သီဟိုဠ်ပါဠိစာပေ

(ပါဠိစာပေ(သီဟိုဠ်) မှ ပြန်ညွှန်းထားသည်)

သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ပြီးနောက်မှ ပေါ်လာသော သာသနာဆိုင်ရာကျမ်းဂန်တို့ကို သီဟိုဠ်ပါဠိစာပေဟုပင် ခေါ်ရပေမည်၊ လည်းကောင်း, သီဟိုဠ်ပါဠိစာပေခေတ်ဆိုင်ရာ ကျမ်းဂန်တို့ကား အဋ္ဌကထာ, ဋီကာ, အနုဋီကာ-စသည်ဖြင့် များစွာ ရှိလေသည်။ []

ပကိဏ္ဏကဒေသနာ

ပြင်ဆင်ရန်

၎င်းတို့တွင် အဋ္ဌကထာသည်[] မြတ်စွာဘုရားလက်ထက်ကပင် ရှိခဲ့သည်၊ သို့သော် အဋ္ဌကထာ ဟူသောအမည်ဖြင့် မထင်ရှားခဲ့ပဲ ပကိဏ္ဏကဒေသနာ = အထွေထွေတရားတော်ဟူသော အမည်ဖြင့် သာရှိခဲ့လေသည်၊ မြတ်စွာဘုရားသည် တရားတော်တို့ကို ဟောတော်မူပြီးနောက် ၎င်းတရားတော်တို့တွင် ခဲခက်သောနေရာတို့၌ သိသာထင်ရှားစိမ့်သောငှါ ထပ်၍ ဖွင့်ပြလျက် အကျယ်ဟောတော်မူအပ်သည့် ဒေသနာမျိုးရှိခဲ့ရာ ယင်းဒေသနာသည် ပါဠိတော်ဟူသော အမည်တွင် မပါဝင်ပဲ သီးခြား ရှိနေခဲ့လေသည်၊ ထိုသီးခြားဒေသနာတော်ဖြစ်သည့် ပကိဏ္ဏကဒေသနာကိုလည်း သင်္ဂါယနာအဆက် ဆက်တွင် ထိပ်ခေါင်တင်မထေရ်တို့ သင်္ဂါယနာတင်၍ ဆောင်ယူခဲ့ကြလေသည်။

တတိယသင်္ဂါယနာတင်ပြီးနောက် အရှင်မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွသောအခါ သင်္ဂါယနာ ၃-တန်တင် ပါဠိတော်တို့နှင့်တကွ အဋ္ဌကထာဟု ခေါ်နိုင်သည့် ပကိဏ္ဏကဒေသနာများကိုပါ ဆောင်ယူသွားတော်မူသည်၊ ၎င်းအဋ္ဌကထာတို့ သီဟိုဠ်ကျွန်းသို့ ရောက်ပြီးနောက် သီဟိုဠ်ကျွန်းသားတို့ အလွယ်တကူ သင်ယူနိုင်စိမ့်သောငှါ သာသနာ့ဝန်ဆောင် မထေရ်တို့က ယင်းပကိဏ္ဏကဒေသနာ အဋ္ဌကထာများကို သီဟိုဠ်ဘာသာသို့ ပြန်ဆိုခဲ့ကြလေသည်၊ ထိုမှနောက် ကာလကြာမြင့်သောအခါ သီဟိုဠ်ဘာသာဖြင့် အဋ္ဌကထာအမျိုးမျိုးတို့ ပေါ်ပေါက်ခဲ့ပြန်လေသည်။ သီဟိုဠ်ဘာသာဖြင့်သာမက ဣန္ဒြိယတောင်ပိုင်းဘာသာတို့ဖြင့် ရေးသားအပ်သော အဋ္ဌကထာတို့လည်း ရှိပြန်လေသည်။ အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ကြွရောက်ပြီးနောက် အဋ္ဌကထာသစ်များကို ပြုစုသောအခါ ၎င်းအဋ္ဌကထာများကိုပင် အမှီပြု၍ ရေးသားပြုစုခဲ့ခြင်း ဖြစ်လေသည်။[]

အဋ္ဌကထာသစ်များ မပေါ်မီ

ပြင်ဆင်ရန်

အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်များ မပေါ်မီ ရှေးယခင်က ပေါ်နှင့်နေသော အဋ္ဌကထာတို့ကား မဟာအဋ္ဌကထာ, မဟာပစ္စရီအဋ္ဌကထာ, စူဠပစ္စရီအဋ္ဌကထာ, ကုရုန္ဒီအဋ္ဌကထာ အန္ဓကအဋ္ဌကထာ, အရိယအဋ္ဌကထာ, သင်္ခေပအဋ္ဌကထာ စသည်တို့ ဖြစ်လေသည် []၊ ယင်းတို့တွင်လည်း မဟာဝိဟာရဝါသီ အရှင်တို့၏အယူကို အမှန်အတိုင်းထုတ်ဖော်ပြသည့် မဟာအဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသ အလေးစားဆုံး အဋ္ဌကထာဖြစ်ပေသည်။ မိမိ၏ အဋ္ဌကထာသစ်များကို ပြုစုရာ၌ မဟာအဋ္ဌကထာကို အထည်ကိုယ်ပြု၍ အခြား မဟာပစ္စရီအဋ္ဌကထာစသည်တို့ကိုကား အကြောင်းအားလျော်စွာ ရံခါရံခါမှသာ ဖော်ပြရေးသားသည်ကို တွေ့ရပေသည်။[]

သီဟဠဋ္ဌကထာ

ပြင်ဆင်ရန်

၎င်းအဋ္ဌကထာတို့တွင် မဟာအဋ္ဌကထာ, မဟာပစ္စရီအဋ္ဌကထာ, ကုရုန္ဒီအဋ္ဌကထာဟူသော ဤအဋ္ဌကထာ ၃-စောင်ကို သီဟဠဋ္ဌကထာဟူ၍လည်း ခေါ်သည်[]။ ၎င်းတို့တွင် အရှင်မဟိန္ဒ ဆောင်ယူခဲ့သော မူလအဋ္ဌကထာကိုပင် မဟာအဋ္ဌကထာဟု ခေါ်သည်[] ၊ မဟာပစ္စရီအဋ္ဌကထာကား ဖောင်ပေါ်၌နေလျက် ရေးသားပြုစုအပ်သော အဋ္ဌကထာဖြစ်သည်၊ ကုရုန္ဒီအဋ္ဌကထာကိုကား ကုရုန္ဒီဝလ္လိမည်သောကျောင်း၌ ရေးသားအပ်သောကြောင့် ယင်းသို့ခေါ်ဆိုအပ်လေသည်[]။ စူဠပစ္စရီအဋ္ဌကထာ, သင်္ခေပအဋ္ဌကထာတို့ကား အထက်ပါ အကျယ်ဖြစ်သောအဋ္ဌကထာတို့၏ အကျဉ်းချုပ် များပင် ဖြစ်ဟန်တူပေသည်။ အန္ဓကအဋ္ဌကထာဟူသည်မှာကား ဣန္ဒြိယတောင်ပိုင်း ဘာသာတစ်ခုခုဖြင့် ရေးသားအပ်သော အဋ္ဌကထာဖြစ်ပေမည်။[][]

အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ်ရေးပုံ

ပြင်ဆင်ရန်

ဖော်ပြခဲ့ပြီးသော အဋ္ဌကထာများအပြင် အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းဝယ် ပရိယတ် ပဋိပတ်၌ ကျော်ကြားသော ထိုထိုမထေရ်တို့၏ အယူဝါဒများ ထေရသလ္လာပခေါ် စာတတ် မထေရ်တို့၏ ဆွေးနွေးချက်များ[], ဇမ္ဗူဒိပ်၌ထင်ရှားသောမထေရ်(ပရသမုဒ္ဒဝါသီထေရ်)တို့၏ အယူ အဆများ, ရှေးရှေးဆရာတို့၏ အယူအဆများနှင့် ထိုထိုနိကာယ်ဆောင် ဘာဏကမထေရ်တို့၏ ဝါဒများကိုပါ ကြည့်ရှုလေ့လာတိုက်ဆိုင်၍ အဋ္ဌကထာသစ်များကို ရေးသားခဲ့သည်ကိုလည်း တွေ့ရှိရပေသည်။

ဒီပဝံသကျမ်း

ပြင်ဆင်ရန်

အထက်ပါ အဋ္ဌကထာများနည်းတူပင် ဒီပဝံသခေါ်သော ကျမ်းတစောင်လည်း အရှင်မဟာဗုဒ္ဓဃောသ၏ကျမ်းများ မပေါ်မီ ရှေးယခင်က ပေါ်နှင့်နေသောကျမ်း ဖြစ်ပေသည်။ ၎င်းကျမ်းကား ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်သည့် ဣန္ဒြိယနှင့် သီဟိုဠ်ရာဇဝင်သမိုင်းကို ဂါထာတို့ဖြင့် ရေးသားထားသည့်ကျမ်း ဖြစ်၏၊ ၎င်းကျမ်း၏ ကျမ်းပြုဆရာကား အမည်မထင်ရှားခဲ့ပေ၊ အမည် မသိမထေရ်တစ်ပါးသော်လည်းကောင်း, မထေရ်အများသော်လည်းကောင်း, ရေးသားခဲ့သည်ဟု ခန့်မှန်းရပေသည်။

၎င်းဒီပဝံသကျမ်းကို သာသနာနှစ် ၈၀၈-မှ ၈၃၅ (အေဒီ ၃၂၅-မှ ၃၅၂)ခုနှစ်တိုင် သီဟိုဠ်ကျွန်း၌ မင်းပြုသည့် မဟာသေနမင်း၏ အကြောင်းဖြင့် အဆုံးသတ်ထားသည်ကို တွေ့ရှိရသဖြင့်၎င်းကျမ်းသည် အေဒီ ၄-ရာစုနှစ်အတွင်း ပြုစုအပ်သောကျမ်းဟု မှတ်ယူနိုင်ပေသည်။ စာပေအရေးအသား ပြေပြစ်ချောမွေ့မှုနည်းသဖြင့် ဤကျမ်းသည် စာပေဂုဏ်မြောက်လှသောကျမ်းဟု မဆိုနိုင်သော်လည်း ရှေးခေတ် ဣန္ဒြိယပြည်နှင့် သီဟိုဠ်ကျွန်းဆိုင်ရာ ရာဇဝင်, သာသနာဝင်နှင့် ပတ်သက်၍ ဗဟုဿုတ များစွာပေးနိုင်သော ကျမ်းဖြစ်သဖြင့် အဋ္ဌကထာဆရာတို့ပင် အလေးပြုအပ်သော ကျမ်းဖြစ်ပေသည်။ ထို့ကြောင့်လည်း အဋ္ဌကထာသစ်ဆရာ အရှင်မဟာဗုဒ္ဓဃောသသည် ဝိနည်း အဋ္ဌကထာ၏ နိဒါန်းဝယ် ဣန္ဒြိယနှင့် သီဟိုဠ်ဆိုင်ရာ သာသနာဝင်ကို ပြဆိုရာ၌၎င်း[], ကထာဝတ္ထုအဋ္ဌကထာ၏ အစဝယ် အဓမ္မဝါဒီဂိုဏ်းများ ပေါ်ပေါက်ပုံကို ပြဆိုရာ၌၎င်း[၁၀], ဤဒီပဝံသကျမ်းကိုပင် အကိုးအကားမှီငြမ်းပြု၍ ရေးသားထားသည်ကို တွေ့ရပေသည်။[]

မဟာဝံသကျမ်း

ပြင်ဆင်ရန်

ဤဒီပဝံသကျမ်းနှင့်စပ်သွယ်၍ မဟာဝံသကျမ်းကိုလည်း သိသင့်သည်။ ၎င်းကျမ်းကား အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်များပေါ်ပြီးနောက်မှ ပေါ်သောကျမ်း ဖြစ်လေသည်။ ဤကျမ်း ၌ဖော်ပြပါရှိသော ကာလအပိုင်းအခြားသည် ဒီပဝံသကျမ်း၌ပါရှိသော ကာလအပိုင်းအခြားနှင့် အတူတူပင်ဖြစ်လျက် မဟာသေနမင်းအကြောင်းဖြင့်ပင် အဆုံးသတ်ထားသည်ကို တွေ့ရပေသည်။ သို့သော်လည်း ဤကျမ်း၏ ထူးခြားချက်မှာ ဒီပဝံသကျမ်း၌တွေ့ရသော စာပေအပြစ်အနာအဆာများကို ပယ်ထုတ်ရှောင်ကွင်းလျက် သာယာနာပျော်ဖွယ် ဂါထာဗန္ဓတို့ဖြင့် စာပေဂုဏ်မြောက်အောင် ချဲ့ထွင်ရေးသားထားခြင်းပင်ဖြစ်ပေသည်။ ဤကျမ်း၏ကျမ်းပြုဆရာကား အရှင်မဟာနာမ ဖြစ်၍ ၎င်းမထေရ်သည် အေဒီ ၆-ရာစု အဦးပိုင်းလောက်မှာ ဤကျမ်းကို ရေးသားခဲ့သည်ဟု ခန့်မှန်းကြသည်[၁၁]။ ဤကျမ်း၏အဆက်ကိုလည်း နောက်ဆရာတို့ ဆက်လက်ရေးသားခဲ့ကြသည်။ ၎င်းအဆက်ကိုပင် ယခုအခါ “စူဠဝံသ”ဟု ခေါ်လေသည်။ ၎င်းကျမ်း၌ သီဟိုဠ်တကျွန်းလုံးကို အင်္ဂလိပ်တို့ သိမ်းယူသည်အထိ အဖြစ်အပျက်တို့ပါဝင်သည်။[၁၂][]

ဘာသာပြန်သူ၏ ဉာဏ်အရည်အသွေး

ပြင်ဆင်ရန်

အရှင်မဟာဗုဒ္ဓဃောသသည် မိမိပြုစုသည့် အဋ္ဌကထာသစ်များ၏ ကျမ်းဦးစကားရပ်တို့၌ မိမိသည် အရှင်မဟိန္ဒ သီဟိုဠ်ကျွန်းသို့ ဆောင်ယူလာသော သင်္ဂါယနာ ၃-တန်တင် ပကိဏ္ဏကဒေသနာဟုခေါ်အပ်သော မူလအဋ္ဌကထာကို ဘာသာပြန်ထားသည့် သီဟိုဠ်အဋ္ဌကထာကို မူရင်း ပြု၍၎င်းမှ သီဟိုဠ်ဘာသာကိုသာပယ်ပြီး မာဂဓဘာသာသို့ပြန်ဆိုရုံမျှသာ ပြုအပ်ကြောင်း မိန့်ဆို ရေးသားခဲ့သည်တို့ကို တွေ့ရပေသည်။ အထူးသဖြင့် ဝိနည်းအဋ္ဌကထာကိုရေးရာ၌ မဟာအဋ္ဌကထာကို မူလအထည်ကိုယ်ပြု၍၎င်းမှ သီဟိုဠ်ဘာသာကိုသာပယ်ပြီးလျှင် ကြွင်းကုရုန္ဒီစသော ရှေးအဋ္ဌကထာတို့မှ ယူသင့်သည့်အဆုံးအဖြတ်များကို ယူ၍ ရေးသားထားကြောင်း မိန့်ဆိုလျက် ရှိပေသည်။

