ပုဂံ ဦးဗဂျမ်း သည် ၁၉၃၇ - ၃၈ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ရာတွင် မသေ ကျန်ရှိရစ်သူ ဝန်ကြီး ၄ ဦး အနက် တစ်ဦး ဖြစ်၏။ သူသည် ပြန်လည်ထူထောင်ရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ လမ်းပန်းအဆောက်အအုံဝန်ကြီး တစ်ဦး လည်းဖြစ်သည်။ ထို့နောက် အာရှလူငယ်အစည်းအရုံးဥက္ကဋ္ဌ လည်းဖြစ်သည်။


ပုဂံ ဦးဗဂျမ်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွားပုဂံမြို့ ကျအိုရွာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျော်ကြားမှုမြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု
ဆုတံဆိပ်များသတိုးမဟာသရေစည်သူ

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

ပုဂံမြို့ ကျအိုရွာ ဇာတိ ဖြစ်သည်။ ညောင်ဦးမြို့ အေဘီအမ်ကျောင်း၊ ပခုက္ကူမြို့ ဝက်စလီကျောင်း၊ မြင်းခြံမြို့ အေဘီအမ်ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့ဖူး၏။

နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ ပြင်ဆင်ရန်

ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်တို့တွင် ဆက်လက် ပညာသင်ကြားခဲ့၍ ဝိဇ္ဇာဘွဲ့နှင့် ဥပဒေဘွဲ့များကို ရရှိခဲ့သည်။ ၁၉၃၀ ခုနှစ် တကသ စည်းမျဉ်းရေးဆွဲရေးကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၃၇ - ၃၈ ခုနှစ်တွင် တကသ ဥက္ကဋ္ဌ ဖြစ်လေသည်။

 
နယ်ချဲ့ဆန်ကျင်ရေး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ခေတ်အဆက်ဆက်တွင် ပါဝင်ဦးဆောင်ခဲ့ကြသော ကျောင်းသားလူငယ် ခေါင်းဆောင်များအား ကမ္ဘာ့ကျောင်းသားလူငယ် အဖွဲ့ချုပ်က အသိအမှတ်ပြု လာရောက် တွေ့ဆုံစဉ်

၁၉၃၉ ခုနှစ်မှ စ၍ ရန်ကုန်မြို့တွင် ရှေ့နေ လိုက်သည်။ ဂျပန်ခေတ်တွင် အရှေ့ အာရှ လူငယ် အစည်းအရုံးကို တည်ထောင်ခဲ့သည်။ အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်၏။

ဗမာ့ တပ်မတော်နှင့် လက်တွဲကာ ဂျပန် တော်လှန်ရေး အတွက် ပြင်းပြင်းထန်ထန် စည်းရုံး လှုံ့ဆော် ခဲ့သော အဖွဲ့ကြီးမှာ ဦးဘဂျမ်း ဦးစီးသော (အာရှလူငယ် အစည်းအရုံး) ပင် ဖြစ်တော့သည်။[၁] အရှေ့ အာရှ လူငယ်များ အစည်းအရုံးကို စစ်ပြီးခေတ်၌ ဗမာနိုင်ငံ လူငယ်များ အစည်းအရုံး (ဗလစ) ဟု အမည် ပြောင်းလဲခဲ့သည်။ ၁၉၅၂ ခု အထိ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ၁၉၄၇ ခု ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦး ဖြစ်၍ ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီး တစ်ဖွဲ့လုံးကို လုပ်ကြံသတ်ဖြတ်ရာတွင် မသေ ကျန်ရှိရစ်သူ ၄ ဦး အနက် တစ်ဦး ဖြစ်၏။

ထို့နောက် ရန်ကုန်မြို့တွင် လွှတ်တော်ရှေ့နေကြီးအဖြစ် လုပ်ကိုင်လျက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းလူကြီး၊ ကမ္ဘာအေးစေတီ ဘဏ္ဍာတော်ထိန်းလူကြီး၊ နှင်းဆီကုန်းဘိုးဘွားစောင့်ရှောက်ရေးအဖွဲ့ဝင်လူကြီး စသည်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း ပြင်ဆင်ရန်

နိုင်ငံတော်အစိုးရက ချီးမြှင့်သော သတိုးမဟာသရေစည်သူဘွဲ့ ကိုလည်း ရရှိခဲ့သူဖြစ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ဖက်ဆစ် တော်လှန်ရေး (၁၉၄၅)
  2. အိုးဝေမဂ္ဂဇင်း တွဲ ၁၊ မှတ် ၁၀ (၁၉၅၉-၆၀)