ပင်မမီနူးကို ဖွင့်ရန်

ပါလီမန်ဒီမိုကရေစီစနစ် ဆိုသည်မှာ ဒီမိုကရေစီ စနစ်၏ အုပ်ချုပ်ရေး ပုံစံကွဲ (မူကွဲ) တစ်မျိုးဖြစ်သည်။ တိုင်းပြည် အတော်များများတွင် ကျင့်သုံးကြပြီး တည်ငြိမ်မှုရှိသည့် အုပ်ချုပ်ရေးအဖြစ် သတ်မှတ်လက်ခံကြသည်။ အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဆိုသည်မှာ လွှတ်တော် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် နိုင်ငံကို လွှတ်တော်မှတဆင့် တာဝန်ယူအုပ်ချုပ်သည့် စနစ်ဟု အကြမ်းအားဖြင့် ပြောနိုင်သည်။ တချိန်က မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ဖူးပြီး ဝန်ကြီးချုပ်အဖြစ် အကြိမ်ကြိမ် တာဝန်ယူခဲ့သည့် ဦးနု မှာ အလွန်ဩဇာကြီးသည့် နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် မှ အာဏာသိမ်းယူပြီး ပါလီမန်ဒီမိုကရေစီစနစ်မှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

သမိုင်းကြောင်းပြင်ဆင်

မူလအဦးဆုံး ကျင့်သုံးသည့်နိုင်ငံမှာ ဂရိတ်ဗြိတိန် (အင်္ဂလန်)(ယူနိုက်တက် ကင်းဒမ်း) ဖြစ်သည်။ ခေတ်သစ် ဒီမိုကရေစီစနစ်နှင့်အတူ ပေါ်ထွန်းလာသည့် အုပ်ချုပ်ရေးစနစ်လည်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်

အခြေခံအားဖြင့် လွှတ်တော် နှစ်ရပ်ရှိပြီး လွှတ်တော်အမတ် များမှာ ပြည်သူ တို့က တိုက်ရိုက် ရွေးကောက်သည့်နည်း ဖြင့်ရွေးကောက်ကြသည်။ သို့သော် ချွင်းချက်အားဖြင့် အချို့နိုင်ငံများတွင် ကန့်သတ်လွှတ်တော်အမတ် အရေအတွက်ကို ဥပဒေကြောင်းဖြင့် သတ်မှတ်သည့် အခါလည်းရှိသည်။ ဥပမာအားဖြင့် ဂရိတ်ဗြိတိန် (အင်္ဂလန်)နိုင်ငံတွင် အထက်လွတ်တော်၏ လွှတ်တော်အမတ် အချို့ကို နိုင်ငံ၏ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သည့် ဘုရင် (သို့) ဘုရင်မ မှ တိုက်ရိုက်ခန့်ထားခွင့်ရှိသည်။ ထိုသို့သော အမတ်များမှာ မြို့စား၊ နယ်စားဘွဲ့ ထူးဂုဏ်ထူး (ဥပမာ Lord,Sir) ရှိသူများ၊သူကောင်းမျိုးနွယ်များ ဖြစ်ကြသည်။ ကျန်လွှတ်တော်အမတ်များကိုမူ ပြည်သူတို့ကတိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။

ဝန်ကြီးချုပ်ဖြစ်သူမှာ တိုင်းပြည်၏ အချုပ်အခြာအာဏာတွင်အုပ်ချုပ်ရေး အာဏာကို လက်ကိုင် ကျင့်သုံးရပြီး အစိုးရအဖွဲ့၏ အကြီးအကဲ အဖြစ်တာဝန်ယူရသည်။ အချို့ နိုင်ငံများတွင် အုပ်ချုပ်ရေးအာဏာ ကိုသာမက တရားစီရင်ရေးအာဏာ ကိုပါ သွယ်ဝိုက်သောအားဖြင့် ကိုင်တွယ်ကြသည်။ တရားစီရင်ရေးတွင် အကြီးဆုံး အခွင့်ရှိသူဖြစ်သည့် တရားသူကြီးချုပ်ကို ဝန်ကြီးချုပ်က စိတ်ကြိုက်ခန့်ထားခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ခွင့်ပေးခြင်းဖြင့် ဩဇာလွှမ်းမိုးသောအားဖြင့် သွယ်ဝိုက်ကိုင်တွယ် ခြင်းဖြစ်သည်။ ထို့ပြင် လွှတ်တော်တွင် ဝန်ကြီးချုပ်ဖြစ်သူ၏ ပါတီမှအမတ်ဦးရေက အများစုဖြစ်သည့်အတွက် ဥပဒေပြုရေး အာဏာကိုလည်း သွယ်ဝိုက်အားဖြင့် ရယူထားနိုင်သည်။

တိုင်းပြည် အကြီးအကဲအဖြစ် ဘုရင် (သို့) ဘုရင်မ (သို့) လွှတ်တော်မှ ရွေးကောက်တင်မြှောက်သည့် သမ္မတ စသည်တို့ထဲမှ တမျိုးမျိုးကို ဂုဏ်ထူးဆောင်အဖြစ် ခန့်ထားပြီး တိုင်းပြည်အုပ်ချုပ်ရန် အာဏာကိုင်စွဲရခြင်း (သို့) အာဏာအပ်နှင်းခြင်း မရှိချေ။ ဥပမာအားဖြင့် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် ဂရိတ်ဗြိတိန်၊ ထိုင်း၊ ဂျပန် နိုင်ငံတို့တွင် ဘုရင် (သို့) ဘုရင်မ နှင့် ၎င်းတို့၏ တော်ဝင်မိသားစုမှာ တိုင်းပြည်အာဏာကို ကိုင်တွယ်ကျင့်သုံးရခြင်း မရှိဘဲ သက်ဆိုင်ရာ အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုသာ ဦးဆောင်ကျင်းပခြင်း၊ ပါဝင်ဆင်နွဲခြင်းတို့ကိုသာပြုလေ့ရှိသည်။ စည်းမျဉ်းခံ ဘုရင်စနစ် မရှိသည့် အိန္ဒိယတွင်မူ သမ္မတ တဦးကို လွှတ်တော်မှ သက်တမ်းကာလ တခုအတွက်ရွေးကောက်တင်မြှောက်ပြီး ဂုဏ်ထူးဆောင်အဖြစ် ခန့်ထားသည်။ သို့သော် အမည်ခံ သမ္မတမျှသာဖြစ်ပြီး လုပ်ငန်းတာဝန်များမှာ အထက်တွင်ဖော်ပြထားသည့် ဘုရင်(သို့)ဘုရင်မ များ၏တာဝန်များနှင့် မကွာခြားလှပေ။

မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်က ဝန်ကြီးချုပ် ဦးနု မှာတိုင်းပြည်၏ အာဏာကို စွဲကိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ များကို လွှတ်တော်မှသာ ဂုဏ်ထူးဆောင်အဖြစ် ရွှေးချယ်ခန့်အပ်ခဲ့သည်။ ရှမ်းပြည်နယ်မှ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် မှာမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သည်။

ထို့အပြင် ကနေဒါဩစတျေးလျ အစရှိသည့် နိုင်ငံများတွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော်လည်း နိုင်ငံ့အကြီးအကဲအဖြစ် ဗြိတိန်မှ ဘုရင်(သို့)ဘုရင်မ ကိုလက်ခံပြီး ထိုဘုရင် (သို့) ဘုရင်မ မှသက်ဆိုင်ရာ နိုင်ငံများအတွက် ဘုရင်ခံများကို သတ်မှတ်ခန့် အပ်ပေးသည်ကိုလည်း လက်ခံကြသည်။ တနည်းအားဖြင့် ထိုနိုင်ငံများသည် ဗြိတိန် လက်အောက်ခံနိုင်ငံ ဖြစ်ကြောင်းကို ကျေနပ်စွာ လက်ခံသည်ဟုလည်း ဆိုနိုင်သည်။

ဝန်ကြီးချုပ်ရာထူးအတွက်လိုအပ်ချက်နှင့် ရာထူးသက်တမ်းပြင်ဆင်

ဝန်ကြီးချုပ်ရာထူး အတွက် သတ်မှတ်ပုံမှာ အတန်ပင် လွယ်ကူရှင်းလင်းသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးပါတီများမှ လွှတ်တော်အတွင်း အနိုင်ရရေးအတွက် လွှတ်တော်အမတ် လောင်း(ကိုယ်စားလှယ်လောင်း)များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ လွှတ်တော်တွင် အမတ်နေရာ အများဆုံးရသည့် ပါတီ၏ ခေါင်းဆောင်မှာ ဝန်ကြီးချုပ်ရာထူးကို အလိုအလျှောက်ရခြင်းဖြစ်သည်။ လွှတ်တော်တွင် ပါတီတစ်ခုတည်းက ကြီးစိုးနိုင်ခြင်းမရှိလျှင် ပါတီများ ပေါင်းစည်းကာ ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး ၎င်းတို့အထဲမှ အင်အားအကြီးဆုံး ပါတီ၏ ခေါင်းဆောင်မှ ဝန်ကြီးချုပ်ရာထူးကို ရယူသည်။ထိုသို့ အလိုအလျှောက် ရာထူးရယူခြင်းမဟုတ်ပဲ လွှတ်တော်တွင်းတွင်ရွေးကောက်ပွဲကျင်းပကာ ရွေးကောက်သည့်တိုင် ထိုပါတီခေါင်းဆောင်မှာ လွှတ်တော်အတွင်း မိမိ၏ပါတီမှ အမတ်အများစုဖြစ်ပြီးဖြစ်သည့်အတွက် အနိုင်ရမြဲဖြစ်သည်။ တခါတရံတွင်မူ ထိုပါတီခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ်ရာထူးကိုလက်ခံရန် အခက်အခဲရှိလျှင်သော်လည်းကောင်း၊ ဝန်ကြီးချုပ်ရာထူးကို လက်ခံရန်ဆန္ဒမရှိလျှင်သော်လည်းကောင်း ပါတီတွင်းမှ အရည်အချင်းရှိပြီးလက်ခံနိုင်သည့်သူတဦးဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်နိုင်သည်။ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အာဏာရပါတီဖြစ်သည့် ကွန်ဂရက်ပါတီမှခေါင်းဆောင်ဖြစ်သူ ဆိုနီယာဂန္ဒီက ရာထူးလက်ခံလိုခြင်းမရှိ၍ ပါတီတွင်းမှ မန်မိုဟန်ဆင်န်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့သည်။ သို့သော် အရေးကြီးသည့် အထက်ပါ အချက်မှလွဲလျှင် ဝန်ကြီးချုပ်ရာထူးအတွက် အခြားကန့်သတ်ချက်အချို့မှာ နိုင်ငံအလိုက် အနည်းနှင့်အများ ကွဲပြားလေ့ရှိပါသေးသည်။ ဝန်ကြီးချုပ်၏ ရာထူးသက်တမ်းမှာ ယေဘူယျအားဖြင့် တစ်ကြိမ်ကို ၄နှစ်၊ ၅နှစ် မှ ရနှစ်အထိ သတ်မှတ်လေ့ရှိပြီး အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ တာဝန်ယူနိုင်သည်။

ဝန်ကြီးချုပ်၏အခွင့်အာဏာပြင်ဆင်

ဝန်ကြီးချုပ်သည် နိုင်ငံအုပ်ချုပ်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ဝန်ကြီးများ ခန့်အပ်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။အုပ်ချုပ်ရေးတွင် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဋ္ဌာန်းသတ်မှတ်ရသည်။ သို့သော် ထိုဥပဒေသည် လွှတ်တော်တွင် အတည်ပြုချက်တောင်းခံရပြီး လွှတ်တော်မှ မဲခွဲဆုံးဖြတ်ကာ ကန့်ကွက်ခံရလျှင် ပျက်ပြယ်သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။

ဝန်ကြီးချုပ်အား ရာထူးမှ ပြန်လည်ဖြုတ်ချခြင်းပြင်ဆင်

ဝန်ကြီးချုပ်အား ရာထူးမှ ပြန်လည်ဖြုတ်ချရန် (သို့) ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲရန်အတွက် လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းကာ မဲခွဲဆုံးဖြတ်လေ့ရှိသည်။ အဓိကအားဖြင့် တိုင်းပြည်၏ အရေးကိစ္စများကို ပြီးပြည့်စုံအောင် ဖြေရှင်းမပေးနိုင်ခြင်း၊ ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ နိုင်ငံရေးအရ အကျပ်အတည်းများကို ရှောင်လွှဲမရနိုင်တော့ခြင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း အစရှိသည်တို့အတွက် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် အယုံအကြည်မရှိ အဆိုတင်သွင်းကာ မဲခွဲဆုံးဖြတ်လေ့ရှိသည်။

နောက်ယောင်ခံအစိုးရအဖွဲ့ပြင်ဆင်

တိုင်းပြည်အချို့တွင် အာဏာရပါတီ၏ အစိုးရလက်ထက်တွင် ၎င်းတို့၏ အမှားအယွင်းများနှင့် အားနည်းချက်များကို လေ့လာစောင့်ကြည့်ရန်၊ ဖော်ထုတ်ဝေဖန်ရန် အတွက် ပြိုင်ဖက် အတိုက်အခံပါတီများက နောက်ယောင်ခံ အစိုးရအဖွဲ့ ကိုဖွဲ့စည်းတတ်ကြသည်။ ဥပမာအားဖြင့် လက်ရှိဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် လေဘာပါတီ ခေါင်းဆောင်ဖြစ်ပြီး ယခင် ကွန်ဆာဗေးတစ်ပါတီ အစိုးရလက်ထက်တွင် လေဘာပါတီမှ ဖွဲ့စည်းသည့် နောက်ယောင်ခံ အစိုးရတွင် ဘဏ္ဏာရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့ဖူးသည်။ ထိုသို့ ဖွဲ့စည်းခြင်းဖြင့် တိုင်းပြည်အုပ်ချုပ်သည့် အာဏာရပါတီ အနေဖြင့် ကျင့်ဝတ်ကောင်းရန်၊ လမ်းစဉ်မှန်ကန်မှုရှိရန်၊ မလျှော်ကန်သည့် အမှုမျိုးမလုပ်နိုင်ရန် ထိန်းကွပ်ပြီးသကဲ့သို့ ဖြစ်ပြီးသွားသည်။ သို့သော် ရင့်ကျက်မှုနည်း သည့်၊ ရန်လိုတတ်သည့်၊ ဆင်ခြင်တုံတရား နည်းသည့် အတိုက်အခံတို့နှင့် တွေ့လျှင် အစိုးရအနေဖြင့် အခက်အခဲတွေ့နိုင်သည့် အတွက် အစိုးရ၊ အတိုက်အခံ နှစ်ဖက်လုံးမှ မျှတပြီး ရင့်ကျက်ရန်၊ တိုင်းပြည်အကျိုးကို ဦးစားပေးရန်လိုသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခံယူချက် အားနည်းကာ ရင့်ကျက်မှု နည်းသည့်အတွက် မကြာခဏ စစ်တပ်မှ အာဏာသိမ်းခြင်း၊ ဝန်ကြီးချုပ် အပြောင်းအလဲများခြင်း၊ မကြာခဏ ဆူပူဆန္ဒပြခြင်းတို့ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

ထင်ရှားသောပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံများပြင်ဆင်

ကမ္ဘာပေါ်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံ အများအပြားရှိသည့်အနက် ထင်ရှားသိသာသည့် နိုင်ငံအချို့မှာအောက်ပါတို့ဖြစ်သည်။