ပဟာနပရိညာ
ပယ်လျက်[၁] ပိုင်းခြားသိတတ်သော ဉာဏ်ပညာ။ (အကြွင်းပယ်ခြင်းကို ပြုတတ်သောပညာ ကို ပဟာနပရိညာဟုခေါ်သည်။) [၂][၃]
ဝိပဿနာပိုင်းဆိုင်ရာ လောကီပရိညာ (၃)ပါး အကြောင်း၌ ပဟာနပရိညာကို ဖားအောက်ဆရာတော်က ဤသို့ ရှင်းပြထားတော်မူ၏။[၄]
ပဟာန ပရိညာ
ပြင်ဆင်ရန်သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်၍ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနေသော ဘင်္ဂါနုပဿနာဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးတို့ကို ပဟာန ပရိညာဟု ခေါ်ဆိုပေသည်။
သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စဟု ရှုပွားသုံးသပ်တတ်သော, အနိစ္စအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော အနိစ္စာနုပဿနာဉာဏ်က သင်္ခါရတို့၌ နိစ္စဟု စွဲယူသော နိစ္စသညာကို ပယ်စွန့်နိုင်၏၊
အလားတူပင် ယင်း သင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ ဒုက္ခဟု ရှုပွားသုံးသပ် တတ်သော, ဒုက္ခအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော ဒုက္ခာနုပဿနာဉာဏ်က သင်္ခါရတို့၌ သုခဟု စွဲယူသော သုခသညာကို ပယ်စွန့်နိုင်၏၊
အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနတ္တဟု ရှုပွားသုံးသပ်တတ်သော, အနတ္တအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော အနတ္တာနုပဿနာဉာဏ်က သင်္ခါရတို့၌ အတ္တဟု စွဲယူသော အတ္တသညာကို ပယ်စွန့်နိုင်၏၊
အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာ၏၊ သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရှုမြင်တတ်သော ယင်းနိဗ္ဗိဒါနုပဿနာဉာဏ်က သင်္ခါရ တရားတို့အပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ပယ်စွန့်နိုင်၏၊
အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရှုမြင်ကာ ယင်းသင်္ခါရ တရားတို့၌ တပ်မက်မှု တဏှာသည် ကင်းပြတ်သွား၏၊ ယင်းသို့ တပ်မက်မှု တဏှာ ကင်းပြတ်စေသည့်, အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်ကို ဝိရာဂါနုပဿနာ ဉာဏ်ဟု ခေါ်ဆို၏၊ ယင်းဝိရာဂါနုပဿနာဉာဏ်က သင်္ခါရတရားတို့အပေါ်၌ တွယ်တာမက်မောနေသည့် ရာဂကို ပယ်စွန့်လိုက်ခြင်း ဖြစ်၏၊
အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့၌ တပ်မက်မှု တဏှာသည် ချုပ်ငြိမ်းသွား၏၊ ယင်းတဏှာကား ဒုက္ခသစ္စာအမည်ရသည့် သင်္ခါရတရားတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းရင်း သမုဒယသစ္စာ ဖြစ်ပေသည်။ ယင်းသမုဒယကို ချုပ်ငြိမ်းစေတတ်သော, သင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်ကို နိရောဓာနုပဿနာဉာဏ်ဟု ခေါ်ဆို၏၊ ယင်းနိရောဓာနုပဿနာဉာဏ်က သမုဒယကို ပယ်စွန့်နိုင်၏၊
အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်သည် ယင်းသင်္ခါရတရားတို့၌ ငါ ငါ့ဥစ္စာစသည်ဖြင့် စွဲယူတတ်သော အာဒါနတရားကို ပယ်စွန့်လျက် ယင်းသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးသွားသက်ဝင်နေ၏၊ ယင်းဝိပဿနာဉာဏ်ကို ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ဟု ခေါ်ဆို၏၊ ယင်း ပဋိနိဿဂ္ဂါနုပဿနာဉာဏ်က သင်္ခါရတရားတို့၌ ငါ ငါ့ဥစ္စာစသည်ဖြင့် စွဲယူတတ်သော အာဒါနတရားကို ပယ်စွန့်လိုက်ပေသည်။
ဤကဲ့သို့ ဘင်္ဂါနုပဿနာဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်များက ကိလေသာတို့ကို ပယ်စွန့်ရာ၌ တဒင်္ဂအားဖြင့်သာ = ဝိပဿနာဉာဏ် အဆက်မပြတ် ဖြစ်နေခိုက်၌သာ ပယ်စွန့်နိုင်၏၊ ထိုသို့ ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် .. သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ သိသင့်သိထိုက်သည့် ယင်းသင်္ခါရတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ထိုးထွင်းသိမြင်နေသောကြောင့် ယင်းဝိပဿနာဉာဏ်တို့သည် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ပဟာနပရိညာ (ထီ) [ပဟာန+ပရိညာ]
- ↑ ကတမာ ပဟာနပရိညာ? ဧဝံ တီရယိတွာ အဂ္ဂမဂ္ဂေန ပထဝီဓာတုယာ ဆန္ဒရာဂံ ပဇဟတိ၊ အယံ ပဟာနပရိညာ။ မ၊ဋ္ဌ၊၁။၃၀။ အရိယမဂ္ဂေဉာဏံ ပဟာနပရိညာ။ မ၊ဋ္ဌ၊၁၊၃၁။ ဥဘယထာပိ ဟိ သမုစ္ဆာဒပဟာနကာရီ ဧဝ ပညာ နိပ္ပရိယာယေန ပဟာနပရိညာတိ ဒဿေတိ။ မ၊ဋီ၊၁၊၇၆။ ဥဒဗ္ဗယာနုပဿနတော ပဋ္ဌာယ ယာဝ မဂ္ဂါ ပဟာနပရိညာ။ မူလဋီ၊၂၊၂၃၅။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃
- ↑ (ပဋိသံ၊၅၅၊ စာပိုဒ်၊၅၂။ ဝိသုဒ္ဓိ၊၂၊၂၄၁၊ စာပိုဒ်၊၆၉၃။)
- ↑ ဖားအောက်တောရဆရာတော်။ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။