ပျူမင်းထီး

(ပျူစောထီး မှ ပြန်ညွှန်းထားသည်)

ပျူစောထီး (သို့) ပျူမင်းထီး သည် မြန်မာပြည်၏ ရှေးဦးပုဂံခေတ်မှ ဒဏ္ဍာရီဆန်သော ဘုရင်တစ်ပါးဖြစ်သည်။ မြန်မာရာဇဝင်ပုံပြင်များအရ ထိုသူသည် သက္ကရာဇ် ၁၆၇ မှ ၂၄၂ အထိစိုးစံခဲ့သည်ဟု ရေးသားဖော်ပြကြသည်။ (၁၈)ရာစု နန်းစဉ်မှတ်တမ်းများက ပျူစောထီးသည် နေနတ်သားနှင့် နဂါးမတို့မှ ဆင်းသက်လာသူဖြစ်ကာ ပုဂံကိုတည်ထောင်သူဟူ၍ ဖော်ပြကြသည်။ ကုန်းဘောင်မင်းဆက်ခေတ် တော်ဝင်မှတ်တမ်းဖြစ်သော (၁၈၃၂)က မှန်နန်းရာဇဝင်တွင် ၎င်းသည် တကောင်းပြည်၏ မျိုးဆက်ဖြစ်၍ မျိုးရိုးနောက်ပြန်လိုက်လျှင် ဗုဒ္ဓဘာသာဒဏ္ဍာရီလာ ကမ္ဘာ့ပထမဆုံး ဘုရင် မဟာသမ္မတမင်းမှ ဆင်းသက်သည်ဟု ဖော်ပြသည်။[၁][၂]

ပျူစောထီး
Pyusawhti.jpg
ပထမ ပုဂံမင်းဆက်
နန်းသက်သက္ကရာဇ် ၁၆၇ - ၂၄၂/၂၄၃ ဝန်းကျင်ခန့် (သို့)
ရှစ်ရာစုနှောင်း
ရှေ့မင်းဆက်ရသေ့ကြောင်
ဆက်ခံသူထီးမင်းယဉ်
ကွယ်လွန်ပုဂံ
အိမ်ထောင်ဖက်သီရိစန္ဒာဒေဝီ

ပညာရပ်ဆိုင်ရာလေ့လာမှုများက မှန်းဆကြသည်မှာ ပျူစောထီးသည် ၈ရာစု အလယ်မှ နှောင်းပိုင်းအထိ သမိုင်း၌ အမှန်တကယ် တည်ရှိနိုင်သည့် အလားအလာရှိကာ ထိုသူသည် နန်ကျောက်တို့၏ ဧရာဝတီတောင်ကြားဒေသကို စစ်ဆင်နွှဲရာ၌ ပါလာသော နန်ကျောက်ပြည်မှ ရောက်ရှိလာခဲ့သောပုဂ္ဂိုလ် ဖြစ်သည်ဟုဆိုသည်။[၃]

ပျူမင်းထီး(ခ) ပျူစောထီး(၁၆၇-၂၄၂)ပြင်ဆင်

 
ပျူစောထီးက ရှူးပျံငှက်ကြီးအား ပစ်ခတ်နေပုံကို ပန်းချီဆရာတစ်ဦးက စိတ်မှန်းရေးဆွဲထားပုံ

ရှေးအခါက ပုဂံပြည်တွင် စိုးစံနေသော သမုဒ္ဒရာဇ်မင်းလက်ထက်၌ ငှက်ကြီး-ဝက်ကြီး-ကျားကြီးနှင့် ရှူးပျံကြီး (သတ္တဝါကြီးလေးကောင်)တို့သည် တိုင်းပြည်မငြိမ်သက်အောင် နှောင့်ယှက် မင်းမူနေကြသည်။ ထိုရန်သူတို့ကို ဖြိုခွင်းရန်အတွက် ပျူစောထီးမင်းသား ပေါ်ထွက်လာလေသည်။ထိုရန်သူတို့ကို စွမ်းအားသတ္တိနှင့် ပြည့်စုံသော ပျူစောထီးက ဖြိုဖျက်လိုက်လေသည်။ (သမုဒ္ဒရာဇ်မင်းမှာ သာသနာ ၆၇၁ မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်)

"ရှေးမြန်မာတို့သည် နန်ကျောင် (နန်ကျောက်)တို့နှင့် တွဲဖက်နေရစဉ် မှတ်သားမိသောဝတ္ထုပုံပြင်များလည်း မြန်မာတို့တွင်ပါလာသည်။ ပျူစောထီးမှာ စင်စစ်အားဖြင့် နန်ကျောင်ပုံပြင်မှ သူရဲကောင်းသာဖြစ်သည်။ အဖ၏ နောက်ဆုံးအမည်ကို သား၏ အမည်အစတွင်ယူ၍ မှည့်ခြင်းမှာ နန်ကျောင်ဓလေ့ဖြစ်သည်။ ထင်ရှားအောင်ပြသရပါမူ ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်၊ ကြောင်ဒူရစ် ဟူသော ခြောက်မည်တွဲကိုကြည့်လျှင် ရှေ့အမည်အဆုံးကိုယူ၍ နောက်အမည်စသည်ကိုတွေ့ရသည်ဟု မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သုံးသပ်သည်။[၄]

လေးအတတ်ပညာပြင်ဆင်

ပျူစောထီးသည် တကောင်းမင်းမျိုး အဆက်အနွယ်ဖြစ်သော သတိုးအာဒိစ္စရာဇာမင်း၏ သားတော်တစ်ပါးဖြစ်သည်။ သူသည် တိုင်းပြည် မငြိမ်မသက်ဖြစ်စဉ်အခါ ဤ ပုဂံပြည်အနီးသို့ ခိုအောင်းဝင်ရောက်လာ၍ လူအိုလင်မယားထံတွင် ခေတ္တမှီခိုနေထိုင်ခဲ့ရသည်။ပျူအိုလင်မယား ကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ ပျူစောထီးသည် လေးအတတ်ကို ခုနစ်နှစ်သားလောက်ကပင် တတ်မြောက်ခဲ့၏။ ယခု ၁၆ နှစ်သား အရွယ်၌ကား အလွန်အကျူး အထူးတတ်မြောက်လေသည်။ တစ်ခါသော် ပျူစောထီးသည် မိမိ၏ လေးမြားကို စမ်းလို၍ တောသို့လှည့်ပတ်အံ့ဟု ပျူအို လင်မယားထံ၌ ခွင့်တောင်းလေရာ ၎င်းတို့ကလည်း ချစ်ခင်စိုးရိမ်စွာဖြင့် ဤသို့ ဆိုကြ၏။ " ချစ်သား ပုဂံပြည်တွင် အရှေ့မျက်နှာအရပ်၌ အလွန် အားအင်ကြီးသော ဝက်ကြီး တစ်ကောင်သည် အရံဝက်များနှင့် ပြည်ရွာတွင်းသို့ ဝင်ရောက်ကာ လူတို့ စိုက်ပျိုးထားသော အသီးအနှံ စပါးဆန်တို့ကို တူးဆွဖျက်ဆီး စားသောက် နှောက်ယှက်၏။ လူတို့ကိုလည်း ရန်မူ၏။ မင်းကြီး မနိုင်နိုင်၍ ထမင်း ၊ ဖရုံသီး ၊ ဖွဲနုတို့ကို ထိုဝက်ကြီးတို့အား နေ့တိုင်း ပေးရ ကျွေးရ၏။ " " အနောက်မျက်နှာ၌ အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်သည် အရံငှက်များနှင့် အလွန် သောင်းကျန်းနေ၏။ တစ်ခါတစ်ရံ လူများကိုပင် ထိုးသုတ်ပေါက်သတ် စားလေသည်။ ဤငှက်ကြီးကိုလည်း မင်းကြီးမနိုင်၍ အစားအစာ ပေး၍ ကျွေးနေရ၏။ " " တောင်မျက်နှာ၌ ကျားကြီးတစ်ကောင်သည် အရံကျားများနှင့် အစဉ်မပြတ်လိုပင် ပြည်ရွာတွင်းသို့ ဝင်၍ လူသူ ကျွဲနွားတို့ကို ကိုက်ယူ စားသောက်လေသည်။ ဤရန်သူကိုလည်း မင်းကြီးမနိုင်လေ။ " " မြောက်မျက်နှာ၌ ရှူးပျံတို့သည် လူတို့၏ အဝတ်အစား ၊ အသုံးအဆောင် ၊ အိမ်မိုးသက်ငယ်မှ မကျန် တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးတတ်၏။ " " ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက် တစ်ခုရှိသေး၏။ ငါတို့ပုဂံပြည် တစ်ဝန်း၌ ဘူးခါးပင်တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်၏။ အနွယ်အတက်တို့မှာ အလွန်လျင်မြန်စွာ ပွား၏။ တစ်ပင်တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာ၏။ လူသူ မနေနိုင်လောက်အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင်လောက်အောင် အနှောင့်အယှက် ဖြစ်နေ၏။ " " ဤသို့လျှင် ဝက် ၊ ငှက် ၊ ကျား ၊ ရှူးပျံ ၊ ဘူး တည်းဟူသော ရန်သူအနှောင့်အယှက်တို ငါတို့ ပုဂံပြည်ကို နှိပ်စက်နေသည်မှာ ယခု ၁၂ နှစ်တိုင်တိုင် ရှိလေပြီ။ ချစ်သား သတိနှင့်သွားပါ ၊ ငါတို့စိုးရိမ်၏ " ဟု ဆိုကြ၏။ တစ်နေ့သော် လေးအတတ်ကို စမ်းသပ်ကြည့်အံ့ဟု စိတ်ကူးကြံစည်မိသော ပျူစောထီးသည် မိမိ၏လေးမြားကို ယူ၍ တောထဲသို့ ထွက်လာလေ၏။ပျူစောထီးကား မိမိ၏အစွမ်း လေးမြားကို အားကိုး၍ ထိုရန်သူများ ရှိရာသို့ပင် သွားရောက်လေ၏။ ရှေးဦးစွာ ဝက်ကြီးကို တွေ့လေလျှင် ဝက်ကြီးသည် မာန်ဖီ၍ အမွေးအမှင် ထောင်လျက် ပုတ်လောက်ကြီးသော ကျောက်တုံး မြေတုံးတို့ကို တူးဖော်ကာ သစ်ပင်ကြီးငယ်တို့ကို ထိုးကြိတ် ဖြိုလှဲပြီးလျှင် မင်းသားကို ထိုးပက် ရန် ပြေးလာလေ၏။ မင်းသားက လေးဖြင့် ပစ်လိုက်ရာ မြားထိ၍ ဝက်ကြီးမှာ လေးမြား၏ ဒါဏ်ချက်ကြောင့် သေဆုံးသွားတော့သည်။

ငှက်ကြီးကို ပစ်ခွင်းခြင်းပြင်ဆင်

ဝက်ကြီးသေပြီးနောက် ၃ ရက်ကြာသောအခါ ငှက်ကြီး ရှိရာသို့ ထွက်လာခဲ့ပြန်သည်။ ထိုနေ့တွင်မင်းကြီးထံမှ ငှက်စာပို့ရသော ငှက်စာဆော် ငကော် သည် မိန်းမပျို ခုနစ်ယောက်နှင့် ငှက်စာပို့ရန် လာသည်ကို ပျူစောထီးနှင့် တွေ့ကြသောအခါ ပျူစောထီးက မိန်းမပျို ခုနှစ်ယောက်၏ အသက်ကို ကယ်ဆယ်ပြီးလျှင်" ငှက်စာမပို့နှင့် ၊ ငှက်ကြီးကို ငါ သတ်မည် " ဟုပြောကာ ထိုမိန်းမပျို ခုနစ်ယောက်ကိုလည်း သိမ်းယူလိုက်လေ၏။ ငှက်ကြီးသည်လည်း လက်ပံပင်ကြီး သုံးပင်တွင် အလယ်ပင်၌ နား၍ ဘေးနှစ်ပင်တွင် အတောင် တင်ထား၏။ မင်းသားကို မြင်သော် အစာလည်း မစားရသည်နှင့် ပြင်းစွာအမျက်ထွက်၍ အစွမ်းသတ္တိ အမျိုးမျိုး ပြပြီးသော် မင်းသားကို ပေါက်လိုက်၏။ မင်းသားလည်း လေးကို ထောက်၍ နောက်သို့ ခုန်လိုက်သည်မှာ အတောင် ၇၀ မျှ ရောက်လေ၏။ လူကိုမထိဘဲ မြေကို ပေါက်မိ၍ နှုတ်သီးတွင် ပါလာသော မြေကြီးကို ထွေးအန်ပစ်ရာ တောင်ငယ်မျှ ရှိနေသည်ကို ယခုတိုင် ' ငှက်အန်တောင် ' ဟုခေါ်ကြသည်။ မင်းသားကား ကြောက်လန့်ခြင်း မရှိဘဲ ကြုံးဝါးပြီးလျှင် လေးနှင့်ပစ်လိုက်ရာ ငှက်ကြီးကို ထိမှန်၍ ငှက်ကြီးစင်းစင်း သေလေ၏။ ငှက်တောင်တချောင်းကို နုတ်၍ မိန်းမပျို ခုနစ်ယောက်အား ရွက်စေရာ အနိုင်နိုင်ပင် ရွက်ရလေသည်။ ပြီးမှ " သင်တို့ မင်းကြီးအား သွား၍ ဆက်ချေ " ဟု စေလိုက်၏။ မိန်းမပျိုတို့လည်း လမ်းတွင် ငှက်တောင်လေး၍ မရွက်နိုင်သဖြင့် ပစ်ခဲ့လေ၏။ ထိုအရပ်ကို ' ငှက်တောင်ပစ် ' ဟူ၍ လည်းကောင်း ၊ ငှက်ကြီးကို ပစ်သတ်သောနေရာကို ' ငှက်ပစ်တောင် ' ဟူ၍ လည်းကောင်း ယခုတိုင် ခေါ်ကြလေသည်။

မင်းအဖြစ်ကို ရရှိခြင်းပြင်ဆင်

၁၃ နှစ်တိုင်တိုင် နှောင့်ယှက် နှိပ်စက်နေကြသော ရန်သူတို့ သေလေပြီ ဖြစ်ကြောင်း မိန်းမပျိုတို့ လျှောက်၍ မင်းကြီး ကြားရသော် အလွန်နှစ်သက်ဝမ်းမြောက်၍ စစ်သည် ဗိုလ်ပါနှင့်တကွ ပျူစောထီးရှိရာသို့ လာရောက်လေ၏။ တွေ့ရမှ " အဘယ် အမျိုးအနွယ် ဖြစ်သနည်း ၊ အဘယ်လက်နက်ဖြင့် သတ်သနည်း " ဟု မေးတော်မူသော် ဟုတ်တိုင်းကို လျှောက်ပေ၏။ ထိုအကြောင်းကို ပုဂံပြည့်ရှင်မင်းကြီး ကြားသိရသော် အလွန်နှစ်သက် အားရတော် မူသဖြင့် အမျိုးအရိုး ဘုန်းလက်ရုံးနှင့် ပြည့်စုံသည် ဖြစ်ပေသည်ဟု သမီးတော် စန္ဒာဒေဝီနှင့် ပျူစောထီးကို လက်ထပ်ထိမ်းမြားပေး၍ အိမ်ရှေ့မင်းရာထူးဖြင့် ချီးမြှောက်တော်မူသည်။ နောက်သော် ပျူစောထီး မင်း ဖြစ်၏။ သို့သော် သမုဒ္ဒရာဇ်မင်း လွန်သောအခါတွင် ပျူစောထီးက ကျေးဇူးရှင် ဆရာရသေ့ရသေ့ကြောင်မင်း ကို ပင့်ဖိတ်၍ ပုဂံတွင် မင်းပြုစေသည်။ ရသေ့ကြောင်မင်း မင်းစည်းစိမ် ၁၅-နှစ်တွင် နတ်ရွာစံတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၉-ခုနှစ်တွင် ပျူစောထီး နန်းတက်၏။ ရွာ(၁၉)ရွာကိုပေါင်း၍ အရိမဒ္ဒနာသမုတ်၍ မြို့တည်လေသည်။

