မဂဓတိုင်း၌ ဖြစ်သောစကား၊ မဂဓတိုင်းသုံး ဘာသာစကား၊ အရိယလူမျိုးတို့ ခေါ်ဝေါ် ပြောဆိုအပ်သော စကား။ (ယင်းဘာသာ စကားကို ကမ္ဘာဦး လူသား, ဗြဟ္မာ, သူတစ်ပါးတို့ စကားပြောသံ မကြားရသေးသော ကလေးနှင့် တောတွင်းလူရိုင်း, ဘုရားရှင်တို့ ပြောဆိုကြသည်။ [၁] [၂]

မာဂဓဘာသာ ပြင်ဆင်ရန်

မာဂဓဘာသာဟူသည် (ယင်း အမည်ကပင် ညွှန်ပြထားပြီးဖြစ်၍) မဂဓတိုင်းသားတို့ ပြောဆို သုံးစွဲသော ဘာသာဖြစ်ကြောင်း ထင်ရှားပေပြီ၊ ဤဘာသာဖြင့် မှတ်တမ်းတင်ထားသည့်အရာမှာ ဗုဒ္ဓမြတ်စွာ၏ တရားတော်များဖြစ်ရကား ယင်း မာဂဓဘာသာဟူသည်မှာလည်း ဗုဒ္ဓမြတ်စွာ ပေါ်ထွန်းချိန်ခေတ်နှင့် ထိုခေတ်၏ အနီးဖြစ်သည့် ရှေ့နောက်ခေတ်တို့၌ မဂဓတိုင်းသူ တိုင်းသားတို့ ပြောဆိုသုံးစွဲကြသောဘာသာ ဖြစ်သည်ဟုလည်း ထပ်ဆင့် မှတ်သားရာ၏။[၃][၄]

မာဂဓဘာသာဖြင့်ပင် တရားဟော ပြင်ဆင်ရန်

ဘုရားရှင်ကိုယ်တော်မြတ်သည်လည်း မာဂဓဘာသာဖြင့်ပင် တရားတော်များကို ဟောကြားတော်မူခဲ့သည်ဟု မှတ်ယူအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင် သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိမြင်ရာအရပ်သည် မဂဓဒေသ = မဂဓတိုင်း ဖြစ်၏၊ ဘုရားရှင် ဒေသစာရီ ကြွချီ၍ သတ္တဝါအပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးရာ အရပ်သည်လည်း ယေဘုယျအားဖြင့် မဂဓတိုင်းနှင့် ကောသလတိုင်းတို့ ဖြစ်၏၊ ထိုအခါကလည်း မဂဓတိုင်း ရှင်ဘုရင်တို့ တန်ခိုးအာဏာ ကြီးမားချိန်ဖြစ်၍ မာဂဓဘာသာကို ၎င်းအရပ်တို့တွင် လူတိုင်းပင် နားလည်မည် ဖြစ်ရကား ဘုရားရှင်သည် ယင်း လူတိုင်းနားလည်နိုင်မည့် မာဂဓဘာသာဖြင့် ဟောကြားတော် မူမည်ဖြစ်လေသည်။ ထို့ကြောင့်လည်း သမ္မောဟဝိနောဒနီအဋ္ဌကထာ ပဋိသမ္ဘိဒါဝိဘင်းအဖွင့်၌ “မြတ်စွာဘုရားသည်လည်း ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို ပါဠိတော်အစဉ်သို့ တင်တော်မူသောအခါ မာဂဓဘာသာဖြင့်သာလျှင် တင်တော်မူသည်[၅]ဟု မိန့်ဆိုလျက်ရှိလေသည်။ [၄]

ဖောက်ပြန်ပြောင်းလွဲခြင်းမရှိသော ဘာသာ ပြင်ဆင်ရန်

ယင်း မာဂဓဘာသာကား သဘာဝနိရုတ္တိဖြစ်မှုဟူသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသဖြင့် ဘာသာတကာတို့ထက် ထူးခြားသော ဘာသာဖြစ်၏။ သဘာဝနိရုတ္တိဟူသည်မှာ မိမိဆိုလိုသော အနက်အဓိပ္ပါယ်ကို ဖောက်ပြန်ပြောင်းလွဲခြင်းမရှိပဲ တိတိကျကျ ဖော်ပြနိုင်စွမ်းသည်ဖြစ်၍ ဘုရားရှင် စသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ သုံးစွဲအပ်သောဘာသာဟု ဆိုလိုသည်။[၆] တနည်းအားဖြင့် ဆိုရလျှင် ဖောက်လွှဲဖောက်ပြန် တိမ်းယိမ်းပျက်စီးခြင်း မရှိ ပကတိအတိုင်း တည်သော ဘာသာဟု ဆိုလိုပေသည်။

အခြားသောဘာသာတို့သည် ကာလတစ်ပါးသို့ရောက်လျှင် ဧကန် ပြောင်းလဲပျက်စီးကြ၏၊ မာဂဓဘာသာကား နေရာအချို့၌ဖြစ်စေ တခါတရံ၌ဖြစ်စေ ပြောဆိုသူတို့ အလွဲလွဲ အမှားမှား ရွှတ်ဆိုသင်ယူခြင်းစသောအကြောင်းကြောင့် ဖောက်ပြန် ပြောင်းလဲ ပျက်စီးရာသော်လည်း နေရာ အားလုံး၌ဖြစ်စေ အခါခပ်သိမ်းဖြစ်စေ ပြောင်းလဲခြင်း မရှိပေ။[၇] [၄]

ကမ္ဘာဦးလူသားတို့၏ ဘာသာ ပြင်ဆင်ရန်

အကြောင်းကား “ငရဲဘုံ, တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံ, လူ့ပြည်,[၈] နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ မာဂဓဘာသာကိုသာ အပြော များ၏”ဟု သမ္မောဟဝိနောဒနီ၌[၉] မိန့်ဆိုချက်အရ ကမ္ဘာပျက်သောအခါမှာပင် ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအားဖြင့် တည်ရှိနိုင်သောကြောင့်တည်း။

ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအတိုင်း မဖောက်မပြန် တည်ရှိခဲ့သောကြောင့်လည်း မာဂဓဘာသာသည် ကမ္ဘာဦးလူသားတို့၏ ဘာသာလည်း ဖြစ်ခဲ့ပေသည်။ ထင်ရှားစေဦးအံ့- ကမ္ဘာဦးလူသားတို့မှာ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်သို့ ဥပပါတ် ပဋိသန္ဓေအားဖြင့် ရောက်လာကြသူများဖြစ်ကြ၏။ ၎င်းတို့သည် ဗြဟ္မာ့ပြည်၌ရှိစဉ်က ဗြဟ္မာ့ပြည်တွင် အများသုံး မာဂဓဘာသာကို ပြောဆိုခဲ့ကြသူများ ဖြစ်၍ လူ့ပြည်၌ လူသားအဖြစ်ဖြင့် ဖြစ်လာကြသောအခါ မာဂဓဘာသာကိုပင် ပြောဆိုကြပေလိမ့်မည်။ ထို့ကြောင့်ပင် မာဂဓဘာသာကို ပြောသူများ စာရင်း၌ ကမ္ဘာဦးလူသားတို့ကိုပါ ထည့်သွင်း၍ ကျမ်းဂန်တို့၌[၁၀] ပြဆိုခဲ့ကြခြင်းဖြစ်ပေသည်။ ကမ္ဘာဦးလူသားတို့ မာဂဓဘာသာကိုပြောသည်ဟု သိရသဖြင့် မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းဖြစ်သော မူလဘာသာလည်း ဖြစ်တော့သည်၊ သို့ဖြစ်၍လည်း မာဂဓဘာသာ ဝါ-ပါဠိ-ဘာသာကို မူလဘာသာဟု သုံးစွဲသည်ကိုလည်း တွေ့ရခြင်းဖြစ်ပေသည်။ [၁၁][၄]

အနမတဂ္ဂသံသရာ ခရီး၌ ပြောခဲ့သော ဘာသာ ပြင်ဆင်ရန်

၎င်းပြင် – မာဂဓဘာသာသည် သဘာဝနိရုတ္တိဖြစ်သည့်အလျောက် အခြား မည်သည့်စကားသံ ကိုမျှ မကြားရသူသည် အလိုအလျောက် ကြံဖန်ပြောဆိုနိုင်ပါမူ မာဂဓဘာသာသို့ သက်ဝင်သောစကားကိုသာ ပြောဆိုပေလိမ့်မည်”[၁၂] ဟု သမ္မောဟဝိနောဒနီ၌ မိန့်ဆိုလျက် ရှိ၏။ ၎င်း၌ ဆိုလိုသည်မှာ အနမတဂ္ဂသံသရာ ခရီး၌ မာဂဓဘာသာကို မရေမတွက်နိုင်အောင် ပြောကြားလေ့ ကျက်ခဲ့ဘူးလှပြီဖြစ်၍ သံသရာခရီးသည်မှန်သမျှ မာဂဓဘာသာ ဗီဇမျိုးစေ့ ကိန်းလျက်ရှိရကား စကားပြောရန်အချိန်တန်၍ အခြားမည်သည့်ဘာသာစကားသံကိုမျှ မကြားဘူးသူဖြစ်ပါက အလိုအလျောက် သဘာဝနိရုတ္တိဗီဇမှ ထ၍ပေါက်လာသော မာဂဓဘာသာကိုပင် ပြောဆိုပေလိမ့်မည်ဟု ဆိုလိုရင်းဖြစ်ပေသည်။ ယင်းသို့ ပြောနိုင်သည်ဆိုသော်လည်း အဘယာရာမဆရာတော် မိန့်တော်မူသည်နှင့်အညီ ပြည့်စုံသော မာဂဓဘာသာ မဖြစ်ရာ၊ အနည်းငယ်မျှသော မာဂဓပျက် စကားသာ ဖြစ်တန်ရာသည်၊ ပြည့်စုံသော မာဂဓဘာသာကို လေ့လာသင်ကြားသူပင် တတ်နိုင်ခဲစွ၊ အလိုအလျောက် ဘယ်မှာတက်နိုင်ပါအံ့နည်း။ [၁၃]

ထို့ပြင်လည်း ပါဠိဟုဆိုအပ်သော မာဂဓဘာသာသည် သဘာဝနိရုတ္တိဖြစ်၍ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏ အရာလည်း ဖြစ်၏။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကိုရလျှင် မာဂဓဘာသာကို အလိုအလျောက် တတ်နိုင်သည့်နည်းတူ မာဂဓဘာသာ၌ ကျွမ်းကျင်လိမ္မာခြင်းသည်လည်း ပဋိသမ္ဘိဒါဉာဏ်ကို ရခြင်း၏ အကြောင်းတစ်ပါးဖြစ်လေသည်။[၁၄][၄]