ယင်းသို့ မိမိကိုယ်ကို အလွန်နှိမ့်ချ၍ မိန့်ဆိုခဲ့သော်လည်း အဋ္ဌကထာသစ်များကို ကြည့်ရှုလေ လာသောအခါ အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဘာသာပြန်ရုံ သက်သက်မျှသာ မဟုတ်သေးပဲ မိမိ၏ပင်ကိုဉာဏ်ကို အသုံးပြု၍လည်း ရေးသားထားအပ်သည့်နေရာများကို အများအပြားပင် တွေ့ရှိနိုင်ပေသည်။ ဝိနည်းအဆုံးအဖြတ်တို့တွင် မှီရာအဋ္ဌကထာတို့ တကျမ်းနှင့်တကျမ်း အယူအဆ ကွဲလွဲရာ၌ မိမိ၏ဉာဏ်ဖြင့် နှိုင်းချိန်၍ အဆုံးအဖြတ်ပေးခဲ့သည်တို့ကိုလည်း တွေ့ရသည်။ ရံခါတွင်မိမိ၏ ပဓာနမှီခိုအားထားရာဖြစ်သော မဟာအဋ္ဌကထာကိုပင် ပမာဒလိခိတဟုဆိုသောနေရာကို[၁၃] တွေ့ရ၍ အချို့နေရာတွင် မဟာအဋ္ဌကထာ၌လာသော အဆုံးအဖြတ်ကို ပယ်၍ မဟာပစ္စရီအဋ္ဌကထာစသည်၌လာသော အဆုံးအဖြတ်ကို လက်ခံအတည်ပြု ထားသည်များကိုလည်း[၁၄] မတွေ့ရှိနိုင်ပေသည်။ မူလပဏ္ဏာသ အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၃၀)တွင်လည်း ရှေးဆရာတို့ စိစစ်ခြင်းမပြုခဲ့သည့် အချက်ကို “အဝိစာရိတမေတံ ပေါရာဏေဟိ၊ အယံ ပန အတ္တနော မတိ” စသည်ဖြင့် မိမိ၏ ကိုယ်ပိုင်ဉာဏ်စွမ်းကို အသုံးပြုလျက် စိစစ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ ယမိုက်အဋ္ဌကထာ တနေရာတွင်[၁၅] ဝိဘင်း၏အဖွင့် သီဟဠဋ္ဌကထာ၌ ဆိုထားသော စကားကို ပါဠိတော်နှင့် ချိန်ထိုး၍ ပယ်ထားသည်ကို တွေ့ရှိရသည်။ သို့ဖြစ်လေရာ အရှင်မဟာဗုဒ္ဓဃောသသည် အဋ္ဌကထာသစ်များကို ရေးသားခဲ့ရာ၌ ဘာသာပြန်ရုံ သက်သက်မျှကိုသာ ပြုလုပ်ခဲ့သည်မဟုတ်ပဲ အချို့ အချို့နေရာများတွင် မိမိ၏ ထက်မြက်လှသောဉာဏ်ကို ပေါ်လွင်စေလျက် တိကျပြတ်သားသော ဆုံးဖြတ်ချက်များကိုလည်း ပေးခဲ့ရကား မိမိသည်အတုမဲ့ကျမ်းပြုပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်းကိုလည်း ပြသတော်မူခဲ့သည်သာ ဖြစ်ပေသည်။ []

မဟာဗုဒ္ဓဃောသမထေရ်၏ဂုဏ်ရည်

ပြင်ဆင်ရန်

အရှင်မဟာဗုဒ္ဓဃောသမထေရ် ပြုစုခဲ့သော ကျမ်းတို့ကား ဝိနည်းပိဋက, ဒီဃနိကာယ်, မဇ္ဈိမနိကာယ် သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, အဘိဓမ္မာပိဋက, ခုဒ္ဒကပါဌ, ဓမ္မပဒ, သုတ္တနိပါတ်, ဇာတ်နှင့် ပါတိမောက်၏ အဖွင့်အဋ္ဌကထာများအပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့ဖြစ်၍ ဆဋ္ဌသင်္ဂါယနာမူအရ စာအုပ်ပေါင်း ၃၅-အုပ် စာမျက်နှာပေါင်း ၁၃၀၀၀-ကျော်မျှ ရှိလေသည်။ ဤမျှများပြားသော အဋ္ဌကထာတို့ကို တစ်ဦးတည်းရေးသားပြုစုခဲ့သည်ကို ကြည့်သဖြင့်ပင် အဋ္ဌကထာဆရာ၏ လွန်ကဲသော ကရုဏာ ထက်မြက်သော ဉာဏ်တော်နှင့် ကြီးကျယ်သော ဝီရိယဓာတ်တို့ကို မှန်းဆ ကြည်ညိုနိုင်လောက်ပေသည်။ [၁၆]

အရှင်ဗုဒ္ဓဒတ္တ

ပြင်ဆင်ရန်

အရှင်မဟာဗုဒ္ဓဃောသသည် သာသနာနှစ် ၉၀၀-မှ ၁၀၀၀-အတွင်း ထွန်းကားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်လေရာ ထိုမထေရ်နှင့် တခေတ်တည်း ထွန်းကားသည်ဟု ယူဆရသော အခြား အဋ္ဌကထာဆရာတစ်ဦးလည်း ရှိသေးသည်၊ ထိုဆရာကား အရှင်ဗုဒ္ဓဒတ္တပင် ဖြစ်ပေသည်။ ဤမထေရ်သည် အရှင်မဟာဗုဒ္ဓဃောသ မဖွင့်ဆိုပဲ ခြွင်းချန်ထားခဲ့သော ကျမ်းများအနက်မှ ဗုဒ္ဓဝံသပါဠိတော်ကို ရွေးနုတ်၍ ၎င်းအဖွင့်အဋ္ဌကထာကို ရေးသားခဲ့လေသည်။ ဤအရှင်ဗုဒ္ဓဒတ္တသည် ဗုဒ္ဓဝံသအဋ္ဌကထာ အပြင် အဘိဓမ္မာဝတာရ, ဝိနယဝိနိစ္ဆယ, ဥတ္တရဝိနိစ္ဆယ စသော ကျမ်းပေါင်းများစွာကိုလည်း နောက်သား နောင်လာတို့အကျိုးငှါ ရေးသားပြုစုခဲ့ပေသေးသည်။ [၁၇]

အရှင်ဓမ္မပါလမထေရ်

ပြင်ဆင်ရန်

၎င်းဆရာ ၂-ဦးတို့ ဖွင့်ဆိုအပ်သော ပါဠိတော်များမှ ကြွင်းကျန်သည့် ပါဠိတော် အတော် များများ၏ အဋ္ဌကထာများကို ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်ကား အာစရိယဓမ္မပါလခေါ် အရှင်ဓမ္မပါလမထေရ်ပင် ဖြစ်ပေသည်။ ဤမထေရ်သည် ဥဒါန်း, ဣတိဝုတ်, ဝိမာနဝတ္ထု, ပေတဝတ္ထု ထေရဂါထာ ထေရီဂါထာ စရိယာပိဋကနှင့် နေတ္တိပါဠိတော်တို့၏ အဋ္ဌကထာများကို ရေးသား ခဲ့သည်။

ကြွင်းကျန်သည့် ပါဠိတော်တို့တွင်ကား နိဒ္ဒေသပါဠိတော်၏ အဋ္ဌကထာကို အရှင်ဥပသေနကလည်းကောင်း, ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ အဋ္ဌကထာကို အရှင်မဟာနာမကလည်းကောင်း, ရေးသားစီရင်ခဲ့၍ အပဒါန်ပါဠိတော်၏အဖွင့်ဖြစ်သော အဋ္ဌကထာကို နှောင်းခေတ်ပေါ် အမည်မသိမထေရ် တစ်ပါး ဖွင့်ဆိုရေးသားခဲ့လေသည်။ []

ဋီကာကျမ်းများ

ပြင်ဆင်ရန်

နိကာယ်ငါးရပ် ပိဋကသုံးပုံဖြင့် ရေတွက်အပ်သော ပါဠိတော်စာပေသည် အဖွင့်ဖြစ်သော အဋ္ဌကထာကျမ်းတို့ဖြင့် ထွန်းကားစည်ပင်ခြင်းသို့ ရောက်ပြီးနောက် အဋ္ဌကထာတို့၌ ခက်ခဲသော ဌာနတို့ကို ဖွင့်ပြမည့်ကျမ်းများ လိုအပ်လာပြန်ပေသည်၊ ထိုလိုအပ်နေသော အချက်ကိုလည်း အရှင်အာနန္ဒာစသော ရှေးဆရာတို့ကပင် ဖြည့်ခဲ့လေသည်၊ ထိုမထေရ်တို့ပြုစုသော ကျမ်းများသည် “ဋီကာ”ဟူသောအမည်ဖြင့် ထင်ရှားကြလေသည်။[]