ပျူစောထီးသည် ဥမှပေါက်သည့်အတွက် ဥခွန်ပေါက်ရာ အရပ်၌ ဥမင်နှင့် ဘုရား တည်တော်မူသည်။ ငှက်ကြီးခွင်းရာအရပ်၌ ဥမင်နှင့် ဘုရားတစ်ဆူ၊ လေးရရာအရပ်၌ ဘုရားတစ်ဆူ၊ မြှားရရာအရပ်၌ ဘုရားတစ်ဆူ၊ ငှက်တောင်ပစ်ရရာ၌ ဘုရားတစ်ဆူ၊ သမီးငှက်ရရာ၌ ဘုရားတစ်ဆူ၊ ကျားကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဝက်ကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ရှူးပျံခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဗျိုင်းဂူ၊ ဖွတ်ဂူ၊ ဘားဂူ၊ ပေါက်ပင်ဂူ၊ ဗူးဘုရားတစ်ဆူ၊ စသည့်ကောင်းမှုများကိုလည်း ပြုတော်မူသည်။


တရုတ်မြို့ကို တည်တော်မူသည်။ တရုတ်မြို့၌ သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောစေတီကိုလည်း ထပ်မံ၍ ပြုပြင်တော်မူသည်။ ရွာသစ်ကြီးအရပ်၌ ဆံတော်ရှင်ဘုရားကိုလည်း တည်တော်မူသည်။ ၎င်းဆံတော်ရှင်ဘုရားကို ငတပါးမင်း စ၍ တည်သည်ဟူ၍ သူကောင်းတို့ ပြောကြသည်။ မုံရွေးအရှေ့၊ ဆင်ဖြူရတောင်ထိပ် သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောဘုရားကိုလည်း တည်တော်မူသည်။ နောင် မိုးညှင်းမင်းတို့ ထပ်မံ၍ တည်တော်မူလေပြီး မုဋ္ဌော မတွင်၊ ရွှေမြင်တင်ဟု တွင်သည်။ မင်းစည်းစိမ် (၇၅)နှစ်တွင် အနိစ္စရောက်တော်မူသည်။ [၅]


ပျူစောထီးသည် အလွန်ပင် ခွန်အားဗလ ကောင်းသဖြင့် အသက် ၁၁၀ တိုင်အောင် ထီးနန်းစိုးစံခဲ့ရသည်။ ဤပျူစောထီးမင်းသည် အရပ် ငါးတောင် ၊ လုံးပတ် သုံးတောင်မျှ ရှိ၍ အားအင်ကြီးမား သန်စွမ်းလေသည်။ ထိုသို့ ကျန်းမာလေ သဖြင့်လည်း အသက် ၁၁၀ ရှည်လေသည် အလွန်ထူးမြတ်သော ပုဂံမင်းတစ်ပါး ဖြစ်လေသတည်း။ငှက်ကြီးကို ပစ်သတ်သော နေရာအား ယခုထက်တိုင် "ငှက်ပစ်တောင်" ဟု ခေါ်နေကြသည်။ [၆]

ကိုးကားပြင်ဆင်

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named tt-1964-ix-x
  2. Lieberman 2003: 196
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named geh-308
  4. ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင် (တအကြိမ်)၊ p.132
  5. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။
  6. မြန်မာ့သမိုင်းပုံပြင်၊ ၁၉၅၂ ခုနှစ်၊ စာမျက်နှာ-၁၈