ဝိနည်းကံဆောင်ရာမှာ ကျေးဇူးများ ပြင်ဆင်ရန်

မာဂဓဘာသာသည် ဆိုခဲ့ပြီးသော ဂုဏ်တို့နှင့်သာ ပြည့်စုံသည်မဟုတ်သေး၊ သာသနာတော်၏ အသက်ဟုဆိုအပ်သော ဝိနည်းကံဆောင်ရာတို့၌လည်း လွန်စွာကျေးဇူးများပေသည်။[၁၅] ထိုစကား မှန်၏၊ ရဟန်းခံခြင်း, သိမ်သမုတ်ခြင်း စသော သာသနာတော်၏ မူလဘူတဖြစ်သည့် သံဃာ့ကံတို့ကို အောင်မြင်ထမြောက်အောင် ဆောင်ရွက်ရာ၌ ဆိုင်ရာကမ္မဝါစာတို့သည် မပါလျှင် မပြီးသော အရာများဖြစ်ကြ၏၊ ၎င်းကမ္မဝါစာတို့ကို သိထိလ, ဓနိတ, ဝိမုတ္တ, နိဂ္ဂဟီတ ပီသအောင် ရွတ်ဖတ်နိုင်မှ ကံမြောက်၏၊ ယင်းသို့ ရွတ်ဖတ်နိုင်ရန်မှာလည်း မာဂဓပါဠိဘာသာဆိုင်ရာ ရွတ်ဖတ်နည်းဖြစ်သည့် သိထိလ, ဓနိတ စသော ဗျဉ္ဇနဗုဒ္ဓိဆယ်ပါးကို ကျွမ်းကျင်ရပေမည်။ ယင်းသို့ ကျွမ်းကျင်မှသာ ကမ္မဝါစာကို မပျက်မစီးစေပဲ ကံအထမြောက်အောင် ရွတ်ဖတ်နိုင်မည် ဖြစ်ပေသည်။[၁၆] မာဂဓဘာသာကို မတတ်လျှင်ကား ကမ္မဝါစာတို့ကို အောင်မြင်ထမြောက်အောင် ရွတ်ဖတ်နိုင်မည်မဟုတ်ပေ။ ယင်းသို့ဖြစ်၍ မာဂဓဘာသာသည် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ ရေး၌ အလွန် အရေးပါ အရာရောက်သော ဘာသာထူး ဘာသာမြတ် ဖြစ်လေတော့သည်။ [၄]

ဘုရားတရားကို ကိုယ်ပိုင်ဘာသာဖြင့်နားလည်ကြ ပြင်ဆင်ရန်

ဘုရားရှင်သည် မာဂဓဘာသာဖြင့် ဒေသနာဓမ္မစက်ကို ဟောမြွက်တော်မူသည်ဟု ဆိုခဲ့၏၊ ထိုသို့ ဖြစ်လျှင် မာဂဓဘာသာစကားမတတ်သူ ဝေနေယျတရားနာသူတို့မှာ တရားတော်ကို မည်သို့ နားလည်နိုင်ပါသနည်း ဟူသော ပြဿနာသည် ပေါ်ထွက်လာ၏၊ အဖြေကား—ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်တို့ကို ဟောကြားတော်မူသည်မှာ အမှန်ပင်၊ ထိုသို့ ဘုရားရှင်က မာဂဓဘာသာဖြင့် ဟောကြားသော်လည်း တရားနာယူသူ ဓမ္မပဋိဂ္ဂါဟကပုဂ္ဂိုလ်တို့ကမူကား မိမိတို့ သက်ဆိုင်ရာ ကိုယ်ပိုင်ဘာသာဖြင့်ပင် နားလည်ကြလေသည်။ ဥပမာ—ဒမိဠလူမျိုးတို့ကလည်း ဒမိဠဘာသာစကားဖြင့် ဟောကြားနေသည်ဟုထင်၍ အန္ဓကလူမျိုးတို့ကလည်း အန္ဓကဘာသာဖြင့်ပင် ဟောညွှန်ပြသ ဆုံးမနေသည်ဟု ထင်လေသည်၊ ယင်းသို့ ထင်ရခြင်းသည်ပင် အစိန္တေယျ ဂုဏ်တော်လေးပါးတို့တွင် ဝါစာအစိန္တေယျ ဂုဏ်တော်ဟူသော ဘုရားရှင်၏ အာနုဘော်ပင် ဖြစ်လေသည်။ [၁၇][၄]

ပြာကြိုဋ်ဘာသာအပါအဝင်ဖြစ်သော မာဂဓီဘာသာမဟုတ် ပြင်ဆင်ရန်

အဋ္ဌကထာဋီကာတို့၌ မာဂဓဘာသာဟုခေါ်သော ပါဠိဘာသာကိုပင် ရူပသိဒ္ဓိ စသော ကျမ်းတို့၌ မာဂဓီဘာသာဟု ခေါ်ဝေါ်သည်ကို တွေ့ရသည်၊ အဘယာရာမဆရာတော်လည်း မောဂ္ဂလ္လာန်နိသျနိဒါန်း၌ မာဂဓီဘာသာဟုပင် သုံးစွဲရေးသားတော်မူသည်ကို တွေ့ရသည်၊သို့ ခေါ်ဝေါ်ရေးသားကြသော်လည်း မာဂဓဘာသာသည် ပြာကြိုဋ်ဘာသာတို့တွင်[၁၈] အပါအဝင် ဖြစ်သော မာဂဓီဘာသာကား မဟုတ်ပေ။ [၄]

မာဂဓီဘာသာအကြောင်း ပြင်ဆင်ရန်

ထိုစကားကို ချဲ့ဦးအံ့၊ ပြာကြိုဋ်ဘာသာတို့တွင် “မာဂဓီ” ခေါ်သော ဘာသာတစ်ခုလည်း အပါအဝင်ဖြစ်၏၊ ၎င်းဘာသာ၏ ဖြစ်ပေါ်ရာဒေသ သို့မဟုတ်၎င်းဘာသာကို သုံးစွဲရာဒေသကား (မာဂမီဟူသော ယင်းအမည်ကိုထောက်၍) မဂဓတိုင်းပင် ဖြစ်ပေသည်။[၁၉] ဤမာဂဓီဘာသာကို အသောကမင်းကြီး၏ နိုင်ငံတော်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ခါလသီ, မိရဋ, လောရိယာ, သဟသရာမ, ဗရာဗရ, ရာမဂဍ, ဓောလိနှင့် ဇောဂဍ စသောဌာနတို့တွင် တည်ရှိသော အသောကကျောက်စာများပေါ်တွင်တွေ့ရှိနိုင်ပေသည်။ ထို့နောက် နာဋက(ပြဇာတ်)ကျမ်းတို့တွင်အသုံးပြုသော ပြာကြိဋ် ဘာသာတို့တွင်လည်း မာဂဓီဘာသာပါရှိသည်ကို တွေ့ရှိရပြန်သည်။ မာဂဓီဘာသာကို အစောဆုံး အသုံးပြုသောကျမ်းကား အရှင်အဿဃောသ၏ နာဋကကျမ်းပင် ဖြစ်လေသည်၊ ၎င်း၏ နောက် တွင်ကား ဘာသ, ကာလိဒါသ စသော ဆရာကြီးတို့၏ နာဋကတို့၌လည်းကောင်း, မတ္တိကာသကဋိကာခေါ် နာဋက၌လည်းကောင်း, အခြား နာဋကကျမ်းများ၌လည်းကောင်း, မာဂဓီဘာသာကို သုံးစွဲသည်ကို တွေ့ရှိနိုင်ပေသည်။

၎င်းပြင် ဝရရုစိဆရာ၏ ပါကတပ္ပကာသကျမ်း, စဏ္ဍဆရာ၏ ပါကတလက္ခဏကျမ်း, ဟေမစန္ဒြ ဆရာ၏ သိဒ္ဓဟေမစန္ဒြကျမ်း (အဋ္ဌမပိုင်း), ကြမဒီသူရဆရာ၏ သံခိတ္တသာရကျမ်း, လက္ခမီဓရ ဆရာ၏ ဆမ္ဘာသာစန္ဒြိကာကျမ်း မာကဏ္ဍေယဆရာ၏ ပါကတသဗ္ဗသွကျမ်း, သိံဟရာဇဆရာ၏ ပါကတရူပါဝတာရကျမ်းစသော ပြာကြိုဋ်ဘာသာကို အပြည့်အစုံပြသော သဒ္ဒါကျမ်းတို့တွင်လည်း မာဂဓီဘာသာကို တသီးတခြား ပြဆိုလျက်ရှိသည်ကို တွေ့ရလေသည်။

နာသျှတ္တရကျမ်းပြု ဘရတမုနိ၏ ပညတ်ချက်အရ ဤ မာဂဓီဘာသာကို နာဋကကျမ်းတို့တွင် ဘုရင်၏ နန်းတွင်းသူ နန်းတွင်းသားများ တွင်းတူးသမားများ အရက်ဆိုင်ပိုင်ရှင်များ မြင်းထိန်းများ လွမ်းခန်းသို့ရောက်နေသော ဇာတ်ဆောင်များနှင့် ကိုယ်ရံတော်များအတွက် အသုံး ပြုရလေသည်။[၂၀] ၎င်းပုဂ္ဂိုလ်တို့ပြောသော စကားများကို သက္ကတဘာသာဖြင့်မရေးပဲ မာဂဓီဘာသာဖြင့် ရေးရလေသည်။ မာကဏ္ဍေယ၏ ပါကတသဗ္ဗ၌မူကား အထက်ပါတို့သာမက ရက္ခိုက်များ, ဘိက္ခုများ, အထီးကျန်သူများနှင့် အစေခံ စသူတို့အတွက်လည်း မာဂဓီဘာသာကိုပင် အသုံးပြုရ မည်ဟု ဆိုလေသည်။[၂၁] ဆမ္ဘာသာစန္ဒြိကာ၌လည်း အလားတူပင် တံငါစသည့် အလွန်ယုတ်နိမ့်သူတို့အတွက် မာဂဓီကိုသုံးရန် ညွှန်ကြားသည်ကို တွေ့ရပေသည်။ [၂၂]

ယင်းသို့ အောက်တန်းစားတို့ အတွက်သာ မာဂဓီကိုအသုံးပြုရန် ဘရတမုနိစသော ရှေးသက္ကတ ပညာရှိကြီးတို့ သတ်မှတ်ညွှန်ကြားခဲ့ကြရကား မာဂဓီဘာသာသည် အောက်တန်းစားတို့၏ ဘာသာ စကားသာ ဖြစ်လေတော့သည်၊ ထို့ကြောင့်လည်း သရဿတီကဏ္ဌာဘရဏ စသော ကျမ်းတို့၌—

“ဒေဝါဒီ သက္ကတံ ပါဟု၊ ပါကတံ ကိန္နရာဒယော။ [၂၃]

ပေသာစာဒိံ ပိသာစာဒီ၊ မာဂဓံ ဟီနဇာတယော”

ဟု မာဂဓီဘာသာကို အောက်တန်းချ၍ မိန့်ဆိုခဲ့ခြင်း ဖြစ်လေသည်။ ဤသို့ သက္ကတကျမ်းဆရာတို့ အောက်တန်းချ၍ မိန့်ဆိုခဲ့ခြင်း ခံရသော မာဂဓီဘာသာကား ယခုအခါ ပါဠိဘာသာဟု ခေါ်အပ်သည့် မာဂဓဘာသာ မဟုတ်နိုင်ပေ။ [၄]

ပါဠိဘာသာနှင့် မာဂဓီဘာသာတို့ ကွာခြားချက် ပြင်ဆင်ရန်

ယင်း မာဂဓီဘာသာကား သုတိ (နားကြား)အားဖြင့်လည်းကောင်း, လိပ်(အရေးအသား)အားဖြင့်လည်းကောင်း, ပါဠိဘာသာနှင့် မတူထူးခြား ကွဲပြားသည့်ပြင် သဒ္ဒါအစီအရင်တို့၌လည်း တစ်ခုနှင့်တစ်ခု ကွာခြားလေသည်။ အောက်ပါ နှိုင်းယှဉ်ချက်ကို[၂၄] ကြည့်ပါ။

မာဂဓီ (ကဝိသမယာဂတ) ပါဠိ
ၐဒမာနုၐမံၐဘာလကေ,

ကုမ္ဘၐဟၐ္ၐ ဝၐါဟိ ၐဋိဒေ၊

အဏိံၐံ ပိအာမိ ၐေါဏိဒေ

ဝလိၐၐဒံ ၐမလေ ဟုဝီအဒိ။

သတံ မာနုသမံသဘာရကေ,

ကုမ္ဘသဟဿံ ဝသာဟိ သဉ္စိတံ၊

အနိသံ စ ပိဝါမိ သောဏိတံ,

ဝဿသတံ သမရော ဘဝိဿတိ။

မာဂဓီ (အသောကလေခါ) ပါဠိ
ပိယဒသိ လာဇာ မာဂဓံ သံဃံ

အဘိဝါဒေတူနံ အာဟာ

အပါဗာဓတံ စ ဖာသုဝိဟာရတံ စာ။

ပိယဒဿီ ရာဇာ မာဂဓ သံဃံ

အဘိဝါဒေတူန အာဟ

အပ္ပါဗာဓတံ စ ဖာသုဝိဟာရတံ

အထက်ပါ နှိုင်းယှဉ်ချက်ကို ကြည့်လျှင် အောက်ပါ ထူးခြားချက်များကို တွေ့ရပေမည်။ ပါဠိ၌-

သ သည် မာဂဓီ၌ ၐ ဖြစ်သည်။

တ သည် မာဂဓီ၌ ဒ ဖြစ်သည်။

န သည် မာဂဓီ၌ ဏ ဖြစ်သည်။

ရ သည် မာဂဓီ၌ လ ဖြစ်သည်။

ဝ သည် မာဂဓီ၌ ၎င်းဝဗျည်း ပျောက်သည်။

ဩ (ပုလ္လင်-ပထမာ ဧကဝုစ်) ဧ ဖြစ်သည်။[၂၅]

အမြွက်မျှ ထုတ်ပြအပ်သော အထက်ပါထူးခြားချက်တို့ကို ကြည့်ခြင်းအားဖြင့်ပင် ပါဠိဘာသာ နှင့် မာဂဓီဘာသာတို့ ကွာခြားပုံကို သိနိုင်လောက်ပေပြီ၊ ဤသို့လျှင် အသံအားဖြင့်လည်းကောင်း, အရေး အသားအားဖြင့်လည်းကောင်း, သဒ္ဒါအစီအရင်အားဖြင့်လည်းကောင်း, ကွဲပြားခြားနားသောကြောင့် ဤမာဂဓီဘာသာကို မာဂဓဘာသာခေါ် ပါဠိဘာသာနှင့် ရောထွေးမသွားစေသင့်ပေ။ [၂၆]

မာဂဓီဘာသာလောက် ပါဠိဘာသာနှင့် အလှမ်းမဝေးသော ပြာကြိုဋ်ဘာသာတို့လည်း ရှိကြ၏၊ ၎င်းတို့တွင်လည်း ပေသာစီဘာသာသည် အခြားပြာကြိုဋ်ဘာသာတို့ထက် ပါဠိဘာသာနှင့် ပိုမိုနီးစပ်သည်ကို တွေ့ရှိရသည်၊ အချို့ ပုဒ်တို့တွင် ပါဠိဘာသာနှင့် ထပ်တူထပ်မျှ တူညီသည်ကိုပင် တွေ့ရှိရပေသည်၊ အောက်ပါ နှိုင်းယှဉ်ချက်ကို ကြည့်ပါ။

ပါဠိ ပေသာစီ သောရသေနီ မာဂဓီ
လောက လောက လောအ လောအ
နဂ နဂ ဏအ ဏအ
သစီ သစီ သဤ ၐဤ
ရဇတ ရဇတ ရအဒ လအဒ
ကတ ကတ ကဒ ကဋ
ကရ ကရ ကရ ကလ
ဝသ ဝသ ဝသ ဝၐ
မေသ မေသ မေသ မေၐ
သာရသ သာရသ သာရသ ၐါလၐ
ဝစန ဝစန ဝအဏ ဝအဏ
ပဋ္ဋ ပဋ္ဋ ပဋ္ဋ ပသ္န
အတ္ထ အတ္ထ အတ္ထ အသ္တ
ဩ(ပုလ္လင်-ပထမာ)


၎င်းပြင် ပါဠိဘာသာနှင့် အလွန်နီးစပ်သော အရေးအသားကို ဂူဂျရုတ်နယ်၌ ရှိသော ဂိရ်နာရ် အသောကကျောက်စာတွင် တွေ့ရှိရသည်၊ နီးစပ်ပုံကို ဖတ်ရှု လေ့လာနိုင်ရန်၎င်းကျောက်စာမှ စာတမ်းအချို့ကို အောက်တွင် ဖော်ပြလိုက်ပေသည်။

ဣမံ ဓံမလိပိ ဒေဝါနံ ပြိယေန ပြိယဒသိနာ ရာဉာ လေခါပိတာ၊ ဣဓ န ကိံစိ ဇီဝံ အာရဘိတျာ ပြဗူဟိတဝျံ၊ န စ သမာဇျေ ကတဝျော၊ ဗဟုကံ ဟိ ဒေါသံ သမာဇမှိ ပသတိ ဒေဝါနံ ပြိယော ပြိယဒသိ ရာဇာ၊ အသ္တိပိတု ဧကစာ သမာဇာ သာဓုမတာ ဒေဝါနံ ပြိယသ ပြိယဒသိနော ရာဉာ၊ ပုရာ မဟာနသမှိ ဒေဝါနံ ပြိယသ ပြိယဒသိနော ရာဉော အနုဒိဝသံ ဗဟူနိ ပြာဏသတသဟသ္ရာနိ အာရဘိသု သူပါထာယ၊ သေ အဇ ယဒါ အယံ ဓံမလိပိ လိခိတာ တီ ဧဝ ပြာဏာ အာရဘရေ သူပါထာယ-ဒွေ မောရာ, ဧကော မဂေါ၊ သောပိ မဂေါ န ဓုဝေါ၊ ဧတေပိ တြီ ပြာဏာ ပဆာန အာရဘိသဌေ။ [၄]

အဒ္ဓမာဂဓီဘာသာနှင့် ပါဠိဘာသာ ပြင်ဆင်ရန်

ဂျိန်းဝါဒီတို့ ဘုရားသုံးဘာသာအဖြစ် လက်ခံအသုံးပြုသော အဒ္ဓမာဂဓီ ဘာသာသည်လည်း ပါဠိဘာသာနှင့် နီးစပ်သည်ပင်၊ အောက်ပါ အာစာရင်္ဂသုတ်မှ ထုတ်နုတ်ချက်ကို ကြည့်ပါ။

အဒ္ဓမာဂဓီ ပါဠိ
သုယံ မေ အာဝုသံ တေဏ

ဘဂဝယာ ဧဝံ အက္ခာယံ၊ ဣဟံ

ဧဂေသိံ နော သန္နာ ဘဝတိ၊ ဧဝံ

ဧဂေသိံ နော နာတံ ဘဝတိ၊

တံ ဇဟာ-“ကေ အဟံ အာသီ?

ကေ ဝါ ဣအော စုဧ ပေစ္စာ

ဘဝိဿာမိ?”

သုတံ မေ အာဝုသော တေန

ဘဂဝတာ ဧဝံ အက္ခာတံ၊ ဣဟ

ဧကေသံ နော သညာ နော သညာ ဘဝတိ၊ ဧဝံ

ဧကေသံ နော ဉာတံ ဘဝတိ၊

တံ ယထာ- “ကော အဟံ အာသိံ?

ကောဝါ ဣတော စုတော ပေစ္စ

ဘဝိဿာမိ?”

တထာ ဝိမုတ္တဿ ပရိန္နစာရိဏော၊

ဓိတီမတော ဒုက္ခခမဿ ဘိက္ခုဏော။

ဝိသုဇ္ဈတီ ဇံသိ မလံ ပုရေ ကဍံ၊

သမီရိယံ ရုပ္ပမလံဝ ဇောတိဏာ။

တထာ ဝိမုတ္တဿ ပရိညစာရိနော၊

ဓိတီမတော ဒုက္ခခမဿ ဘိက္ခုနော။

ဝိသုဇ္ဈတီ ယသ္မိ မလံ ပုရေ ကတံ၊

သမီရိတံ ရုပ္ပမလံဝ ဇောတိနာ။

[၄]

ကိုးကား ပြင်ဆင်ရန်

  1. ရူ၊ နှာ။ ၄၁။ နိရယေ တိရစ္ဆာနယောနိယံ ဇပတ္တိဝိသယေ မနုဿလောကေ ဒေဝလောကေဘိ သဗ္ဗတ္ထ မာဂဓဘာသာဝ ဥဿန္နာ၊ အဘိ၊ဋ္ဌ၊၂၊၃၇၁။ (ဝိ၊ဋ္ဌ၊၁၊၂၂၀။ မူလဋီ၊၂၊၁၉၂။)
  2. တိပိဋကအဘိဓာန် အတွဲ-၁၆
  3. ဤမာဂဓဘာသာ၏ အစပြုရာဌာနနှင့်ပတ်သက်၍ အနောက်တိုင်းပညာရှင်တို့၏ အယူအဆအမျိုးမျိုးကို ပါမောက္ခဂိုက်ဂါး၏ Pali Literature and Language, စာမျက်နှာ ၃-၄ တို့တွင်လည်းကောင်း, Encyclopedia Britannica, အတွဲ ၁၇ စာမျက်နှာ ၁၄၆-တွင်လည်းကောင်း, တွေ့ရှိနိုင်သည်။
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ ၄.၁၀ တိပိဋကအဘိဓာန် အတွဲ-၁ နိဒါန်း
  5. ၂။ “သမ္မာသမ္ဗုဒ္ဓေါပိ တေပိဋက ဗုဒ္ဓဝစနံ တန္တိံ အာရောပေန္တော မာဂဓဘာသာယ ဧဝ အာရောပေတိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၁)”ဟူသော၎င်းအဋ္ဌကထာကို ထောက်၍ တန္တိအနာရောပိတပကိဏ္ဏကဓမ္မဒေသနာကို ဟောတော်မူသောကာလ၌ အများနားလည်စေခြင်းငှါ “ဒေသီယမာဂဓီဘာသာဖြင့်လည်း ဟောတော်မူသည်ဟု ယူဆဖွယ်ရှိ၏၊ ဒေသီယမာဂဓီဘာသာဟူသည် ထိုကာလ မဂဓတိုင်း၌ ပြောဆိုသုံးစွဲသော တိုင်းရင်း ဘာသာစကားတည်း။ (မောဂ်၊နိသျ၊နိဒါန်း-ဇ)
  6. ၃။ ဓမ္မနိရုတ္တာဘိလာပေတိ ဧတ္ထ ဓမ္မသဒ္ဓေါ သဘာဝဝါစကောတိ ကတွာ အာဟ “ယာ သဘာဝနိရုတ္တိ”တိ၊ အဝိပရီတနိရုတ္တီတိ အတ္ထော။ (မူလဋီ၊၂၊၁၉၁)။ အဝိပရီတနိရုတ္တီတိ ဗုဒ္ဓါဒီဟိ အာစိဏ္ဏာ တဿ တဿ အတ္ထဿ ဝါစကဘာဝေ နိရုဠှာ ယာထာဝနိရုတ္တိ။ (အနုဋီ၊၂၊၁၉၂)
  7. ၁။ သေသာ...အဋ္ဌာရသ ဘာသာ ပရိဝတ္တန္တိ၊ အယမေဝေကာ ယထာဘုစ္စဗြဟ္မဝေါဟာရ အရိယဝေါဟာရ-သင်္ခါတာ မာဂဓဘာသာ န ပရိဝတ္တတိ (အဘိ၊ဋ္ဌ၊၂၊၃၇၁-၂)။ သေသာ ပရိဝတ္တန္တိ ဧကန္တေန ကာလန္တရေ အညထာ ဟောန္တိ ဝိနဿန္တိ စ။ မာဂဓာ ပန ကတ္ထစိ ကဒါစိ ပရိဝတ္တန္တိပိ န သဗ္ဗတ္ထ သဗ္ဗဒါ သဗ္ဗထာ စ ပရိဝတ္တတိ၊ ကပ္ပဝိနာသေပိ တိဋ္ဌတိယော။ (မူလဋီ၊၂၊၁၉၂)။ မနုဿာနံ ဒုရုဂ္ဂဟဏာဒိနာ ကတ္ထစိ ကဒါစိ ပရိဝတ္တန္တပိ ဗြဟ္မလောကာဒီသု ယထာသဘာဝေနေဝ အဝဋ္ဌာနတော န သဗ္ဗတ္ထ သဗ္ဗဒါ သဗ္ဗသာ စ ပရိတ္တတိ။ (အနုဋီ၊၂၊၁၉၄)
  8. ၂။ လူ့ပြည်၌ မာဂဓီဘာသာကို အပြောများ၏ ဆိုသည်မှာ ဒေသီယမာဂဓီဘာသာ(ဟိန္ဒီဘာသာ)ကို ရည်၍ ဆိုဟန်တူ၏၊ ထိုစကားကိုလည်း ဇမ္ဗူဒီပဟု ခေါ်သော ဣန္ဒြိယတိုင်းကို ရည်၍ ဆိုသည်ဟု ယူမှ ပစ္စက္ခ ယုတ္တိ ရှိနိုင်မည်။ (မောဂ်၊ နိသျ၊ နိဒါန်း-ဆ)
  9. ၃။ စာမျက်နှာ-၃၇၁။
  10. ၄။ ရူပသိဒ္ဓိ နာမ်ကျမ်း အစနှင့် ကာရိကာသဒ္ဒါငယ် ဂါထာနံပါတ်-၁၅၈။
  11. ၅။ ပရိဝတ္တေသိ သဗ္ဗာပိ၊ သီဟဠကထာ တဒါ။ သဗ္ဗေသံ မူလဘာသာယ၊ မာဂဓာယ နိရုတ္တိယာ။ (မဟာဝံ၊ ၃၇၊၂၄၄)။ ဤနိဒါန်း စာမျက်နှာ ၂-လည်း ပြန်ကြည့်ပါ။
  12. ၁။ ယောပိ အဂါမကေ မဟာရညေ နိဗ္ဗတ္တော၊ တတ္ထ အညော ကထေန္တော နာမ နတ္ထိ၊ သောပိ အတ္တနော ဓမ္မတာယ ဝစနံ သမုဋ္ဌာပေန္တော မာဂဓဘာသမေဝ ဘာသိဿတိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၁)။ ဤ၌ “ဘာသတိ” ဟု ဧကန်အားဖြင့် မဆိုပဲ “ဘာသိဿတိ” ဟု အားပြော့သော အနာဂတ် ဝိဘတ်ဖြင့် ဆိုထားသည်ကိုလည်း သတိပြုသင့်၏။
  13. ၂။ မောဂ်၊ နိသျ၊ နိဒါန်း-စ။
  14. ၃။ ပုဗ္ဗယောဂေါ ဗာဟုသစ္စံ၊ ဒေသဘာသာ စ အာဂမော ။ ပ။ ပဋိသမ္ဘိဒပစ္စယာ။ ... ဒေသဘာသာ နာမ ဧကသတဝေါဟာရကုသလတာ၊ ဝိသေသေန ပန မာဂဓိကေ ကောသလ္လံ။ (ပဋိသံ၊ဋ္ဌ၊၁၊၇)။ နိရုတ္တိပဋိသမ္ဘိဒါဉာဏလာဘီ ပုဂ္ဂလော အသိက္ခန္တောပိ မာဂဓဘာသံ ဇာနာတိ။ အညံ ဘာသံ သိက္ခန္တောဝ ဇာနာတိ၊ နာသိက္ခန္တော။ (ဘေဒစိန္တာဋီကာဟောင်း၊ ၅-ဂါထာအဖွင့်)။ အဘိ၊ဋ္ဌ၊၂၊၃၇၁-လည်း ကြည့်။
  15. ၄။ သာသနဿုပကာရတ္တာ၊ မာဂဓောဝိဓ ဂယှတေ။ သော ဟာနုသာဝနံ ပဋိသမ္ဘိဒါယ စ ပစ္စယော။ (ဘေဒစိန္တာ၊ ၅) သော ဟိ မာဂဓော သဒ္ဒေါ ကမ္မဝါစာနုသာဝနဉ္စ ဟောတိ ပဋိသမ္ဘိဒါယ ပစ္စယော စ။ ၎င်း၊ ဒီပနီ။
  16. ၅။ ဝိ၊ဋ္ဌ၊၄၊၂၄၇-၈-ကြည့်။ မ၊ဋ္ဌ၊၄၊၁၉-လည်းကြည့်။
  17. ၁။ ဧကော ဧဝ ဘဂဝတော ဓမ္မဒေသနာဃောသော ဧကသ္မိံ ခဏေ ပဝတ္တမာနော နာနာဘာသာနံ သတ္တာနံ အတ္တနော ဘာသာဝသေန အပုဗ္ဗံ အစရိမံ ဂဟဏူပဂေါ ဟုတွာ အတ္ထာဓိဂမာယ ဟောတိ။ အစိန္တေယျော ဟိ ဗုဒ္ဓါနံ ဗုဒ္ဓါနုဘာဝေါတိ သဗ္ဗသတ္တာနံ သကသကဘာသာနုရူပတော သောတပထမာဂစ္ဆတီတိ ဝေဒိတဗ္ဗံ။ (ဣတိဝုတ်၊ဋ္ဌ၊၁၉-၂၀)။ ဒီ၊ဋ္ဌ၊၁၊၂၈။ မ၊ဋ္ဌ၊၁၊၅။ သံ၊ဋ္ဌ၊၁၊၄။ အံ၊ဋ္ဌ၊၁၊၄-စသည်တို့လည်းကြည့်။ တနည်းလည်း ဘုရားရှင်သည် လူသာမန်တို့ စကားတခွန်းပြောချိန်တွင် ၁၂၈-ခွန်းပင် ပြောဆိုနိုင်အောင် လျင်မြန်သော စကားတော်ရှိရကား မာဂဓမတတ်သော တရားနာသူတို့အတွက်၎င်းတို့ နားလည်နိုင်မည့် ဘာသာများဖြင့် လျင်မြန်စွာ ပြန်ဆိုဟောကြားတော်မူသည်ဟုလည်း ယူဆနိုင်သည်၊ အကြောင်းကား ကုလသမဂ္ဂစသော အပြည်ပြည် ဆိုင်ရာ လူမျိုးစုံစည်းဝေးသည့် ဌာနတို့၌ မိန့်ခွန်းပြောသူ၏ (သတ်မှတ်ထားသောဘာသာဖို့တွင် တစ်ခုခုသော)ဘာသာ စကားကို အခြားဘာသာတစ်ခုသို့ ပြန်ဆိုပြောကြားပေးသူများရှိရာ ၎င်းတို့ပြန်ဆိုမှုသည် မူလပြောသူနှင့် တပြိုင်နက်တည်း ပြောနေသည်ထင်ရလောက်အောင် လျင်မြန်သည်ကို တွေ့ရသောကြောင့်တည်း။ ၎င်းတို့ပင် ဤမျှ စွမ်းဆောင်နိုင်လျှင် အစိန္တေယျ ဂုဏ်တော်သခင် သဗ္ဗညုတဉာဏ်တော်ရှင် အဖို့မှာကား ဆိုဖွယ်ရာ မရှိပြီ။
  18. ၂။ ပါကတ, သောရသေနီ, မာဂဓီ, အဒ္ဓမာဂဓီ, ပေသာစီ, စူလိကာပေသာစီ, အပဗ္ဘံသတို့ကား ပြာကြိုဋ်ဘာသာ မျိုးတို့တည်း ။
  19. ၃။ မဂဓုပ္ပန္နေဘာသံ တံ၊ မာဂဓိံ သမ္မစက္ခတေ။ (ဆဗ္ဗာသာစန္ဒြိကာ၊ နှာ-၄)
  20. ၁။ မာဂဓီ တု နရိန္ဒာနံ၊ အန္တေပုရနိဝါသိနံ။ (၁၇၊ ၅၀။)။ သုရင်္ဂါခနကာဒီနံ၊ သောဏ္ဍကာရ’ဿရက္ခိနံ။ ဗျသနေ နာယကာနံ စ၊ အတ္တရက္ခာသု မာဂဓီ။ (၁၇၊ ၅၆။)
  21. ၂။ ရက္ခသဘိက္ခုကပဏစေဋာဒျာ မာဂဓိံ အာဟု။
  22. ၃။ ဓီဝရာဒျတိနီစေသု၊ မာဂဓီ ဝိနိယုဇ္ဇတေ။ (ဆဗ္ဘာသာစန္ဒြိကာ၊ နှာ-၅)
  23. ၄။ ဒုတိယ ပရိစ္ဆေဒ၊ ၉-ဂါထာ။
  24. ၁။ဤနှိုင်းယှဉ်ချက်ကို မောဂ္ဂလ္လာန်နိသျနိဒါန်းမှ ယူသည်၊ ဤမျှဖြင့် တင်းတိမ်ခြင်းမရှိသော ပုဂ္ဂိုလ်တို့သည် အသောကကျောက်စာတို့ကိုလည်းကောင်း, ကုမာရပါလစရှိတ, မတ္တိကာသကဋိကာ စသော ပြာကြိုဋ် ကာဗျ, နာဋကကျမ်းတို့ကိုလည်းကောင်း, ပြခဲ့ပြီး ပြာကြိုဋ်သဒ္ဒါကျမ်းတို့ကိုလည်းကောင်း, ရှာဖွေကြည့်ရှုလေ့လာကြရာ၏။
  25. ၂။ ပထမာ ဧကဝုစ်၏ ဧ-အပြုကို ပါဠိတော်၌လည်း အနည်းအကျဉ်းတွေ့ရသည်။ သုခေ ဒုက္ခေ ဇီဝေ သတ္တမေ။ (ဒီ၊၁၊၅၃။ မ၊၂၊၁၈၅)။ နတ္ထိ အတ္တကာရေ နတ္ထိ ပရကာရေ နတ္ထိ ပုရိသကာရေ။ (ဒီ၊၁၊၅၀)။ ယေ အဝိတက္ကေ အဝိစာရေ၊ သေ ပဏီတတရေ။ (ဒီ၊၂၊၂၂၂)၊ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ။ (ခုဒ္ဒက၊၇။ သုတ္တနိ၊၃၁၄။) ။ (၎င်းဋ္ဌတို့၌လည်းကြည့်)။ ဘောဂဝတီ နာမ မန္ဒိရေ၊ ဝါသာ ဟိရညဝတီတိ ဝုစ္စတိ။ နဂရေ နိမ္မိတေ ကဉ္စနမယေ၊ မဏ္ဍလဿ ဥရဂဿ နိဋ္ဌိတံ။ (ဇာ၊၂၊၂၇၈) ။ န ဟေဝံ ဝတ္တဗ္ဗေ။ (ကထာဝတ္ထု။ ၁-စသည်)။ ယေ လောကာမိသသံယောဇနေ၊ သေ ပဝုတ္တေ။ ...ယေ အာနေဉ္စသံယောဇနေ၊ သေ ဘိန္နေ။ .....ယေ အာကိဉ္စညာယတနသံယောဇနေ၊ သေ ဝန္တေ။ ... ယေ နေဝသညာနာသညာယတနသံယောဇနေ၊ သေ ဥစ္ဆိန္နမူလေ တာလာဝတ္ထုကတေ...။ (မ၊၃၊၄၂-၃)
  26. ၁။ သို့ရာတွင် ပါဠိတော်တို့၌ မာဂဓီဆန်သော အသုံးအနှုန်းအချို့ကိုကား တွေ့နိုင်သည်၊ ၎င်းတို့မှာ အထက်၌ ဖော်ပြခဲ့သော ပထမာသိ-ဝိဘတ်၏ ဧ-အပြုစသည်တို့ပင် ဖြစ်သည်။