ဗြဟ္မစရိယပဉ္စမသီလ
လူတို့ကျင့်သုံးအပ်သော သီလအဖြစ်ဖြင့် ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလတို့အပြင် ဗြဟ္မစရိယပဉ္စမသီလလည်း ရှိသေး၏။ [၁]
တတိယသိက္ခာပုဒ် အပြောင်းအလဲ
ပြင်ဆင်ရန်ထိုဗြဟ္မစရိယ ပဉ္စမသီလဟူသည် ငါးပါးသီလပင် ဖြစ်၏။ ပကတိ ငါးပါးသီလမှာ တတိယသိက္ခာပုဒ်အဖြစ်ဖြင့် (ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ)ဟူ၍ ဆောက်တည်ရ၏၊ ထိုကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်၏အစား (အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ)ဟူ၍ ဆောက်တည်လိုက်လျှင် ဗြဟ္မစရိယပဉ္စမသီလ ဖြစ်၏။ (ဤဗြဟ္မစရိယ ပဉ္စမသီလဟူသော အမည်မှာ.. မေထုန်အမှုမှ လုံးဝရှောင်ကြဉ်ခြင်းလျှင် ငါးခုမြောက်ရှိသော သီလဟူ၍ အနက်ထွက်သည်။ ဤအနက်ထွက်ပုံကို ထောက်က အဗြဟ္မစရိယ သိက္ခာပုဒ်ကို နောက်ဆုံးထား၍ ဆောက်တည်ရမည်ကဲ့သို့ ဖြစ်သော်လည်း ထိုသို့ နောက်ဆုံးထား၍ ဆောက်တည်ရန်မလို၊ ပကတိ ငါးပါးသီလကို ခံယူသည့်အတိုင်း ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်၏နေရာ၌ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိဟူ၍ ဆောက်တည်ရန်သာ ဖြစ်သည်။)[၁]
ဘုရားလက်ထက် ဆောက်တည်ကြသူများ
ပြင်ဆင်ရန်ဤ ဗြဟ္မစရိယ ပဉ္စမသီလကို မြတ်စွာဘုရားရှင်လက်ထက်က ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ဝဇ္ဇီတိုင်း ဟတ္ထိဂါမရွာနေ ဥဂ္ဂတသူကြွယ်တို့ ဆောက်တည်ကြောင်း အင်္ဂုတ္တရပါဠိ၊ အဋ္ဌကနိပါတ၊ ၃-ဂဟပတိဝဂ်၊ ၁-သုတ်၊ ၂-သုတ်တို့၌ လာရှိသည်။ ထိုအင်္ဂုတ္တရပါဠိ၊ ပဉ္စကနိပါတ၊ ၃-ဥပါသကဝဂ်၊ ၁ဝ-ဂဝေသီသုတ် (၁၈၉) မျက်နှာ၌ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက ဂဝေသီဥပါသကာ စောင့်ထိန်းကြောင်း လာရှိသည်။[၁]
အနာဂါမ် ဥပါသကာတို့ ဓလေ့
ပြင်ဆင်ရန်ဤအင်္ဂုတ္တရပါဠိ အဋ္ဌကနိပါတ်လာ ဥဂ္ဂသူကြွယ် နှစ်ဦးလုံးပင် မြတ်စွာဘုရားထံမှာ ဗြဟ္မစရိယ ပဉ္စမသီလကို ခံယူ ဆောက်တည်လာသည့်အတိုင်း အိမ်ရှိမယားလေးဦးအနက် အကြီးဆုံးမယားကို သူမအလိုရှိသည့် ယောက်ျားနှင့် ထိမ်းမြားပေးလိုက်ပြီးလျှင် ကျန်မယားများကိုလည်း စွန့်လွှတ်ကာ တသက်လုံး သားမယားမယူပဲ နေသွားကြသည့် အနာဂံဥပါသကာများ ဖြစ်ကြ၏။ [၁]
ယခုကာလ စောင့်ထိန်းကြသူများအတွက်
ပြင်ဆင်ရန်ယခုကာလ ထိုဗြဟ္မစရိယ ပဉ္စမသီလကို ကျင့်သုံးလိုသူတို့သည် ထိုဥဂ္ဂသူကြွယ်တို့ကဲ့သို့ မိမိမှာ သားမယားရှိနေလျှင် ထိုသားမယားကို အာလယပြတ် စွန့်ပြီးမှ ထိုဗြဟ္မစရိယပဉ္စမသီလကို ဆောက်တည် ကျင့်သုံးကောင်းသည်ဟု အလွဲလွဲ မမှတ်ယူအပ်၊ သားမယားကို အာလယပြတ် မစွန့်နိုင်သူများ စောင့်သုံး၍မရဟူ၍လည်း မမှတ်ယူအပ်။
အကြောင်းကား.. ပြဆိုခဲ့ပြီးသော ခုဒ္ဒကပါဌအဋ္ဌကထာစကား၌ သိက္ခာပုဒ်ဆယ်ပါးအနက် “ပါဏာတိပါတ အဒိန္နာဒါန မုသာဝါဒ သုရာမေရယ လေးပါးတို့သာ နိစ္စသီလဖြစ်ကြောင်း ပြဆိုတော်မူသဖြင့် အဗြဟ္မစရိယသိက္ခာပုဒ်နှင့်တကွ ဝိကာလဘောဇနစသော နောက်သိက္ခာပုဒ်စုမှာ နိစ္စသီလမဟုတ်၊ ရံခါ ဆောက်တည်အပ်သည့် နိယမသီလဖြစ်ကြောင်း ကောင်းစွာ ထင်ရှားပေ၏။ [၁]
ဃဋီကာရ အိုးထိန်းသည်နှင့် ထပ်တူထပ်မျှ မကျင့်သုံးနိုင်ကြစေကာမူ တတ်အားသမျှ ဆယ်ပါးသီလကို နိယမသီလအဖြစ်ဖြင့် စောင့်ထိန်းနိုင်ကြောင်း ကျမ်းဂန်အစုံအလင်တို့ဖြင့် အောက်က ဖော်ပြခဲ့သည့်အတိုင်း ယခု ဗြဟ္မစရိယ ပဉ္စမသီလမှာလည်း ဥဂ္ဂသူကြွယ်နှစ်ဦးတို့သည် အနာဂံအရိယာဖြစ်ကြသည့်အတိုင်း မိမိတို့၏ လက်ရှိမယားတို့ကို အာလယပြတ် စွန့်ပယ်ကာ တသက်ပတ်လုံး စောင့်သုံးကြစေကာမူ အခြားသူတို့မှာ ဥဂ္ဂသူကြွယ်နှစ်ဦးတို့နှင့် ထပ်တူထပ်မျှဖြစ်အောင် လိုက်နာကျင့်သုံးနိုင်ပါလျှင် အလွန်ပင် ကောင်းမွန်မည် မှန်သော်လည်း ထပ်တူထပ်မျှ မလိုက်နိုင်ပါက မိမိတို့စွမ်းနိုင်သမျှပင် စောင့်သုံးနိုင်ကြေင်းကို ကောင်းစွာ သိမှတ်အပ်၏။[၁]
ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ
ပြင်ဆင်ရန်ထိုမှတပါးလည်း ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ (တနည်း ဧကဘတ္တိကသီလ)ဟူ၍ ရှိသေးသည်။ ဧကဘတ္တိကဟူသည် နံနက်စာ ထမင်းတထပ်ကိုသာ စားခြင်းသာ ဖြစ်၏။ သို့ဖြစ်၍ ထိုဗြဟ္မစရိယပဉ္စမဧကဘတ္တိက သီလကို စောင့်သုံးလိုလျှင် ဗြဟ္မစရိယ ပဉ္စမသီလ စောင့်သုံးခံယူနည်းတွင် အဆုံး၌ (ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမီ)ဟု သိက္ခာပုဒ်တခုတိုး၍ ဆောက်တည်လိုက်လျှင် ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ ဖြစ်သွားတော့၏။ သို့မဟုတ် တပေါင်းတည်း ဆောက်တည်လိုလျှင်လည်း (ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလံ သမာဒိယာမိ)ဟူ၍ ဆောက်တည်နိုင်၏။ ဤဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလကို မြတ်စွာဘုရား လက်ထက်တော်အခါက ဓမ္မိကသီတင်းသည် နန္ဒမာတာ ဥပါသိကာမ အစရှိသည်တို့ စောင့်ထိန်းကြောင်း သုတ္တနိပါတအဋ္ဌကထာ ပဌမအုပ် ဓမ္မိကသုတ်အဖွင့်၌ လာရှိ၏။ ကဿပမြတ်စွာဘုရား လက်ထက်တော်က ဂဝေသီဥပါသကာနှင့် ဥပါသကာငါးရာတို့ စောင့်ထိန်းကြကြောင်း အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ၊ ၃-ဥပါသကဝဂ်၊ ၁၀-ဂဝေသီသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူသည်။[၁]