုန်ကို အမြိတ်အဆာ တပ်လိုက်လျှင် (အဝတ်လှမ်းသလို ဖြန့်ချထားသောအခါ ကွဲနေသော အမြိတ်အဆာနှင့်တကွ) ဘောင်းဘီး လှမ်းထားပုံနှင့်တူ၏။ ထိုနိသီဒိုန်ကို ရှေ့ဆီးပုံးဘက်ကထား၍ အဆာ ၂-လွှာကို ခါးတောင်းကြိုက်သလို နောက်သို့ပို့ပြီးလျှင် ကြိုးသေးသေး နှင့် ဆက်စပ်ချည်ထားသောအခါ အတွင်းခံဘောင်းဘီကို ဝတ်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်၊ ထိုနိသီဒိုန်ကိုပင် အဆာ ၂-လွှာကိုအလယ်က ကြိုးနှင့်တွဲ၍ ခင်းသောအခါ နေရာထိုင် ရိုးရိုးကဲ့သို့လည်း ထိုင်စရာ ဖြစ်နိုင်ပြန်၏။ ဆွမ်းစားသောအခါ တပိုင်းကိုခင်း၍ အမြိတ် ၂-ခုကို တင်ပလ္လင်ပေါ် တင်ထားလိုက်လျှင် ဆွမ်းဟင်းအစက်များကိုလည်း ကာကွယ်နိုင်၏။ ထိုကဲ့သို့ ကိုယ်၏ အလယ်ပိုင်းကို ဖုံး၍၎င်း, ခင်း၍၎င်း အသုံးပြုနိုင်သောကြောင့်ပင် ကိုယ်ခန္ဓာနှင့်သင်္ကန်း ကျောင်း အိပ်ရာတို့ကို မညစ်မပေအောင် ခွင့်ပြုတော်မူခြင်း ဖြစ်ပေသည်။ ဤနိသီဒိုန်ကို “သုက်နှီး သင်္ကန်း”ဟုလည်း ခေါ်စမှတ် ပြုကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး