ဘုန်းကြီးကျောင်း
ဘုန်းကြီးကျောင်းသည် ဘုန်းကြီး၊ ရဟန်း၊ သံဃာများ သီတင်းသုံးရာ နေရာ အဆောက်အဦကို ခေါ်သည်။ တချို့ဘုန်းကြီးကျောင်းများသည် ကိုရင်များ၊ အနီးအနားမှ ကလေးသူငယ်များကို စာသင်ပေးလေ့ ရှိသည်။ ရှေးခေတ်ကာလကတည်းက ဘုရင်နှင့် မိဖုရား၊ မှူးကြီးမတ်ရာ၊ သူဌေးသူကြွယ်များက မိမိတို့၏ကိုးကွယ်ရာ ရဟန်းသံဃာတော်များကို ဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းလေ့ ရှိကြသည်။ ဘုန်းကြီးကျောင်းများတွင် အရုဏ်တက်ချိန်၊ ဆွမ်စားချိန်များ သိရန်အတွက် တီး၍ ရသော အုန်းမောင်းကို ထားရှိသည်။ ဥပုသ်နေ့များတွင် လူများ သီလဆောက်တည်ရန်၊ ညနေစောင်း ဝတ်တက်ရန်အတွက် ဓမ္မာရုံ ရှိကြသည်။ တချို့ဘုန်းကြီးကျောင်းဝင်းများတွင် ဘိနပ်စီး မဝင်ရပေ။ စစ်ကိုင်းတောင် ဒေသများတွင် ဘုန်းကြီးကျောင်းများကို ချောင်ဟုလည်း ခေါ်ဆိုကြသေးသည်။ မြန်မာနိုင်ငံတဝန်းတွင် ဗုဒ္ဓဝင် အကြောင်းအရာများကို သစ်ထွင်းပန်းပုများနှင့် ထုလုပ်ထားသော ဘုန်းကြီးကျောင်းများလည်း ရှိပြီး ထိုကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်တွင်လေသည်။ အရပ်ဒေသတစ်ခုတွင် ဘုန်းကြီးကျောင်းသည် အတော်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။
ကျောင်း
ပြင်ဆင်ရန်ရှေးခေတ် ရဟန်းတော်များသည် တောထဲတောင်ထဲ သစ်ပင်ရင်းကောင်ချောက် တောင်ခေါင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံ နတ်ကွန်းစေတီ စသည့်နေရာမျိုးများတွင် ဝါကပ်နေထိုင်၍ ရဟန်းတရား ပွားများအားထုတ်ကြသည်။ မိမိတို့၏ ဘုဉ်းကံအလျောက် ကျောင်းလှူလိုသောအလှူရှင်တို့ ပေါ်ပေါက်လာသောအခါ အောက်ပါ ကျောင်းအမျိုးအစား ငါးပါး၌လည်း နေထိုင်သီတင်းသုံးနိုင်ကြောင်း မြတ်စွာဘုရားက ခွင့်ပြုတော်မူသည်။ ထိုကျောင်းငါးမျိုးမှာ-
- (၁) ဝိဟာရ = လေးဘက်မိုးကျောင်း
- (၂) အဍ္ဎယောဂ = နှစ်ဘက်မိုးကျောင်း
- (၃) ပါသာဒ = အထွတ်ပါသော ပြာသာဒ်ရှည်ကျောင်း
- (၄) ဟမ္မိယ = ပြာသာဒ်ဦးပြည်းကျောင်း
- (၅) ဂုဟ = လိုဏ်ဂူကျောင်းတို့ဖြစ်ကြသည်။ [၁]
အိပ်ရာနေရာများ
ပြင်ဆင်ရန်ကျောင်းနှင့်ပတ်သက်၍ ရဟန်းတော်များ အသုံးပြုနိုင်သော ပရိဘောဂများကို မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့ပါသည်။ ယင်းတို့မှာ-
- (၁) မဉ္စ -ညောင်စောင်း၊ အိပ်ရာခဋင်အမျိုးမျိုး
- (၂) ပီဌ - အင်းပျဉ်၊ စားပွဲကုလားထိုင်အမျိုးမျိုး
- (၃) ဘိသိ - ဘုံလျှို၊ အပြင်ကအဝတ်သို့မဟုတ် သမင်ရေ စသော အပ်သောသားရေကို ချုပ်ပြီးလျှင် အတွင်း၌ အဆာသွတ်ထားသော ထိုင်စရာ အိပ်စရာ ဖုံမွေ့ယာ အမျိုးမျိုး (လဲ-ဝါဂွမ်း အဆာသွတ်ထားလျှင် မထိုင်ကောင်း၊ မအိပ်ကောင်းပေ။ အဝတ်အစား၊ သားမွေးသိုးမွေး အဆာ၊ ပိုးချည် အဆာ၊ မြက်သစ်ရွက် အဆာ၊ အုန်းဆံ အဆာ တစ်မျိုးမျိုးကို သွတ် ထားလျှင်ကား ထိုင်ကောင်း၊ အိပ်ကောင်း ပါသည်)
- (၄) ဗိမ္မောဟနံ - ခေါင်းအုံး-မှီအုံး
- (၅) ကောစ္ဆ - အလယ်၌ အတွင်းသို့ ကျုံ့ဝင်၍ အထက်အောက် မျက်နှာနှစ်ဘက် အပြန့်ကျယ်သော အခင်းမျိုး (ထက်စည်ပုံနှင့်တူသည်၊ ပလ္လင်ပုံ ထိုင်စရာ အသုံးအဆောင်)တို့ ဖြစ်ကြသည်။ [၁]
ပရိဘောဂများ
ပြင်ဆင်ရန်ကျောင်းအသုံးအဆောင် ပရိဘောဂများအဖြစ် ရဟန်းတော်များ အသုံးပြုနိုင်သော အခင်းဆယ်မျိုးကိုလည်း မြတ်စွာဘုရား ခွင့်ပြုတော်မူထားပါသည်။ ယင်းတို့မှာ-
- (၁) ဘိသိ = ဘုံလျှို၊
- (၂) စိမိလိကာ = အဝတ်ကြမ်း၊ (အင်္ဂတေစသည့် အချောကိုင်အပ်သော ကျောင်း၌ အရောင် မပျက်အောင် ခင်းထားအပ်သော အခင်းကြမ်း)
- (၃) ဥတ္တရတ္ထရဏ = အပေါ်ခင်း၊ (ညောင်စောင်း၊ အင်းပျဉ်စသည်တို့ အပေါ်၌ ခင်းအပ်သော အိပ်ရာခင်း စသောအခင်းမျိုး)
- (၄) ဘူမတ္ထရဏ = မြေအခင်း၊ (စိမိလိကာရှိလျှင် စိမိလိကာအပေါ်က ခင်းရပြီး စိမိလိကာမရှိလျှင် မြေပေါ် အင်္ဂတေပေါ်၌ ခင်းရသော သင်ဖြူး၊ ဖယောင်းပုဆိုး စသော အခင်းမျိုး)
- (၅) တဋ္ဋိကာ =ဖျာကြမ်း၊ (နှီး၊ ထန်းရွက် စသည်ဖြင့် ပြုလုပ်အပ်သော ဖျာကြမ်းအခင်းမျိုး)
- (၆) ဓမ္မက္ခဏ္ဍ =သားရေပိုင်း၊ သားရေနွယ်၊ (ခြင်္သေ့ရေ၊ ကျားရေ၊ သစ်ရေစသော အားလုံးသောသားရေများတည်း၊ ခြင်္သေ့ရေ စသည်ကို ပုဂ္ဂလိကပိုင် အဖြစ်ဖြင့် ́ သွားလေရာယူ၍ မသုံးစွဲကောင်းသော်လည်း ကျောင်းအသုံး အဆောင်အဖြစ် သားရေအားလုံး သုံးဆောင်ကောင်းပါသည်)
- (၇) နိသိဒန = နိသီဒိုင် (သင်းပိုင်အတွင်းက ခံ၍ ဝတ်ရန် ဖြစ်သည်၊ နေရာထိုင်ခင်းကဲ့သို့ ခင်း၍လည်း သုံးနိုင်သည်၊ ကျောင်းများကို မိမိ အညစ်အကြေးများ မပေကျံစေရန်၊ ဆွမ်းဟင်းစက်များ မပေစေရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်၊ သုက်နှီးသင်္ကန်းဟုလည်း ခေါ်ဆိုကြသည်)
- (၈) ပစ္စတ္ထရဏ =သီးခြားအခင်း၊ (သားမွေးကော်ဇောအခင်းအမျိုးမျိုး)
- (၉) တိဏသန္ထရ =မြက်များကို တွဲစပ်၍ အခင်းပြုလုပ် ထားသောအခင်း၊
- (၁၀) ပဏ္ဏသန္ထရ =သစ်ရွက်များကို တွဲစပ်၍ အခင်း ပြုလုပ်ထားသောအခင်း ( အင်ဖက်ခင်း ဓနိပျစ်ခင်း သက်ငယ်ပျစ်ခင်း စသည်တို့ကဲ့သို့ အခင်း ပြုလုပ်ထားသော အခင်းအမျိုးမျိုး)တို့ ဖြစ်ကြသည်။
အထက်ပါ အိပ်ရာနေရာ ပရိဘောဂအခင်းများသည် ကျောင်းနှင့်ဆက်စပ်သော ပရိဘောဂများ ဖြစ်သည်။ ကပ္ပိယကာရကတို့သည် ဝိနည်းတော်နှင့်အညီ ဆောင်ရွက်ကူညီ လုပ်ဆောင်ပေးရပေမည်။ [၁]