အမှု—ဘိက္ခုနီကစီမံပေးသော ဆွမ်းကိုစားမှု

အမှုသည်—ရှင်ဒေဝဒတ်


ရှင်ဒေဝဒတ်နှင့် ဘိက္ခုနီ ပြင်ဆင်ရန်

ရာဇဂြိုဟ်မြို့၌ “ထုလ္လနန္ဒာ” မည်သော ဘိက္ခုနီသည် တဦးသော အမျိုးအိမ်ဝယ် အမြဲ ဆွမ်းစား၏၊ ထိုဘိက္ခုနီ အိမ့်ရှင်သည် အခါတပါး၌ ထေရ်ကြီးများကိုလည်း ပင့်ဖိတ်ထားလေသည်၊ ထုလ္လနန္ဒာသည် နံနက်စောစော အိမ်သို့ကြွလာသောအခါ ပြင်ဆင်ထားသည်ကိုမြင်၍ “ယနေ့ခဲဘွယ် ဘောဇဉ်တွေများလှပါတကား”ဟု ပြော၏၊ “တပည့်တော် မထေရ်ကြီးများကို ပင့်ထားပါတယ် “ထေရ်ကြီးများဆိုတာ ဘယ်ပုဂ္ဂိုလ်များ ပါလဲ”...အရှင်သာရိပုတြာ, အရှင်မဟာမောဂ္ဂလာန်, အရှင်မဟာကစ္စာယန, အရှင်မဟာကောဋ္ဌိက, အရှင်ကပ္ပိန, အရှင်နန္ဒ, အရှင်အနုရုဒ္ဓါ, အရှင်ရေဝတ, အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ”ဟု ပြောလေသော်..... “ရဟန္တာကြီးတွေ ရှိပါလျက် ဘာ့ကြောင့် နောက်လိုက်နောက်ပါကလေးတွေ ပင့်ထားရသလဲ၊ မထေရ်ကြီးတွေဆိုတာ အရှင်ဒေဝဒတ်, အရှင်ကောကာလိက, အရှင်ကဋမောဒကတိဿက, အရှင်သမုဒ္ဒဒတ္တ”ဟု ပြောနေတုန်းမှာပင် အရှင်သာရိပုတြာတို့လည်း အိမ်ပေါက်သို့ဝင်လာသည်ကို မျက်စိတဖက်ဖြင့် မြင်လိုက်၍ မိမိစကားကြားသွားကြောင်းကိုလည်း သိသောကြောင့် “ရဟန္တာကြီးတွေ ကိုပင့်ထားတာ အမှန်သားဘဲ”ဟု ချက်ခြင်းစကား ပြင်လိုက်လေသည်၊ ထိုအခါဆွမ်းဒါယကာသည် “ခုတင်ကနောက်လိုက်နောက်ပါကလေးတွေ” ဟု ဆိုပြီး အခုဘဲ–ရဟန္တာကြီးတွေ”ဟု ဆိုပြန်တယ်ဟု ပြောရသလားဟု ဆိုကာ အိမ်မှဆွဲထုတ်၍ အမြဲဆွမ်းဝတ်ကိုလည်း ဖြတ်လိုက်လေသည်၊ ထိုအခါ “ဘိက္ခုနီက (ဆွယ်တရားဟော၍)စီမံပေးနေသောဆွမ်းကို ရှင်ဒေဝဒတ်တို့ တစုစားလေ့ရှိကြောင်း”အပြစ်ဟောင်းပေါ်လာ၍ ဘုရားရှင်ကို လျှောက်ကြသောကြောင့် “ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။ [၁]


အနုပညတ် ပြင်ဆင်ရန်

ရာဇဂြိုဟ်မြို့၌ ရဟန်းပြု၍ အခြားအရပ်သို့ သွားရောက် နေထိုင်သော ရဟန်းတပါးသည် ရာဇဂြိုဟ်သို့ပြန်လာရာ, ဆွေမျိုးများက “ငါတို့အရှင်သည် ကြာလှမှ (တခါတလေ)ကြွလာသည်”ဟု အထူးတလယ် ဆွမ်းကို ချက်ပြုတ်ကပ်ကြလေသည်၊ ထိုအမျိုးမှာလည်း အမြဲ ဆွမ်းစားသော ဘိက္ခုနီတပါးရှိ၏၊ ထိုဘိက္ခုနီကလည်း(လူတို့ဆွမ်းကပ်စဉ်) “အရှင်ဘုရားအား လှူကြပါ”ဟု စကားလောကွတ်ဝင်၍ ဖြည့်စွက်လေရာ, ထိုရဟန်းသည် ဆွေမျိုးများလှူအပ်သော ဆွမ်းကိုပင် ဘိက္ခုနီဝင်၍ ပြောသောကြောင့် “ဘိက္ခုနီစီမံသော ဆွမ်းမျိုးဖြစ်နေပြီ”ဟု ယူဆ၍ ထိုဆွမ်းကို အကပ်မခံဘဲ နေလေသည်။ ဆွမ်းခံချိန်လည်း မရှိတော့သဖြင့် ထိုနေ့အဖို့ ဆွမ်းမရတော့ချေ၊ ထို့နောက်ကျောင်းတိုက်သို့ ပြန်ရောက်၍ ရဟန်းများအား (သူတွေ့ကြုံခဲ့ရပုံကို လျှောက်ထား၍)ဘုရားရှင်သိတော်မူသောကြောင့် “အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ရဟန်းသည် ရဟန်းမ မစီမံမီရှေး၌ လူတို့ အားထုတ်အပ်သော ဆွမ်းကို ကြဉ်၍ ရဟန်းမ စီမံအပ်သော ဆွမ်းဟု သိလျက် ရဟန်းမ စီမံအပ်သောဆွမ်း (ဘောဇဉ်ငါးပါး တပါးပါး)ကို စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး