ပင်မမီနူးကို ဖွင့်ရန်

ပဉ္စဝဂ္ဂီငါးဦး

(ပဉ္စဝဂ္ဂီ မှ ပြန်ညွှန်းထားသည်)

ပဉ္စဝဂ္ဂီ၏ အဓိပ္ပါယ်မှာ ငါးယောက်အစုဟူ၍ ဖြစ်သည်။ ဘုရားလောင်း သိဒ္ဓတမင်းသား ဖွားမြင်တော်မူစကပင် ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု နိမိတ်လက္ခဏာ ဖတ်ကြားခဲ့သော သုဒတ္တပုဏ္ဏားနှင့် အပေါင်း ပါလေးဦးတို့သည် ဘုရားလောင်းတောထွက်လျှင် ယင်းတို့လည်း တောထွက်ရဟန်းပြုခဲ့ကြသည်။ သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ရောက်၍ ဦးစွာဟောကြားတော်မူသော ဓမ္မစကြာတရားကို နာကြားခဲ့ကြရပြီးလျှင် ဧဟိဘိက္ခုရဟန်း အဖြစ်သို့ ရောက်ကြသည်။ ထိုငါးယောက်တစ်စုကို ပဉ္စဝဂ္ဂီ ဟူ၍၎င်း၊ ဝဂ္ဂီ ဟူ၍၎င်း ကျမ်းဂန်များ၌ ဖော်ပြ၏။ ပဉ္စမှာ (၅) ဖြစ်ပြီး ဝဂ္ဂီမှာ အစုဟု အဓိပ္ပာယ်ရသည်။

ပဉ္စဝဂ္ဂီငါးဦးပြင်ဆင်

ပဉ္စဝဂ္ဂီငါးဦးဆိုသည်မှာ ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ဘုရား၏ တရားတော်ကို ရှေးဦးဆုံး နာကြားရ၍ ဦးစွာ ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်တော်မူကြသော ရဟန်းတော်ငါးပါးဖြစ်သည်။ ထိုငါးပါးမှာ သျှင်ကောဏ္ဍည၊ သျှင်ဝပ္ပ၊ သျှင်ဘဒ္ဒိယ၊ သျှင်မဟာနာမ်၊ သျှင်အဿဇိတို့ ဖြစ်ကြသည်။ ယင်းငါးဦးတို့သည်ကား ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတမင်းသားကို မီးရှူးသန့်စင် ဖွားမြင်စဉ်အခါက၊ လက္ခဏာဖတ် ပုဏ္ဍားရှစ်ယောက်အနက်၊ ဘုရားဧကန် ဖြစ်မည်ဟုဟောသော ကောဏ္ဍညအနွယ် သုဒတ္တပုဏ္ဏားငယ်နှင့် အခြားပုဏ္ဏားလေးဦး၏သား၊ သူ၏သူငယ်ချင်းလေးယောက်တို့ပင် ဖြစ်သည်။

ဒုက္ကရ စရိယ ကျင့်စဉ်ကာလပြင်ဆင်

ဘုရားလောင်းရဟန်းပြု၍၊ ဥရုဝေလတောသို့လာကြ ကုန်သဖြင့်၊ ဘုရားလောင်းနှင့် တွေ့လေသည်။ ဘုရားလောင်းလည်း ထိုပဉ္စတို့လျှင် အလုပ်အကြွေး ရှိသည်ဖြစ်၍၊ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူသည်။ ခြောက်နှစ်မျှကြာသော်၊ ငြိုငြင်စွာသော ဤအကျင့်ဖြင့် ဘုရားမဖြစ်နိုင်သေးဟု သတိဖြစ်လျက်၊ မြို့ ရွာတို့သို့ ချဉ်းကပ်၍၊ ခံအပ်သော ဆွမ်းကို ဘုဉ်းပေး၏။ ထိုအခါ ပဉ္စဝဂ္ဂိငါးဦးတို့က ဂေါတမရဟန်းသည် အလွန်ခြိုးခြံစွာ ကျင့်သည်ကိုမျှ ဘုရားမဖြစ်နိုင်၊ ယခုဘယ်မှာ ဖြစ်တော့အံ့နည်းဟု ဘုရားလောင်းကိုစွန့်ခွာ၍၊ တစ်ဆယ့်ရှစ်ယူဇနာကွာသော က္ကုသိပတန မိဂဒါဝုန်တောသို့ သွားရောက်နေထိုင်ကြကုန်သည်။

တရားဦး ဟောတော်မူခြင်းပြင်ဆင်

ဘုရားလောင်းသည် တကိုယ်တည်းကျင့်တော်မူရာ၊ မဟာသက္ကရာဇ် ၁ဝ၃ ခု ကဆုန် လပြည့်နေ့တွင် သဗ္ဗေညုတဉာဏ်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်ပြီးသော်၊ သဟမ္ပတိ ဗြဟ္မာမင်း၏တောင်းပန်ချက်အရ တရားဟောရန် ကျေးဇူးရှိခဲ့ဖူးသော ပဉ္စဝဂ္ဂီ ငါးဦး ရှိရာ မိဂဒါဝုန် တောသို့ ကြွလာ၏။ ဝါဆိုလပြည့် စနေနေ့ ညနေချမ်းတွင် မိဂဒါဝုန်တောသို့ ရောက်သည်။ ပဉ္စဝဂ္ဂီတို့သည် ဘုရားလောင်းအား အကျင့်ပျက်လေပြီဟု ထင်မှတ်သဖြင့်၊ ဘုရားကြွလာသည်ကို မြင်သောအခါ ဝတ်ကြီးဝတ်ငယ်တို့ကို မပြုစုဘဲနေကြရန် တိုင်ပင်ထားသော်လည်း၊ ဘုရားသခင်အနီးသို့ ရောက်သောအခါ ဝတ်ပြုမိကြလေသည်။ မြတ်စွာဘုရားသခင်က ဘုရားဖြစ်တော်မူကြောင်းကိုမိန့်ကြား၍ တရားနာယူရန် တိုက်တွန်းသောအခါ၌မူ၊ မယုံကြည်သဖြင့် ၃ ကြိမ်တိုင် ငြင်းပယ်၏။ ထိုအခါ ဘုရားသခင်သည် များစွာသောပရိယာယ် စကားဖြင့် ဘုရားဖြစ်ကြောင်း သိစေတော်မူလျက် ဓမ္မစက္က ပဝတ္တန သုတ္တန်ခေါ် ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူသည်။

တရားတော်၏ အဆုံးတွင် သျှင်ကောဏ္ဍညသည် သောတပတ္တိဖိုလ်၌ တည်လေသည်။ ထိုနောက် မြတ်စွာဘုရားသည် ဓမ္မစကြာဒေသနာတော်ကိုပင် အကျယ်ဟောပြန်သဖြင့်၊ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ သျှင်ဝပ္ပ၊ နှစ်ရက်နေ့၌ သျှင်ဘဒ္ဒိယ၊ သုံးရက်နေ့၌ သျှင်မဟာနာမ်၊လေးရက်နေ့၌သျှင်အဿဇိတို့သည် အသီးအသီး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။


ဤသို့အားဖြင့် ပဉ္စဝဂ္ဂိငါးပါးလုံး ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက်တော်မူပြီးနောက်၊ ဝါဆိုလပြည့် ကျော်ငါးရက်နေ့၌ ရဟန်းငါးပါးလုံးကို စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားသည် အနတ္တလက္ခဏ သုတ္တန်ကို ဟောကြားတော်မူရာ၊ ပဉ္စဝဂ္ဂိငါးပါးလုံး ရဟန္တာအဖြစ်သို့ ရောက်ကြလေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )