ပစ္စည်းလေးပါးကို အမှီပြု၍ ပြည့်စုံစေအပ်သော သီလသည် ပစ္စယသန္နိဿိတသီလ မည်၏။

ပစ္စည်းလေးပါး ပြင်ဆင်ရန်

ပစ္စည်းလေးပါးဟူသည် သင်္ကန်း- ဆွမ်း- ကျောင်း- ဆေးတို့ပင် ဖြစ်၏။ ထိုပစ္စည်းလေးပါးတို့ကို မသုံးစွဲပဲလည်း နေ၍မဖြစ်၊ သုံးစွဲရမည်သာ ဖြစ်၏၊ သုံးစွဲသောအခါ လောဘ ဒေါသစသော အကုသိုလ်တရားများ မဝင်နိုင်အောင် ထိုပစ္စည်းတို့နှင့် ဆိုင်ရာသဘောကို ဆင်ခြင်၍ သုံးဆောင်ရမည်ဟု ဆိုလိုသည်။[၁]

ဆင်ခြင်ဟန်ကား ပြင်ဆင်ရန်

သင်္ကန်းကို သုံးစွဲသောအခါ-

လှပတင့်တယ်စေလိုခြင်းစသော အကုသိုလ်ဖြစ်ကြောင်း မကောင်းသော နှလုံးသွင်းမပါပဲ သင်္ကန်းနှင့် သင့်လျော်သော အကြောင်းကို ဆင်ခြင်၍ “အအေးကို ဖျောက်ပယ်ခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏။ နေပူစသည်ကို ကာကွယ်ခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏၊ ခြင်- မှက်- လေ- နေပူ- မြွေ- ကင်း- သန်းစသည်တို့၏ အတွေ့အထိကို ဖျောက်ပယ်ခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏၊ အရှက်အကြောက်ကို ဖျက်ဆီးတတ်သည့် ကိုယ်အင်္ဂါကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏”ဟူ၍ ဆင်ခြင်သုံးဆောင်ရာ၏။

ဤသို့ ဆင်ခြင်သုံးဆောင်ခြင်းမှာ လောဘစသော အကုသိုလ်တရားတို့ မဖြစ်ပွါးစေခြင်းငှါ ဖြစ်သည်။[၁]

ဆွမ်းပစ္စည်း၌ ဆင်ခြင်ပုံ ပြင်ဆင်ရန်

ဆွမ်းပစ္စည်းကိုလည်း သင့်လျော်သော သဘောအားဖြင့် ဆင်ခြင်ကာ..

ကလေးသူငယ်များကဲ့သို့ ပျော်ပါးမြူးထူးရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည် မဟုတ်၊ ငါယောကျ်ားဟု အားမာန်တက်ဖို့ရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည်မဟုတ်၊ ကိုယ်လက်အင်္ဂါ ပြည့်ဖြိုးလှပစေရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည်မဟုတ်၊ အသွေးအရောင် အဆင်းလှပစေရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည်မဟုတ်၊ ဤခန္ဓာကိုယ် အရှည်တည်တံ့ မျှတနိုင်စေရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်ပါ၏၊ ဆာလောင်ခြင်း ညှဉ်းဆဲမှုကို ဖျောက်ပယ်နိုင်ရန် ဤဆွမ်းကို ငါသုံးဆောင်ပါ၏၊ မြတ်သောအကျင့်ကို ကျင့်ကြံခြင်းဖြင့် ချီးမြှောက်နိုင်စေခြင်းငှါ ဤဆွမ်းကို ငါသုံးဆောင်ပါ၏၊ ဤသို့ သုံးဆောင်ခြင်းဖြင့် ဆာလောင်မွတ်သိပ်ခြင်း ဝေဒနာဟောင်းကို ပယ်ဖျောက်အံ့၊ အစားလွန်၍ အစာမကြေ ဝမ်းဖောဝမ်းရောင်ဝေဒနာစသော ဝေဒနာသစ်ကိုလည်း ငါပယ်ဖျောက်အံ့၊ ဤသို့ မနည်းမများ သင့်လျော်ရုံစားသဖြင့် ဆာလောင်မွတ်သိပ်ခြင်း တည်းဟူသော ဝေဒနာဟောင်း အစာမကြေခြင်း တည်းဟူသော ဝေဒနာသစ်တို့ မဖြစ်နိုင်ပဲ ငါ၏ ခန္ဓာမျှတခြင်းသည် ဖြစ်လတ္တံ့၊ ဤဆွမ်းကို ရှာမှီးရာ၌၎င်း သုံးဆောင်ရာ၌၎င်း၊ တရားနှင့်ညီသဖြင့် အပြစ်ကင်းသည်၏ အဖြစ်သည်၎င်း၊ မျှတရုံစားသဖြင့် ချမ်းသာစွာနေရခြင်းသည်၎င်း ဖြစ်လတ္တံ့ဟူ၍ ဤဆွမ်းကို ငါသုံးဆောင်ပါ၏။

ဤသို့ ဆင်ခြင်ကာ သုံးဆောင်ရာ၏။[၁]

မျှတစွာ သုံးဆောင်သဖြင့် နေနိုင်ရေးနှင့်စပ်၍ ပြင်ဆင်ရန်

စတ္တာရော ပဉ္စ အာလောပေ၊ အဘုတွာ ဥဒကံ ပိဝေ။

အလံ ဖာသုဝိဟာရာယ၊ ပဟိတတ္တဿ ဘိက္ခုနော။ ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ဆွမ်းကို သုံးဆောင်သော ရဟန်းသည် လေးလုပ် ငါးလုပ် စားလိုက်လျှင် ဝ-တော့မည့်အခြေအနေသို့ ရောက်သောအခါ မစားတော့ပဲ ရေကိုသာ သောက်ရာ၏၊ ဤသို့ သောက်လိုက်လျှင် ကမ္မဋ္ဌာန်းအားထုတ်ရန် စိတ်တသန်တည်း ထားသော ရဟန်းမှာ ချမ်းသာစွာ နေနိုင်ဖို့ရန် လုံလောက်ပြီဟူ၍ ဆိုလိုသည်။[၁]

ကမ္မဋ္ဌာန်းအားမထုတ်သော သူများပင် လိုက်နာနိုင် ပြင်ဆင်ရန်

ဤ၌ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်အတွက် ဟောရင်းဖြစ်သော်လည်း ကမ္မဋ္ဌာန်းအားမထုတ်သော သူများပင် ဤအတိုင်းလိုက်နာက ဝမ်းအတွက် ချမ်းသာစွာ နေထိုင်ရခြင်း ဖြစ်နိုင်သောကြောင့် အစားစားရာမှာ အများပင် လိုက်နာသင့်သော ဒေသနာတော် ဖြစ်ပေသည်။

ကျောင်းပစ္စည်းကို ဆင်ခြင်ပုံ ပြင်ဆင်ရန်

ကျောင်းပစ္စည်းကိုလည်း အကုသိုလ်ဖြစ်ကြောင်း မကောင်းသည့်နှလုံးသွင်း မပါစေပဲ သင့်လျော်သော သဘောအားဖြင့် ဆင်ခြင်ကာ-

အအေးကို ဖျောက်ပယ်ခြင်းငှါ ဤကျောင်းကို ငါမှီဝဲပါ၏၊ နေပူစသည်ကို ကာကွယ်ခြင်းငှါ ဤကျောင်းကို ငါမှီဝဲပါ၏၊ ခြင်- မှက်- လေ- နေပူ- မြွေ- ကင်း- သန်း စသည်တို့၏ အတွေ့အထိကို ဖျောက်ပယ်ခြင်းငှါ ဤကျောင်းကို ငါမှီဝဲပါ၏၊ ဆန့်ကျင်ဖက်ဖြစ်သော အအေးဥတု အပူဥတု ဘေးရန်ကို ဖျောက်ပယ်၍ ကောင်းစွာ ကိန်းအောင်းမွေ့လျော်ရခြင်း အကျိုးငှါ ဤကျောင်းကို ငါမှီဝဲပါ၏။

ဟူ၍ ဆင်ခြင်ကာ သုံးဆောင်ရာ၏။[၁]

ဆေးပစ္စည်းကို ဆင်ခြင်ပုံ ပြင်ဆင်ရန်

ဆေးပစ္စည်းကိုလည်း သင့်လျော်သော သဘောအားဖြင့် ဆင်ခြင်ကာ-

ရောဂါ၏ဆန့်ကျင်ဖက် အသက်၏ အကာအကွယ်ဖြစ်သော ဆေးကို ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကြသည့် ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်သော အနာရောဂါ ဝေဒနာတို့ကို ဖျောက်ပယ်ခြင်းငှါ ဆင်းရဲမရှိခြင်းတည်းဟူသော မြတ်သောအကျိုးငှါ မှီဝဲပါ၏။

ဟူ၍ ဆင်ခြင်ကာ သုံးဆောင်ရာ၏။[၁]

မဟာဝိသုဒ္ဓါရုံဆရာတော်၏ လင်္ကာများ ပြင်ဆင်ရန်

(သင်္ကန်း)

ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေလွဲသုန်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစမ္ပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်း။

(ဆွမ်း)

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

(ကျောင်း)

ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

(ဆေး)

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။[၁]

ကြွေးတင်သော သုံးဆောင်ခြင်း ပြင်ဆင်ရန်

ပစ္စည်းတို့ကို သုံးဆောင်ရာ၌ သာယာမက်မောခြင်း တွေဝေခြင်းများကို ပယ်၍ တရားသဖြင့် ရှာဖွေ၍ ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းကို “ပဋိသင်္ခါယောနိသော”စသော ပါဠိဖြင့်ဖြစ်စေ, “ချမ်းပူကို ဖျက် ခြင်မှက်လေနေ” စသော မြန်မာ လင်္ကာများဖြင့်ဖြစ်စေ နှလုံးသွင်း၍ ပညာဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ကာ မေတ္တာပို့၍ သုံးဆောင်သောအားဖြင့် ပြည့်စုံစေအပ်၏၊ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါး စသည်တို့ကို သုံးစွဲတိုင်း ဆင်ခြင်အပ်၏၊ သုံးစွဲတိုင်း မဆင်ခြင်နိုင်လျှင် နံနက်, နေ့ခင်း, ညချမ်း, မိုးသောက် လေးကြိမ် ဆင်ခြင်အပ်၏၊ မဆင်ခြင်မိဘဲ အရုဏ်တက်လျှင် ထိုနေ့ သုံးဆောင်သမျှ ပစ္စည်းများ ဣဏပရိဘောဂ (= ကြွေးတင်သော သုံးဆောင်ခြင်း) ဖြစ်၏၊[၂]

သုံးဆောင်ခြင်း (ပရိဘောဂ) ၄-မျိုး ပြင်ဆင်ရန်

ထေယျပရိဘောဂ, ဣဏပရိဘောဂ, ဒါယဇ္ဇပရိဘောဂ, သာမိပရိဘောဂ ဟူ၍ သုံးဆောင်ခြင်း (ပရိဘောဂ) လေးမျိုး လာရှိ၏၊

၁။ ထေယျပရိဘောဂ - ဒုဿီလ (= သီလမရှိသူ)တို့၏ သုံးဆောင်ခြင်းသည် ထေယျပရိဘောဂ မည်၏၊ ဘုရားရှင်သည် သီလဝန္တ (= သီလရှိသူ)အား ပစ္စည်းလေးပါးကို ခွင့်ပြုသည်။ ဒုဿီလအား ခွင့်မပြု။ လှူဒါန်းသူ ဒါယကာတို့သည်လည်း အကျိုးကြီးမားဖွံ့ဖြိုးလို၍ သီလဝန္တအား လှူသည်၊ ဒုဿီလအား လှူသည် မဟုတ်။ ဒုဿီလသည် သီလဝန္တ၏ ပစ္စည်းတို့ကို ခိုးယူသူနှင့် တူ၏၊ ထို့ကြောင့် ထေယျပရိဘောဂ (= ခိုး၍ သုံးဆောင်ခြင်း) မည်၏၊

၂။ ဣဏပရိဘောဂ - သီလဝန္တဖြစ်လျက် ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ဣဏပရိဘောဂ မည်၏၊ အလှူခံပုဂ္ဂိုလ်က မစင်ကြယ်လျှင် ဒက္ခိဏဝိသုဒ္ဓိ မဖြစ်၊ အလှူ၏ အကျိုး ဖွံ့ဖြိုးခြင်း မရှိ၊ ကြွေးမြီ ယူစားသူနှင့် တူ၏၊ ဣဏပရိဘောဂ ဖြစ်၏၊ ဣဏပရိဘောဂအပြစ်မှ လွတ်လိုလျှင် ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ရသည်။

၃။ ဒါယဇ္ဇပရိဘောဂ - သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ သုံးဆောင်ခြင်းသည် ဒါယဇ္ဇပရိဘောဂ မည်၏၊ သေက္ခပုဂ္ဂိုလ်တို့သည် ဘုရားရှင်၏ သားတော် အစစ်များ ဖြစ်ကြ၍ ဘဘုရားရှင်၏ ပစ္စည်းတို့ကို အမွေခံယူ၍ သုံးဆောင်ကြသည်။ လူဒါယကာတို့က လှူဒါန်းသော်လည်း ဘုရားရှင် ခွင့်ပြုမှ သုံးဆောင်အပ်သောကြောင့် ဘုရားပစ္စည်းသာ ဖြစ်ချေ၏၊ လူတို့သည် ဘုရားဟော နိဗ္ဗာန်စသော အကျိုးနှင့် လဲလှယ်ကြသဖြင့် ဘုရားရှင် မျက်နှာတော်ကြောင့်ရသော ပစ္စည်းဟူ၍သာ သိအပ်ပေ၏၊ ဘုရားရှင်သည် ဓမ္မဒါယာဒသုတ်၌ “ချစ်သားတို့ ...ငါဘုရား၏ ဓမ္မအမွေကို ခံယူကြ၊ ငါဘုရား၏ အာမိသအမွေကို မခံယူချင်ကြနှင့်”ဟု ဟောတော်မူသည်။

၄။ သာမိပရိဘောဂ - ရဟန္တာတို့၏ သုံးဆောင်ခြင်းသည် သာမိပရိဘောဂ မည်၏၊ ရဟန္တာတို့သည် တဏှာကျေးကျွန်အဖြစ်မှ လွတ်လာကြသဖြင့် သခင်ဖြစ်ကြကုန်ပြီး ပစ္စည်းသုံးဆောင်ရာ၌ တဏှာ၏ အမိန့်ကို နားမထောင်၊ ပဋိကူလ (= ရွံစရာအာရုံ)ကို အပဋိကူလ (= ရွံစရာအာရုံ) မဟုတ်သောအားဖြင့်လည်းကောင်း, အပဋိကူလကို ပဋိကူလအားဖြင့် လည်းကောင်း, ထို နှစ်ပါးကို လျစ်လျူရှုခြင်းအားဖြင့်လည်းကောင်း မိမိအလိုအတိုင်း သုံးဆောင်နိုင်ကုန်၏၊ ဒါယကာတို့၏ နှလုံးအလိုကိုလည်း ပြည့်စေနိုင်ကုန်၏၊ ထို့ကြောင့် သခင်သုံး သုံးဆောင်နိုင်ကြ၍ သာမိပရိဘောဂ မည်၏၊

(ဆောင်) ထေယျ ဣဏ၊ ဒါယဇ္ဇနှင့် ပိုင်လှ သာမိ၊ လေးခုရှိ၊ ပရိဘောဂသာ။[၂]

ပုထုဇဉ်, ဒါယဇ္ဇ, သာမိ ဖြစ်ပုံ ပြင်ဆင်ရန်

ပုထုဇဉ်သီလဝန္တ၏ ဆင်ခြင်၍ သုံးဆောင်ခြင်းကား ဒါယဇ္ဇ ဖြစ်၏၊ ဒါယကာတို့၏ နှလုံးအလိုကို မချွတ်ယွင်းသောကြောင့်တည်း။ ထို့ကြောင့် ဒါယဇ္ဇ၌ ရေတွက်ဟု ဆိုအပ်ပြီ။ ကလျာဏပုထုဇဉ် ဆင်ခြင်၍ သုံးဆောင်ခြင်းလည်း ဒါယဇ္ဇသာဖြစ်၏၊ သေက္ခပုဂ္ဂိုလ်၌ ရေတွက်သောကြောင့်တည်း။

ပုထုဇဉ်ဖြစ်သော်လည်း ခေါင်းပါးသော အကျင့်၌ တည်၍ မက်မောခြင်း မရှိ, ကပ်ငြိခြင်း မရှိဘဲ သုံးဆောင်အံ့၊ သာမိနှင့် တူ၏၊ ဤလေးပါးသော ပရိဘောဂတို့တွင် သာမိပရိဘောဂသည် အမြတ်ဆုံး ဖြစ်၏၊ အမြတ်ဆုံးကို အလိုရှိသော ရဟန်းသည် ဤဆိုခဲ့ပြီးသော နည်းအတိုင်း မက်မောခြင်း မရှိ၊ ကပ်ငြိခြင်း မရှိဘဲ ပစ္စဝေက္ခဏာဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတသီလကို ဖြည့်ကျင့်အပ်၏၊

ဘုရားစကား နား၌ရှိသော ရဟန်းသည် ရေနှင့်တကွ ပစ္စည်းလေးပါး တို့ကို ဆင်ခြင်၍ သုံးစွဲ စားမျိုသင့်၏၊ ပစ္စည်းလေးပါးတို့၌ ရေသည် ကြာရွက် ကြာချပ်၌ မငြိကပ်သကဲ့သို့ ပစ္စည်းလေးပါး လာဘ်လာဘများပြားသော်လည်း အနာဆေးလိမ်းသကဲ့သို့ သင့်ရုံ သတိပြု စားသုံးသင့်၏၊ သားငယ်၏ အသားမျိုး, ဝင်ရိုးနယ်ဆီသဘော မက်မောမရှိ ခန္ဓာကိုယ်မျှတရုံ စားသုံး၏၊ ရေသည် နာခြင်း, ဆာခြင်း, မွတ်သိပ်ခြင်း ငြိမ်းကြောင်း ဆေးမည်၏၊ သောက်, ချိုး, ဆေးကြော, ဖွပ်လျှော်တိုင်း ဆင်ခြင်ရာ၏၊[၂]

အင်္ဂုတ္တိုရ်ပါဠိတော် မိန့်ဆိုချက် ပြင်ဆင်ရန်

မြတ်စွာဘုရားရှင်သည် အစ္ဆရာသင်္ဃာတဝဂ်၌ လက်ဖျစ်တစ်ချက် တီးရုံခန့်လောက်ကြာအောင် မေတ္တာပွားသော မေတ္တာပို့သော ရဟန်းသည် သာမိကအနဏဒါယာဒပုဂ္ဂိုလ် ဖြစ်၏၊ အမွေခံ ကြွေးမတင် သခင် ဖြစ်၏၊ တိုင်းသူပြည်သားတို့၏ ဆွမ်းကို သုံးဆောင်ထိုက်၏ဟု ပါဠိတော်အဋ္ဌကထာ ဖွင့်ဆိုထားသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း