မူလဋီကာကျမ်းပြု အရှင်အာနန္ဒာ

ပြင်ဆင်ရန်

ဋီကာတို့တွင် ရှေးအကျဆုံးဋီကာမှာ အဘိဓမ္မာ အဋ္ဌကထာ ၃-ကျမ်း၏ အဖွင့်ဖြစ်သော မူလဋီကာပင် ဖြစ်လေသည်[၁၈]၊ ယင်း မူလဋီကာကို ရေးသားသူမှာ အရှင်အာနန္ဒာ ဖြစ်သည်။ ယင်း ဋီကာဆရာကား အရေးအသားတွင် ကျစ်လျစ်သိပ်သည်း၍ အဘိဓမ္မာဆိုင်ရာ အယူအဆတွင်လည်း လွန်စွာ ပြောင်မြောက်လှပေရာ အဘိဓမ္မာဆိုင်ရာ အချို့သော ပြဿနာတို့တွင် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ၏ အယူအဆများကိုပင် ရဲဝံ့စွာ ဝေဖန်စိစစ်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ပေသည်။ အရေးအသားကျစ်လျစ်၍ အတွေးအခေါ် နက်နဲမှုကြောင့်ပင် ဤကျမ်းသည် သာသနာနယ်ပယ်တွင် အခက်ဆုံးကျမ်းအဖြစ် အသိအမှတ်အပြုခံရသော ကျမ်းတကျမ်း ဖြစ်ပေသည်။ []

အခြားဋီကာ ကျမ်းပြုများ

ပြင်ဆင်ရန်

မူလဋီကာ၏ နောက်၌ကား ဥဒါန်းအဋ္ဌကထာစသည်ကို ရေးသားသော အရှင်ဓမ္မပါလမထေရ်, အရှင်သာရိပုတြာမထေရ်တို့က သုတ္တန်ဋီကာများကို ရေးသားခဲ့ပေသည်၊ ၎င်းတို့တွင် ဒီဃနိကာယ် မဇ္ဈိမနိကာယ်နှင့် သံယုတ္တနိကာယ် အဋ္ဌကထာတို့၏ ဋီကာများနှင့် အင်္ဂုတ္တိုရ် ဋီကာတပိုင်းတစ[၁၉]ကို အရှင်ဓမ္မပါလမထေရ် ပြုစု၍ အင်္ဂုတ္တိုရ်ဋီကာသစ်ကို အရှင်သာရိပုတြာ မထေရ် ရေးသားစီရင်ခဲ့လေသည်။ ဝိနည်းအဋ္ဌကထာ၏ ဋီကာများကား ၃-ကျမ်းရှိလေသည်၊ ထိုတွင် ဝဇိရဗုဒ္ဓိဋီကာကို အရှင်ဝဇိရဗုဒ္ဓိမထေရ်ကလည်းကောင်း, သာရတ္ထဒီပနီဋီကာကို အရှင်သာရိပုတြာ မထေရ်ကလည်းကောင်း, ဝိမတိဝိနောဒနီဋီကာကို အရှင်ကဿပမထေရ်ကလည်းကောင်း, အသီးအသီး ရေးသားပြုစုခဲ့ကြလေသည်။ နေတ္တိဋီကာဟောင်းနှင့် ဝိသုဒ္ဓိမဂ်မဟာဋီကာကိုလည်း အထက်၌ ဆိုခဲ့သည့် အရှင်ဓမ္မပါလပင် ရေးသားတော်မူခဲ့ပေသည်။

ဋီကာကို ထပ်ဆင့်၍ ဖွင့်သောကျမ်းကို အနုဋီကာဟု ခေါ်ကြောင်း ဖော်ပြခဲ့ပြီ။ ဋီကာတိုင်း မှာကား အနုဋီကာ မရှိပေ၊ အဘိဓမ္မာအဋ္ဌကထာ၏ အဖွင့်ဖြစ်သော မူလဋီကာမှာသာ အနုဋီကာ ရှိပေသည်၊ ယင်း အနုဋီကာကိုလည်း အရှင်ဓမ္မပါလမထေရ်သည်ပင် ပြုစုပေသည်[၂၀]။ မူလဋီကာ၏ အဖွင့်ဖြစ်သည့်အားလျော်စွာ အနုဋီကာသည်လည်း စကားကျစ်လျစ်၍ အတွေးအခေါ် ပြောင်မြောက်သည်ပင် ဖြစ်ပေသည်၊ မူလဋီကာဆရာက အဋ္ဌကထာဆရာ၏ စကားအချို့ကို ဝေဖန်ပြစ်တင်ခဲ့သည့်နည်းတူ အနုဋီကာဆရာကလည်း အဋ္ဌကထာဖက်မှလိုက်၍ မူလဋီကာ၏အဆို အမိန့်များကို စစ်ဆေးဝေဖန်ခဲ့ပေသည်။

ဋီကာ အနုဋီကာကျမ်းတို့နှင့် တပြိုင်နက်လည်းကောင်း, မရှေးမနှောင်းလည်းကောင်း, ယင်းတို့နောက် အတော် ကြာနှောင်းသောကာလမှလည်းကောင်း, ပေါ်ခဲ့သော သာသနာဆိုင်ရာ ပါဠိကျမ်းစာတို့လည်း ရှိပေသည်။ ထိုကျမ်းတို့ကား ဂဏ္ဌိကျမ်းများ[၂၁], လက်သန်းကျမ်းများ, သဒ္ဒါ, အလင်္ကာ, ဆန်း, အဘိဓာန် ကျမ်းများ စသည်ဖြင့် များစွာပင်ရှိသည်။

၎င်းတို့တွင် ဝိနည်းအဋ္ဌကထာ၏ ဂဏ္ဌိဖြစ်သော ကျမ်းများကား ဂဏ္ဌိပဒ, မဟာဂဏ္ဌိပဒ, မဇ္ဈိမဂဏ္ဌိပဒနှင့် စူဠဂဏ္ဌိပဒတို့ ဖြစ်သည်၊ ၎င်းတို့တွင် ဂဏ္ဌိပဒကျမ်းမှာ မာဂဓဘာသာရေး ဖြစ်၍ကြွင်း ၃-ကျမ်းမှာ သီဟိုဠ်ဘာသာရေးကျမ်းများ ဖြစ်ကြသည်[၂၂]။ ၎င်းကျမ်းတို့သည် မြန်မာနိုင်ငံသို့ ရောက်လာဟန် မတူပေ။ သီဟိုဠ်နိုင်ငံမှာလည်း ယခုအခါတွင် မတွေ့ရတော့ပေ။ ဝဇိရဗုဒ္ဓိဋီကာ, သာရတ္ထဒီပနီဋီကာလာ စကားတို့အရသာ[၂၃] ၎င်းတို့ ရှေးကရှိခဲ့ကြောင်း သိရလေသည်။ ၎င်းတို့တွင် မဟာ မဇ္ဈိမနှင့် စူဠဂဏ္ဌိပဒ ၃-စောင်ကို သီဟိုဠ်ကျွန်း အရှင်ဇောတိပါလပြုသည်ဟု ပိဋကတ်တော်သမိုင်း[၂၄]၌ ဆိုသည်။ []

ဂဏ္ဌိကျမ်းများ

ပြင်ဆင်ရန်

ဂဏ္ဌိဟူသောအမည်ဖြင့် ယနေ့ တွေ့မြင်အပ်သော အခြားကျမ်း ၂-ကျမ်းလည်း ရှိသည်၊ ၎င်းတို့ကား ဝိသုဒ္ဓိမဂ္ဂဂဏ္ဌိပဒနှင့် ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဌိပဒတို့ပင် ဖြစ်သည်။ ၂-ကျမ်းလုံးပင် ဘာသာရေး ကျမ်းများ ဖြစ်လေသည်။ ထိုတွင် ဝိသုဒ္ဓိမဂ္ဂဂဏ္ဌိပဒမှာ ဝိသုဒ္ဓိမဂ် စူဠဋီကာဟုလည်း ထင်ရှားသည်၊ ထို့အတူပင် ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဌိပဒသည် ပဋိသမ္ဘိဒါမဂ္ဂဋီကာ ဟူသော အခြားအမည်ဖြင့်လည်း ထင်ရှားပြန်သည်။ ၎င်း ၂-ကျမ်းတို့တွင် ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဌိပဒကို သိရိပရက္ကမဗာဟုမင်းလက်ထက် မဟာထူပဝင်ကျမ်းကို ပြုစုသည့်မထေရ် ပြုစုသည်ဟု ပိဋကတ်တော်သမိုင်း[၂၅]၌ ဆိုသဖြင့်၎င်းကျမ်းသည် သီဟိုဠ်ဖြစ်ကျမ်း ဖြစ်သည်၊ ဝိသုဒ္ဓိမဂ္ဂဂဏ္ဌိပဒမှာကား ပုဂံမြို့ အရှင်သဒ္ဓမ္မဇောတိပါလ ပြုစုသည်ဟု ၎င်းသမိုင်း[၂၆]၌ပင် ဆိုသဖြင့် မြန်မာပြည်ဖြစ်ကျမ်း ဖြစ်ပေသည်။ []

လက်သန်းကျမ်း

ပြင်ဆင်ရန်

လက်သန်းကျမ်းများကား ဝိနည်းလက်သန်းကျမ်း, အဘိဓမ္မာလက်သန်းကျမ်းဟူ၍ ၂-မျိုးရှိရာ ပိဋကတ်တော်သမိုင်း[၂၇] အဆိုအရ ဝိနည်းလက်သန်း အဋ္ဌကထာမှာ ကျမ်းအရေအတွက်အားဖြင့် ၂၀-ရှိသည်၊ ၎င်းတို့တွင် ထင်ရှားသော ကျမ်းအချို့မှာ သာရတ္ထဒီပနီဋီကာဆရာ အရှင်သာရိပုတြာ ပြုစုသည့် ဝိနယသင်္ဂဟအဋ္ဌကထာ, အရှင်ဗုဒ္ဓဒတ္တပြုစုသည့် ဝိနယဝိနိစ္ဆယနှင့် ဥတ္တရဝိနိစ္ဆယ, အရှင်သဒ္ဓမ္မသိရီပြုစုသည့် ခုဒ္ဒသိက္ခာ, အရှင်မဟာသာမိပြုစုသည့် မူလသိက္ခာ စသည်တို့ ဖြစ်ပေသည်။

အဘိဓမ္မာလက်သန်း အဋ္ဌကထာများမှာလည်း ပိဋကတ်တော်သမိုင်း[၂၈] အဆိုအရ ၁၀-ကျမ်း ရှိလေသည်၊ ထိုတွင် အရှင်အနုရုဒ္ဓါ၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်း, ပရမတ္ထဝိနိစ္ဆယကျမ်း, နာမရူပပရိစ္ဆေဒကျမ်း, အရှင်ဗုဒ္ဓဒတ္တ၏ အဘိဓမ္မာဝတာရကျမ်း, အရှင်ကဿပ၏ မောဟဝိစ္ဆေဒနီကျမ်း, အရှင်ဓမ္မပါလ၏ သစ္စသံခိပ်ကျမ်း[၂၉]တို့မှာ ထင်ရှားသောကျမ်းများဖြစ်သည်။ []

လက်သန်းဋီကာ

ပြင်ဆင်ရန်

နောင်အခါတွင် ယင်းကျမ်းများ၏ အဖွင့်ဋီကာကျမ်းများလည်း ထွက်ပေါ်လာကြပြန်သည်၊ ၎င်းကျမ်းတို့ကိုလည်း လက်သန်းအဋ္ဌကထာတို့၏ ဋီကာများဖြစ်၍ လက်သန်းဋီကာဟု ခေါ်ဝေါ် ကြသည်။ []

ကစ္စာယနသဒ္ဒါကျမ်း

ပြင်ဆင်ရန်

ဗုဒ္ဓသာသနာရေးနှင့်သက်ဆိုင်သော ပါဠိကျမ်းဂန်များ ပေါများလာသည့်နည်းတူ ပါဠိဘာသာကို ထိန်းကွပ်စောင့်ရှောက်သည့် ဘာသာစောင့် သဒ္ဒါကျမ်းများလည်း ပေါ်ထွက်ခဲ့သည်။ ယင်း သဒ္ဒါကျမ်းတို့တွင် အထင်ရှားဆုံးမှာ ကစ္စည်းမထေရ်၏ သဒ္ဒါကြီးခေါ် ကစ္စာယနဗျာကရုဏ်းကျမ်းပင်ဖြစ်ပေသည်၊ ဤကျမ်းကို ခရစ်နှစ် ၁၀၀-ကျော် ၂၀၀-အတွင်း သို့မဟုတ် နောက်အကျဆုံးအားဖြင့် ၄၀၀-အတွင်း (သာသနာနှစ် ၆၀၀, ၇၀၀, ၉၀၀ အတွင်း)လောက်တွင် ပြုစုခဲ့သည်ဟု ယခုခေတ် ပညာရှင်တို့ ယူဆကြသည်”။ သို့ဖြစ်လျှင် ဤကျမ်းသည် ဣန္ဒြိယပြည်ဖြစ်ကျမ်း ဖြစ်ရပေမည်။ ဤကျမ်း၏ အခြံအရံဖြစ်သော ကျမ်းတို့လည်း ပေါများလှပေသည်။ ၎င်းတို့တွင် အရှင်ဝဇိရဗုဒ္ဓိ ပြုစုသည့် နျာသကျမ်း, အရှင်ဗုဒ္ဓပ္ပိယပြုစုသည့် ရူပသိဒ္ဓိကျမ်း စာကိုယ်နှင့်ဋီကာ, သီဟိုဠ်ကျွန်း အရှင်ဓမ္မကိတ္တိပြုစုသည့် ဗာလာဝတာရကျမ်းတို့ကား ထင်ရှားသော ကျမ်းတို့ဖြစ်ပေသည်။

မောဂ္ဂလ္လာန်သဒ္ဒါကျမ်း

ပြင်ဆင်ရန်

ကစ္စာယနသဒ္ဒါကျမ်း၏ အခြံအရံမဟုတ်ပဲ မိမိ၏သီးခြား သုတ်ဝုတ္တိ ဥဒါဟရုဏ်တို့ဖြင့် ရေးသားအပ်သော သဒ္ဒါကျမ်းလည်း သီဟိုဠ်ကျွန်းတွင် ပေါ်ထွက်ခဲ့ပေသည်၊ ၎င်းကား အရှင်မောဂ္ဂလ္လာန် ပြုစုသည့် မောဂ္ဂလ္လာနဗျာကရဏခေါ် မောဂ္ဂလ္လာန်သဒ္ဒါကျမ်းပင် ဖြစ်ပေသည်၊ ၎င်းသည်လည်း အရှင်မောဂ္ဂလ္လာန်ပင်ပြုစုသည့် မောဂ္ဂလ္လာနပဉ္စိကာကျမ်း, အရှင်သံဃရက္ခိတပြုစုသည့် သုသဒ္ဒသိဒ္ဓိ ကျမ်းနှင့် ယောဂနိစ္ဆယခေါ် သမ္ဗန္ဓစိန္တာကျမ်း, ရာဟုလသံဃရာဇာပြုစုသည့် ပဉ္စိကာပဒီပကျမ်း အရှင်ပိယဒဿီပြုစုသည့် ပဒသာဓနကျမ်း, အရှင်မေဓင်္ကရပြုစုသည့် ပယောဂသိဒ္ဓိကျမ်းစသည်တို့ဖြင့် ခြံရံအပ်၍ သာသနာတော်တွင် ထင်ရှားသောကျမ်းပင် ဖြစ်လေသည်။ []

အလင်္ကာကျမ်းနှင့် ဆန်းကျမ်း

ပြင်ဆင်ရန်

သီဟိုဠ်ပါဠိစာပေခေတ်မှာပင် ပါဠိစာပေအရေးအသားကိုပြသည့် အလင်္ကာကျမ်း, ဂါထာ စီကုံးနှုံးဖွဲ့နည်းကိုပြသည့် ဆန်းကျမ်း, အနက်တူပါဠိပရိယာယ်ပုဒ်တို့နှင့် အနေကတ္ထပုဒ်တို့ကိုပြသည့် အဘိဓာန်ကျမ်းများ ပေါ်ထွက်ခဲ့ပေသည်။ ထိုတွင် အလင်္ကာကျမ်းနှင့် ဆန်းကျမ်း ၂-မျိုးလုံးကိုပင် အရှင်သံဃရက္ခိတမထေရ် ရေးသားပြုစုခဲ့ရာ အလင်္ကာကျမ်းမှာ “သုဗောဓာလင်္ကာရ” ဟူသော အမည်ဖြင့်လည်းကောင်း, ဆန်းကျမ်းမှာ “ဝုတ္တောဒယ”ဟူသော အမည်ဖြင့်လည်းကောင်း, ထင်ရှားလေသည်။ အဘိဓာန် ကျမ်းကိုကား အရှင်မောဂ္ဂလ္လာန်မထေရ်ပြုစုသည်၊ ယင်းသည်လည်း “အဘိဓာနပ္ပဒီပိကာ”ဟူသော အမည်ဖြင့် ထင်ရှားသည်။ []

ဝံသကျမ်းများ

ပြင်ဆင်ရန်

ထိုထိုသမိုင်းကို ပြဆိုသော ဝံသကျမ်းတို့လည်း သီဟိုဠ်ကျွန်းဖြစ်တို့သာ များလေသည်။ ထိုတွင် ဒီပဝံသနှင့် မဟာဝံသတို့အကြောင်းကို အထက်ကရေးသားခဲ့ပြီ။ အခြား ဝံသကျမ်းတို့ကား သီဟိုဠ်ကျွန်း အနုရာဓမြို့ရှိ ဗောဓိပင်၏ အကြောင်းကို ပြဆိုသော မဟာဗောဓိဝံသကျမ်း, ဘုရားရှင်စွယ်တော်၏ အတ္ထုပ္ပတ်ကို ပြဆိုသော ဒါဌာဓာတုဝံသကျမ်း, သီဟိုဠ်ကျွန်း မဟာစေတီ၏အကြောင်းကို ပြဆိုသော မဟာထူပဝံသကျမ်း, နဖူးသင်းကျစ်တော်၏ အတ္ထုပ္ပတ်ကို ပြဆိုသော နလာဋဓာတုဝံသ ကျမ်း, ဆံတော်ခြောက်ဆူ၏အဋ္ဌုပ္ပတ်ကို ပြဆိုသော ဆကေသဓာတုဝံသကျမ်း, နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင်၏ အကြောင်းကို ပြဆိုသော အနာဂတဝံသကျမ်းစသည်တို့ ဖြစ်ပေသည်။ ဤသို့လျှင် အရှင်မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာတော်ကို ဆောင်ယူခဲ့သည်မှစ၍ တဟုန်ထိုး ကြီးပွါးလာခဲ့သော သီဟိုဠ်ကျွန်း ပါဠိစာပေသည် သာသနာနှစ် ၂၀၀၀-ခန့် (အေဒီ ၁၅-ရာစု)တိုင်အောင်ပင် ရောက်ရှိခဲ့ပေသည်။ ဤခေတ်မှ နောက်တွင်ကား ပြောပလောက်အောင် ပါဠိစာပေဆိုင်ရာ ကျမ်းဂန်များ မပေါ်ထွက်တော့ချေ။ []

ဆက်လက်ဖတ်ရှုန်ရန်

ပြင်ဆင်ရန်

ပါဠိစာပေ

ပါဠိတော်

ဗုဒ္ဓဃောသ


  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ တိပိဋကအဘိဓာန် အတွဲ-၁ နိဒါန်း
  2. ၁။ ဤအဘိဓာန် “အဋ္ဌကထာ”ပုဒ်ကိုလည်း ကြည့်။
  3. ၂။ သံဝဏ္ဏနံ တဉ္စ သမာရဘန္တော၊ တာ မဟာအဋ္ဌကထံ သရီရံ။ ကတွာ မဟာပစ္စရိယံ တထေဝ၊ ကုရုန္ဒိနာမာဒိသု ဝိဿုတာသု။ (ဝိ၊ဋ္ဌ၊၁၊၂။) ဧတ္ထ အာဒိသဒ္ဒေန စူဠပစ္စရိအန္ဓကအရိယအဋ္ဌကထာပန္နဝါရာဒယောပိ သင်္ဂဟိတာ။ (ဝဇိရ၊၁၈)။ အာဒိသဒ္ဒေန အန္ဓကဋ္ဌကထံ သင်္ခေပဋ္ဌကထဉ္စ သင်္ဂဏှာတိ။ (သာရတ္ထ၊၁၊၂၀။ ဝိမတိ၊၁၊၆။)
  4. ၁။ မဟာအဋ္ဌကဉ္စဝ၊ မဟာပစ္စရိမေဝ စ။ ကုရုနိဉ္စာတိ တိဿောပိ၊ သီဟဠဋ္ဌကထာ ဣမာ။ (ဝိ၊ဋ္ဌ၊၄၊၂၆၃)
  5. ၂။ ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရအဋ္ဌကထာ နိဂုံးတို့၌ လာသော- “သာ ဟိ မဟာအဋ္ဌကထာယ၊ သာရမာဒါယ နိဋ္ဌိတာ ဧသော”နှင့် “မူလဋ္ဌကထာသာရံ၊ အာဒါယ မယာ ဣမံ ကရောန္တေန”တို့ကို ယှဉ်ကြည့်ပါ။
  6. ၃။ ပစ္စရီ နာမ သီဟဠဘာသာယ ဥဠုမ္မံ ကိရ၊ တသ္မိံ နိသီဒိတွာ တတတ္တာ တမေဝ နာမံ ဇာတံ။ ကုရုန္ဒီ-ဝလ္လိဝိဟာရော နာမ အတ္ထိ၊ တတ္ထ ကတတ္တာ ကုရုန္ဒီ နာမ ဇာတာ။ (ဝဇိရဗုဒ္ဓိဋီကာ၊၁၈)။ သာရတ္တ, ဝိမတိတို့၌လည်း နည်းတူပင် ဆိုကြသည်။
  7. ၄။ အန္ဓကဘာသာဟူသည် တေလဂူဘာသာဖြစ်ကြောင်း မောဂ္ဂလ္လာန်နိသျ နိဒါန်း(က)၌ မိန့်ဆိုထားသည်၊ သို့ဖြစ်၍ အန္ဓကအဋ္ဌကထာသည် တေလဂူဘာသာဖြင့် ရေးသားအပ်သော အဋ္ဌကထာတစောင်ပင် ဖြစ်ပေမည်။
  8. ၅။ ဒီ၊ဋ္ဌ၊၃၊၆၆-ကြည့်။ ၆။ မ၊ဋ္ဌ၊၃၊၁၉၅၊ ၁၉၊ ၂၁၀-ကြည့်။
  9. ၁။ ပါရာဇိကဏ်အဋ္ဌကထာ ဗာဟိရနိဒါန်းအဖွင့် ကြည့်။
  10. ၂။ အဘိ၊ဋ္ဌ၊၃၊၁၀၅-၉ ကြည့်ပါ။
  11. ၃။ Wilhelm Geiger၏ Pali Literature and Language စာမျက်နှာ-၃၆။
  12. ၄။ ပရတီရံ ပတာရေတွာ၊ ရာဇာနံ လောကပီဠကံ။ ဣင်္ဂီရီသိနာမကာ သဗ္ဗံ၊ ရဇ္ဇံ ကရဂတံ ကရုံ။ (စူဠဝံသ နောက်ဆုံးဂါထာ) ဤဂါထာ၌ ရာဇာနံ-အရ သိရိဝိက္ကမရာဇသီဟ (သီဟိုဠ် နောက်ဆုံးမင်း ၁၇၉၈-၁၈၁၅)ကို ယူ ဣင်္ဂိရီသိ-ဟူသည် အင်္ဂလိပ်ကိုပင် ပါဠိလိုခေါ်ခြင်း ဖြစ်သည်။
  13. ၁။ ဝိ၊ဋ္ဌ၊၁၊၂၇၀။
  14. ၂။ ဝိ၊ဋ္ဌ၊၁၊၂၇၇။
  15. ၃။ ယံ ပန ဝိဘင်္ဂပ္ပကရဏဿ သီဟဋ္ဌကထာယံ “စိတ္တသမုဋ္ဌာနံ ရူပံ သတ္တရသမဿ စိတ္တဿ ဥပ္ပါဒက္ခဏေ နိရုဇ္ဈတိ”တိ ဝုတ္တံ၊ တံ ဣမာယ ပါဠိယာ ဝိရုဇ္ဈတိ။ အဋ္ဌကထာတော စ ပါဠိယေဝ ဗလဝတရာတိ ပါဠိယံ ဝုတ္တမေဝ ပမာဏံ။ (အဘိ၊ဋ္ဌ၊၃၊၃၁၆။)
  16. ၄။ အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌုပ္ပတ္တိအကျယ်ကို ဝိသုဒ္ဓိမဂ်နိဒါနကထာမြန်မာပြန်မှာ ကြည့်။ ဓမ္မပဒအဋ္ဌကထာနှင့် ဇာတ်အဋ္ဌကထာတို့ကို အရှင်မဟာဗုဒ္ဓဃောသ၏ လက်ရာမဟုတ်ဟုလည်း အနောက်တိုင်း ပါဠိပညာရှင်တို့ ယူဆကြသည်။
  17. ၅။ ဝိနယဝိနိစ္ဆယနှင့် ဥတ္တရဝိနိစ္ဆယ ၂-ကျမ်းတွဲ နိဒါန်းလည်း ကြည့်။
  18. ၂။ ဋီကာတကာတို့၏ လက်ဦးအမြစ်အရင်းဖြစ်၍ မူလဋီကာဟု တွင်သတည်း။ (သာသနာလင်္ကာရ စာ တမ်း-၄၅)
  19. ၃။ ပိဋကတ်တော်သမိုင်း နှာ-၁၁၂-၁၁၃ ကြည့်။
  20. ၁။ ပါမောက္ခ မာလလဆကရ-၏ The Pali Literature of Ceylon (နှာ-၁၁၅၊ ၂၁၂) ၌လည်းကောင်း, ထိုပါမောက္ခပင်တည်းဖြတ်သော Encyclopaedia of Buddhism (Fascicule, နှာ-၄၉)၌လည်းကောင်း, ထိုသူပ ပြုစုသော Dictionary of Pali Proper Names ၌လည်းကောင်း, အနုဋီကာကိုပြုစုသူမှာ ဥဒါန်းအဋ္ဌကထာ စသည်ကို ပြုစုသော အာစရိယဓမ္မပါလမထေရ် မဟုတ်ပဲ မူလဋီကာဆရာ အရှင်အာနန္ဒာ၏ တပည့် စူဠဓမ္မပါလမထေရ်သာ ဖြစ်ကြောင်း ပြဆိုထားသည်ကို တွေ့ရသည်၊ ၎င်းပြင် အာစရိယဓမ္မပါလမထေရ်သည် ခရစ်နှစ် ၇-ရာစုမတိုင်မီ ပေါ်ထွန်းခဲ့၍ အရှင်အာနန္ဒာသည် ခရစ်နှစ် ၈-ရာစု သို့မဟုတ် ၉-ရာစု လောက်မှာ ပေါ်ထွန်းခဲ့သည် ဟုလည်း ပြဆိုထားပြန်သေးသည်။
    ထိုတွင် အာစရိယဓမ္မပါလမထေရ်၏ ခေတ်ကိုဆုံးဖြတ်ရာ၌ ၎င်းပါမောက္ခ၏ တစ်ခုတည်းသောအားကိုးမှာ တရုတ်ရဟန်းတော် ဟူယင်ဆင်၏ မှတ်တမ်းပင် ဖြစ်သည်၊ ဟူယင်ဆင်သည် ခရစ်နှစ် ၇ ရာစုအတွင်း၌ ဣန္ဒြိယ နိုင်ငံသို့ ဘုရားဖူးကြွလာသည်ဖြစ်၍ အရှင်ဓမ္မပါလ၏ အကြောင်းကို ယင်း၏မှတ်ဘမ်း၌ တွေ့ရလျှင် အရှင်ဓမ္မပါလသည် ၇ ရာစုမတိုင်မီ ပေါ်ထွန်းခဲ့သူဖြစ်ရမည်ဟူသော ကြံဆချက်ဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သို့သော်လည်းကောင်း, ဆုံးဖြတ်ချက်သည် မခိုင်လုံပေ။ ဟူယင်ဆင်၏ မတ်တမ်း၌ပါသော ဓမ္မပါလသည် အာစရိယဓမ္မပါလပင် ဖြစ်သည် ဟု ဧကန် မဆိုနိုင်ရုံသာမက အာစရိယဓမ္မပါလ မဟုတ်သည့်ဖက်သို့ ညွှန်ပြနေသော အကြောင်းများကိုပင် ၎င်းမှတ်တမ်း၌ တွေ့ရှိနေရသည်။ ၎င်းမှတ်တမ်း၌ ဗောဓိသတ္တဓမ္မပါလ-ဟု ဆိုထားသည်ကိုလည်းကောင်း, ဓမ္မပါလပြုသည်ဟု ပြဆိုထားသော ကျမ်းတို့မှာ မဟာယာနကျမ်းများသာ ဖြစ်နေသည်ကိုလည်းကောင်း, ထောက်လျှင် ယင်းမှတ်တမ်းပါ ဓမ္မပါလသည် ဝိသုဒ္ဓိမဂ်ဋီကာ-စသည်ကိုပြုသော အာစရိယဓမ္မပါလမထေရ် မဟုတ်နိုင်ကြောင်း ထင်ရှားသည်။
    ထို့ပြင်လည်း စူဠဝံသကျမ်းတွင် ခရစ်နှစ် ၉၅၃-မှ ၉၅၆-ခုနှစ် အထိ နန်းစံသော သေနမင်းသည် မင်းအဖြစ်သို့ ရောက်ပြီးနောက် သိတ္ထဂါမမည်သောရွာကို ပရိဝေဏအဖြစ် ပြုလုပ်ကြောင်းကိုလည်းကောင်း, ခရစ်နှစ် ၉၅၆-မှ ၉၇၂-ခုနှစ် အထိ နန်းစံသော မဟိန္ဒမင်းသည် သိတ္ထဂါမပရိဝေဏ၌ နေထိုင်သော အရှင်ဓမ္မမိတ္တကို အဘိဓမ္မာ၏ အဖွင့်ကျမ်း ပြုစုစေ၍ အရညဝါသီဖြစ်သော ဒါဌာနာဂမည်သောမထေရ်အား အဘိဓမ္မာတရား ဟောစေပုံကိုလည်းကောင်း, ပြဆိုထားသည်ကို တွေ့ရ၏။ (စူဠဝံ၊ ၅၄-ပရိစ္ဆေဒ၊၆၊၃၅၊ ၃၆-ဂါထာများ)။ ဝိသုဒ္ဓိမဂ်ဋီကာ နိဂုံးစကားရပ်တွင်လည်း သိဒ္ဓ(သိတ္ထ?)ဂါမပရိဝေဏ၌ သီတင်းသုံး နေထိုင်လေ့ရှိသော ဒါဌာနာဂမထေရ် တောင်းပန်၍ ဝိသုဒ္ဓိမဂ်ဋီကာ ကျမ်းကို ပြုစုကြောင်း အာစရိယဓမ္မပါလမထေရ်ကိုယ်တိုင် မိန့်ဆိုထားသည်ကို တွေ့ရသည်။ အထက်ပါ စူဠဝံသ နှင့် ဝိသုဒ္ဓိမဂ်ဋီကာလာစကားတို့ကို ပေါင်းစပ်ကြည့်လျှင် ဒါဌာနာဂမထေရ်သည် ရံခါ သိတ္တဂါမပရိဝေဏ၌ နေ၍ ရံခါ တောကျောင်းမှာ နေသည်၊ ဝိသုဒ္ဓိမဂ်ဋီကာကို ပြုစုရန် တောင်းပန်စဉ်က သိတ္ထဂါမပရိဝေဏ၌ နေလျက်ရှိ သည်ဟူသော အချက်မှာ ပေါ်လွင်လျက်ရှိသည်။ ယင်း ၂-ကျမ်းလာ ဒါဌာနာဂမထေရ်တို့သည် ပုဂ္ဂိုလ်တစ်ဦးတည်း မဟုတ်ဟု ဆိုဘိဦး အာစရိယဓမ္မပါလမထေရ်သည် သိတ္ထဂါမဌာ ပရိဝေဏဖြစ်ပြီးသည့်နောက်မှ ဝိသုဒ္ဓိမဂ် ဋီကာကို ရေးသားခဲ့ကြောင်း ထင်ရှားရကား အာစရိယဓမ္မပါလ မထေရ်သည် သေနမင်း, မဟိန္ဒမင်းတို့ လက်ထက် ဖြစ်သည့် ခရစ်နှစ် ၁၀-ရာစု အတွင်းမှာ ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း ကောင်းကောင်းကြီ ထင်ရှားပေပြီ။
    ယင်း အာစရိယဓမ္မပါလမထေရ်ထက် မူလဋီကာဆရာ အရှင်အာနန္ဒာက ရှေးကျကြောင်းသည်လည်း ဥဒါန်း အဋ္ဌကထာ, ဝိသုဒ္ဓိမဂ် မဟာဋီကာတို့၌ ပြဆိုထားသော စကားတို့ဖြင့်ပင် ထင်ရှားသည်။ (ဥဒါန်းအဋ္ဌကထာ(၈၄)၌ “အန္တရာဘဝကထာဝိစာရော ကထာဝတ္ထုပကရဏဿ ဋီကာယံ ဂဟေတဗ္ဗော” ဟု မူလဋီကာကို ညွှန်းထားချက်, ဝိသုဒ္ဓိမဂ်မဟာဋီကာ ဒုတိယအုပ်၌ “ကြိယာဇောနောင် တဒါရုံ မကျ”ဟူသော မူလဋီကာ (၁။ ၁၃၄)လာ ဝါဒကို ပယ်ထားချက် (မဟာဋီ။ ၁၃၄), “ဇီဝိတဆက္က, စက္ခုသတ္တကကလာပ်”ဟု ယူသော မူလဋီကာ(၂။ ၁၀၈)လာ ဝါဒကိုပင် ပယ်ထားချက်(မဟာဋီ၊၂၊၃၀၄-၇)တို့ကို ကြည့်ပါ။)
    အနုဋီကာကို စူဠဓမ္မပါလမထေရ် ပြုစုသည်ဟု ဆိုထားချက်မှာလည်း ခိုင်လုံသော အထောက်အထားမရှိပဲ အတ္တနောမတိမျှဖြင့်သာ ရေးသားထားခြင်း ဖြစ်လေသည်။ အာစရိယဓမ္မပါလမထေရ်ကို ခရစ်နှစ် ၇-ရာစုမတိုင် မီ ပေါ်ထွန်းသော ပုဂ္ဂိုလ်ဟု ယူဆထားမိရာ ၎င်းပုဂ္ဂိုလ်သည် ၈-ရာစု သို့မဟုတ် ၉-ရာစုမှ ပေါ်သော အရှင်အာနန္ဒာ ပြုစုသည့် မူလဋီကာ၏ အနုဋီကာကို ရေးသားသူ မဖြစ်နိုင်၊ အာစရိယဓမ္မပါလနှင့် အမည်တူ စူဠဓမ္မပါလသာ ဖြစ်ရမည်ဟု ကြံဆမိ၍ ယင်းသို့ ရေးသားမိခြင်း ဖြစ်ပေမည်။ အာစရိယဓမ္မပါလမထေရ် ရေးသားအပ်သည့် ဝိသုဒ္ဓိမဂ်ဋီကာ, သုတ္တန်ဋီကာများနှင့် အနုဋီကာကို တိုက်ဆိုင်ကြည့်ရှုလျှင် အနုဋီကာသည် အာစရိယ-ဓမ္မပါလမထေရ်၏ လက်ရာဖြစ်ကြောင်း၎င်းကျမ်းပါ စာသားတို့ကပင် သက်သေခံပေလိမ့်မည်၊ ခရစ်နှစ် ၁၂-ရာစု အတွင်း ပြုစုခဲ့သော အရှင်သုမင်္ဂလသာမိ၏ အဘိဓမ္မာဝတာရဋီကာသစ်နှင့် ဋီကာကျော်ကျမ်းတို့ကို လေ့လာကြည့်ရှုလျင်လည်း အနုဋီကာကို အာစရိယဓမ္မပါလမထေရ် ရေးသားခဲ့ကြောင်း အလွန်ပင် ထင်ရှားပေသည်။
    အဘိဓမ္မာဝတာရဋီကာသစ် (ဒု၊ ၄၁-၄၅)၌ အဋ္ဌကထာလာ ဒုတိယမောဃဝါရနှင့် စပ်၍ မူလဋီကာဆရာ၏ စိစစ်ချက်စကားရပ်တို့ကို ထုတ်ပြပြီး “ဤနေရာ၌ အာစရိယဓမ္မပါလမထေရ်က ဤသို့မိန့်သည်”ဟု အနုဋီကာ (၁။ ၁၃၈)လာ စကားရပ်ကို ထုတ်နုတ်ပြဆိုထားသည်ကို တွေ့ရ၏။ ထို့အတူပင်၎င်းဋီကာသစ် ဒုတိယအုပ် စာမျက်နှာ ၅၆, ၁၇၅-၇, ၁၈၅-တို့၌လည်းကောင်း, ဋီကာကျော် စာမျက်နှာ ၅၃-၌လည်းကောင်း, အနုဋီကာကို အာစရိယဓမ္မပါလ ရေးသားကြောင်း ထင်ရှားစေသော စကားရပ်များကို တွေ့ရသည်။ ထို့ကြောင့် အနုဋီကာကို ရေးသား သူမှာ ဥဒါန်းအဋ္ဌကထာစသည်ကို ပြုစုသော ဗဒရတိတ္ထကျောင်းနေ အာစရိယဓမ္မပါလမထေရ်ပင် ဖြစ်ကြောင်း ယုံကြည်စွာ မှတ်အပ်ပေသည်။
    မူလဋီကာကို ရေးသားရန် တောင်းပန်သူမှာ အရှင်ဓမ္မမိတ္တဖြစ်ကြောင်း အဋ္ဌသာလိနီ မူလဋီကာ နိဂုံးလာ စကားအရ သိရှိရ၏၊ ၎င်းအရှင်ဓမ္မမိတ္တသည် စူဠဝံသ (၅၄၊ ၃၅)၌ ပါသော အရှင်ဓမ္မမိတ္တ ဖြစ်ကောင်း ဖြစ် ပေမည်။ အကယ်၍ ဖြစ်ခဲ့လျှင် အရှင်အာနန္ဒာနှင့် အာစရိယမ္မပါလတို့ တစ်ပါးနှင့်တစ်ပါး ကာလအားဖြင့် အလွန် ကွာခြားကြမည် မဟုတ်ဟု မှတ်ယူနိုင်ပေသည်။ ဂန္ထဝံသ (၆၉၊ ဣ-မူ)၌ကား မူလဋီကာကို အရှင်ဗုဒ္ဓမိတ္တ တောင်းပန်၍ အရှင်အာနန္ဒာ ပြုစုသည်ဟု တွေ့ရသည်။
  21. ၁။ သာသနာလင်္ကာရစာတမ်း (၄၇)၌ “ဝဇိရဗုဒ္ဓိမည်သော ဝိနည်းငါးကျမ်း ဂဏ္ဌိကို ဝဇိရဗုဒ္ဓိဆရာ ပြု သည်”ဟု မိန့်ဆိုချက်ရှိသည်။ ၎င်းဂဏ္ဌိကား ယခုအခါ ဝဇိရဗုဒ္ဓိဋီကာဟု ထင်ရှားသော ကျမ်းပင် ဖြစ်ဟန်တူပေသည်။
  22. ၁။ သာရတ္ထ၊၁၊၈၊
  23. ၂။ ဝဇိရ။ ၁၆၊ ၁၇-စသည်။
  24. ၃။ စာမျက်နှာ ၁၃၅။
  25. ၄။ စာမျက်နှာ ၁၁၄။
  26. ၅။ စာမျက်နှာ ၁၁၅။
  27. ၆။ စာမျက်နှာ ၁၁၉-၁၂၁။
  28. ၇။ စာမျက်နှာ ၁၂၁-၁၂၄။
  29. ၈။ သစ္စသံခိပ်ကျမ်းကို အရှင်အာနန္ဒာ၏ တပည့်ကြီးဖြစ်သည့် စူဠဓမ္မပါလမထေရ်ရေးသားသည်ဟု ဂန္ထဝံသ (၆၀)၌ ဆိုသည်၊ ပါမောက္ခ မာလလဆေကရ-ကလည်း ဂန္ထဝံသကိုပင် ကိုး၍ ယင်းအတူ ဆိုသည်။ ပိဋကတ်တော်သမိုင်း (နှာ-၁၂၄)၌ကား ဗဒရတိတ္ထကျောင်းနေ အရှင်ဓမ္မပါလ ပြုစုသည်ဟု ဆိုသည်။ ထို့အတူပင် သဒ္ဒနီတိပဒမာလာ (ဆဋ္ဌမူ-၁၀)နှင့် မဏိသာရမဉ္ဇူသာဋီကာ (ဟံသာဝတီမူ, ပထမအုပ်, ၂၉၇၊ ၃၂၀)တို့၌လည်း အာစရိယဓမ္မပါလ (ဓမ္မပါလာစရိယ)ဟုပင် ဆိုသည်။