ဝိနည်းပိဋက၌လာသည့် ရဟန်းခံ, ရှင်ပြုစသော ကံကြီး, ကံငယ်နှင့်တကွ စာရိတ္တ, ဝါရိတ္တသိက္ခာပုဒ်အပေါင်းကို ရဟန်း, သာမဏေတို့အတွက် ဥပဒေ စည်းကမ်းအနေဖြင့် ဘုရားရှင် ဟောကြား ပညတ်ထားအပ်သောကြောင့် “ပညတ်တော်”ဟု ခေါ်သည် [၁][၂]

ပညတ် ၉-မျိုး ပြင်ဆင်ရန်

ထိုပညတ်တော်သည် မူလပညတ်, အနုပညတ်, အနုပ္ပန္နပညတ်, သဗ္ဗတ္ထပညတ်, ပဒေသပညတ်, သာဓာရဏပညတ်, အသာဓာရဏပညတ်, ဧကတောပညတ်, ဥဘတော ပညတ်ဟူ၍ ၉-မျိုးရှိသည်၊

  • ထိုတွင် အကြောင်း “ဝတ္ထု”အားလျော်စွာ ရှေးဦးပဌမ ပညတ်အပ် သိက္ခာပုဒ်ပါဠိကို “မူလပညတ်”ဟု ခေါ်၍
  • နောက်ထပ်တဖန် ထပ်ဆင့် ပညတ်အပ်သော သိက္ခာပုဒ်ပါဠိကို “အနုပညတ်”ဟု ခေါ်သည်၊
  • ဘိက္ခု, ဘိက္ခုနီ ၂-ဘက်လုံးနှင့် ဆက်ဆံသော ပညတ်ကို “သာဓာရဏပညတ်”ဟု ခေါ်၍
  • တဖက်ဖက်နှင့်သာ ဆက်ဆံသောပညတ်ကို “အသာဓာရဏပညတ်”ဟုခေါ်သည်။

သိက္ခာပုဒ်တိုင်း၌ ဤပညတ် ၄-မျိုးဖြင့်သာ ဝေဖန် ဆုံးဖြတ်ရသည်၊ ကျန် ၅-မျိုးဖြင့်ကား အထူး ဝေဖန်ဆုံးဖြတ်ဖွယ်မလို၊ ဥဘတောပညတ်, ဧကတောပညတ် ၂-ပါးသည် သာဓာရဏပညတ်, အသာဓာရဏပညတ် ၂-ပါးနှင့် အတူပင် ဖြစ်သည်၊

အနုပ္ပန္နပညတ်ဟူသည် အကြောင်းဝတ္ထုမပေါ်ဘဲ ဘိက္ခုနီတို့အား ဂရုဓမ် ၈-ပါး လက်ခံရန် ဟောကြားအပ်သော ပညတ်တော်ဖြစ်သည်၊ ကျန်သိက္ခာပုဒ်များ၌ အနုပ္ပန္နပညတ်ဟူ၍ မရှိ၊

မဇ္ဈိမဒေသ၌သာ လိုက်နာရှောင်ကြဉ်ရသည့် ရဟန်း ၅-ပါးဖြင့် ပဉ္စင်းခံပေးခြင်း, အထပ်ထပ်သော ဖိနပ်ကိုစီးခြင်း, အမြဲရေချိုးခြင်း, သားရေ အခင်းကို သုံးစွဲခြင်းဟူသော သိက္ခာပုဒ် ၄-ပါးသည် ပဒေသပညတ်ဖြစ်၍ ကျန်သိက္ခာပုဒ်များသည် သဗ္ဗတ္ထပညတ်များ ဖြစ်သည်။ ထို့ကြောင့် ဤပညတ် ၅-မျိုးဖြင့် အထူးဝေဖန်ဆုံးဖြတ်ဖွယ် မလိုတော့ပေ[၃][၂]

မူလပညတ် ပြင်ဆင်ရန်

ဖော်ပြပါပညတ် ၄-မျိုးဖြင့် သိက္ခာပုဒ်တို့၌ ဝေဖန်ဆုံးဖြတ်မှုပြုလိုသော် ဥဘတောဝိဘင်း စသော ပါဠိတော်ကို ကြည့်ရှုကာမျှဖြင့် ပြီးစီး နိုင်သည်၊

ထင်ရှားစေအံ့ — ရှင်သုဒိန်၏ မယားဟောင်း၌ မေထုန်မှီဝဲခြင်း ဟူသော အကြောင်းကြောင့် “ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ၊ ပါရာဇိကော ဟောတိ အသံဝါသော”ဟူသော သိက္ခာပုဒ် ပါဠိကို ရှေးဦးစွာ ပညတ်တော်မူသည်၊ ထို့ကြောင့် ယင်းပါဠိကို “မူလပညတ်” ခေါ်သည်။ ပါဠိအဋ္ဌကထာတို့၌ “မူလ”သဒ္ဒါ မပါဘဲ “ပညတ္တိ”ဟုသာ ဟောကြားသုံးနှုန်းသည်၊ [၂]

အနုပညတ် ပြင်ဆင်ရန်

တဖန် ဝေသာလီပြည်၌ တောကျောင်းနေ ရဟန်းတစ်ပါးသည် “လူမိန်းမ၌ မေထုန်မှီဝဲမှုကိုသာ ဘုရားရှင် ပညတ်တော်မူသည်။ တိရစ္ဆာန်မ၌ ပညတ်တော်မမူ”ဟု အမြွက်ထောင်ကာ မျောက်မ၌ မေထုန်မှီဝဲသည်၊ ထိုအကြောင်းကြောင့် “ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ၊ အန္တမသော တိရစ္ဆာနဂတာယပိ၊ ပါရာဇိကော ဟောတိ အသံဝါသော”ဟု ထပ်ဆင့် ပညတ်တော်မူရသည်၊ ထို့ကြောင့် “အန္တမသော တိရစ္ဆာနဂတာယပိ”ဟူသော ပါဠိကို “အနုပညတ်” ခေါ်သည်၊

ထို့နောက် တဖန် ဝေသာလီပြည်ဝဇ္ဇီတိုင်းသား ရဟန်းများသည် သိက္ခာမချဘဲ မေထုန်မှီဝဲကြပြီးလျှင် ရဟန်းတဖန် ပြုလိုပြန်ကြောင်း တောင်းပန်ကြသောအခါ သိက္ခာ မချဘဲ မေထုန်မှီဝဲသော ရဟန်းသည် တဖန်ရဟန်းခံခွင့်မရှိ၊ ပါရာဇိကကျပြီးသူဖြစ်သည်ဟု ဆုံးဖြတ်ချက်ချတော်မူကာ “ယော ပန ဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝီကတွာ မေထုနံ ဓမ္မံ ပဋိသေဝေယျံ၊ အန္တမသော တိရစ္ဆာနဂတာပိ၊ ပါရာဇိကော ဟောတိ အသံဝါသော”ဟု ထပ်ဆင့်ဖြည့်စွက် ပညတ်ချက် တိုးတော်မူသည်၊ ထို့ကြောင့် “ဘိက္ခုနံ”စသော ပါဠိသည် အနုပညတ်မည်သည်၊ [၂]

သာဓာရဏပညတ် ပြင်ဆင်ရန်

ယင်းပထမ ပါရာဇိကသိက္ခာပုဒ် ပညတ်တော်သည် ဘိက္ခု, ဘိက္ခုနီ ၂-ဘက်လုံးနှင့် ဆက်ဆံသောကြောင့် “သာဓာရဏပညတ်” ဖြစ်သည်။ ဤသို့ သိက္ခာပုဒ်တိုင်း၌ ပညတ် ၄-မျိုးဖြင့် ဝေဖန် ဆုံးဖြတ်ရာသည် [၄][၅][၂]

ကိုးကား ပြင်ဆင်ရန်

  1. (ဝဇိရ၊၃၉၁။ သာရတ္ထ၊၃၊၁၃၁။ သီ၊ဋီ၊သစ်၊၁၊၈၁)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၁၃
  3. (ကင်္ခါ၊၁၁၀)
  4. (ဝိ၊၁၊၂၄-၂၈။ ဝိ၊၅၊၁၊၂။ ကင်္ခါ၊၁၁၃)
  5. (၃) အထ ခေါ အာယသ္မာ မဟာကဿပေါ အာယသ္မန္တံ ဥပါလိံ ပဌမ ပါရာဇိကဿ ဝတ္ထုမ္ပိ ပုစ္ဆိ၊ နိဒါနမ္ပိ ပုစ္ဆိ၊ ပုဂ္ဂလမ္ပိ ပုစ္ဆိ၊ ပညတ္တိမ္ပိ ပုစ္ဆိ၊ အနုပညတ္တိမ္ပိ ဝိ၊၄၊၄၈၂။ ပဗ္ဗဇ္ဇာဒီနိ ဟိ ဘဂဝတာ ပညတ္တတ္တာ “ပညတ္တိယော” တိ ဝုစ္စန္တိ။ ဝဇိရ၊၃၉၁။ သာရတ္ထ၊၃၊၁၃၁။ (ဝိ၊၅၊၁၊၂၊၈၊ ၉။ ဝိ၊ဋ္ဌ၊၁၊၁၁၊ ၁၅၉။ ဝိ၊ဋ္ဌ၊၄၊၂၁၇။ ကင်္ခါ၊၁၁၀။ ဒီ၊ဋ္ဌ၊၂၊၁၆၉။ မဟာနိ၊ဋ္ဌ၊၃၆၉။ ဝဇိရ၊၇၅။ သာရတ္ထ၊၃၊၄၅၅။ ဝိမတိ၊၁၊၁၅၂။ ကင်္ခါ၊ဋီ၊သစ်၊၁၈၆။)