ဘတင့် (ရုပ်ရှင်သရုပ်ဆောင်)
ဘတင့် ( မြန်မာ ၁၂၆၂–၁၃ဝ၉ ) သည် ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ နိုင်ငံကျော်ရုပ်ရှင်ဇာတ်လိုက် ဘတင့်ကို မော်လမြိုင်မြို့မရမ်းကုန်းရပ်၌ အဘ ဦးယုဟုတ်၊ အမိ ဒေါ်သိန်းညိုတို့မှ ၁၂၆၂ ခုနှစ် တော်သလင်းလတွင် ဖွားမြင်သည်။ ညီအစ်ကို ၄ ယောက်ရှိသည့်အနက် ဘတင့်သည် ဒုတိယဖြစ်သည်။ နာမည်ရင်းမှာ ဘိန်ဝှက်ဖြစ်၍ ဘကျင်၊ မောင်ကျင်ဟု လည်းခေါ်ကြသည်။ ဘတင့်ဟူသော အမည်သည် ရုပ်ရှင်ထဲရောက်မှ ဒါရိုက်တာ ဦးတုတ်ကြီးက စတင်ပေးသော အမည်ဖြစ်သည်။ ဘတင့်သည် မော်လမြိုင်မှ ရန်ကုန်သို့ပြောင်းရွှေ့လာပြီးနောက် အလုံရပ်ရှိ ကူရှင်ကျောင်းတွင် ၉ တန်းအောင်သည်အထိ ပညာသင်ခဲ့ပြီးမှ ကျောင်းထွက်ကာ ရဲမင်းကြီးရုံးတွင် လက်နက်ဆိုင်ရာဌာန စာရေးအဖြစ် တစ်နှစ်အမှုထမ်းခဲ့သည်။
ထို့နောက် မြန်မာအဆွေကုမ္ပဏီ၌ အရောင်းစာရေးအဖြစ် ကူးပြောင်းလုပ်ကိုင်သည်။ မြန်မာအဆွေ ကုမ္ပဏီမှ ဆူးလေဘုရားပွဲတော်တွင် နိပါတ်ရုပ်သေ ပြရာ၌ ဘတင့်ဟု နာမည်မကြီးသေးသော မောင်ဘကျင်သည် ရှေ့တော်ပြေး ရုပ်သေအဖြစ် သရုပ်ဆောင်ရသည်။ ယင်းသို့သရုပ်ဆောင်ရာတွင် ဒါရိုက်တာ ဦးတုတ်ကြီးက မျက်စိကျ၍ လန်ဒန်အတ်ကုမ္ပဏီမှ ရိုက်ကူးသော စိန်ခြူးကြာညောင် ဇာတ်ကားတွင် မင်းသားအဖြစ် ရွေးချယ်ရိုက်ကူးသည်။ ထိုအချိန်က အသက် ၂၁ နှစ်သာ ရှိသေးသည်။ ထို့နောက် တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ် ဇာတ်ကားတွင် မင်းသမီး ခင်ခင်နုနှင့် တွဲဖက်ပါဝင်သည်။ တတိယမြောက် ကားအဖြစ် ရတနာပုံ ဇာတ်ကားတွင် ခင်ခင်နုနှင့်ပင် တွဲဖက်ရိုက်ကူးပြန်ရာ ဝတ်လုံတော်ရ မောင်ထွန်းမြတ် အသွင်ဖြင့် ပါဝင်သရုပ်ဆောင်ရပြန်သည်။ ယင်းဇာတ်ကားတွင် ဘတင့်ဟူသော နာမည်မှာ တစ်ဟုန်တည်း ထိုးတက်ကျော်ကြားသွားသည်။ ဘန်ဒန်အတ်ကုမ္ပဏီ၌ လုပ်ကိုင်နေစဉ် မင်းသမီး ခင်ခင်နုနှင့် အကြောင်းပါသည်။
အသက် ၃၂ နှစ်အရွယ်တွင် ဗြိတိသျှ ဘားမားရုပ်ရှင် ကုမ္ပဏီသို့ကူးပြောင်းလုပ်ကိုင်သည်။ ဘတင့် ပါဝင်ရိုက်ကူးခဲ့ရသော ပထမဆုံး အသံထွက် ဇာတ်ကားမှာ လောကနိဗ္ဗာန် ဖြစ်သည်။ ခင်ခင်နုနှင့် ကွဲနေသော ဘတင့်သည် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ၌ လုပ်ကိုင်နေစဉ် ၁၂၉၄ ခုနှစ်တွင် ဇာတ်လိုက်မင်းသမီး ခင်ခင်ကြည်နှင့် အကြောင်းပါခဲ့သည်။ ဘတင့် ခေတ်ကောင်းစဉ်က ရုပ်ရှင်ကုမ္ပဏီ နှစ်ဆယ် အစိတ်ခန့်ရှိသည့်အနက် ဘတင့်မရိုက်ကူးဖူးသည့် ကုမ္ပဏီဟူ၍ မရှိချေ။ အသံတိတ် အသံထွက် ဇာတ်ထုပ်ပေါင်း ၇ဝ နီးပါးခန့်ရိုက်ကူးသွားသည့်အနက် ထင်ရှားသော ဇာတ်ကားများမှာ တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ်၊ ရတနာပုံ၊ ဗိုလ်ဝ၊ သားဗိုလ်ဝ၊ ဗိုလ်တကာ့ဘုရင်၊ ဒို့ဘုရင်၊ အောင်ပါစေ၊ သီရိဂေဟာ၊ မင်းအရိန္ဒမ၊ ရွှေဖျဉ်းညီနောင်၊ ပတ္တမြားမျက်ရှင်၊ လောကနိဗ္ဗာန်၊ အချစ်ဆုံး၊ တောင်လေးလုံး၊ သူဇာ၊ တော်လေးဝ၊ ရံရွေတော်၊ ခေတ်ဆန်သူ၊ ချစ်ကြိုးနှောင်၊ ဒေဝီမေတ္တာ၊ မောင့်ဒေဝီ၊ ပန်းစေတီ၊ မာယာသျှန္တီ၊ ဝေ့လယ်လယ် စသည်တို့ဖြစ်သည်။ စစ်ပြီးခေတ် ရိုက်ကူးသော ဇာတ်ကားများမှာ ကြယ်သုံးပွင့်၊ မိုးနဲ့မြေနှင့် သွေးနဲ့သွေး ( အပြီးမရိုက်နိုင်) တို့ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် ပြီးသောအခါ ရုပ်ရှင်မင်းသားကြီးအဖြစ် လုပ်ကိုင်နေရာမှ ဒါရိုက်တာအဖြစ် လုပ်ကိုင်ရန် အကြံရှိသော်လည်း ရည်ရွယ်ချက် အကောင်အထည် မဖော်နိုင်မီ မန္တလေးမြို့တွင် သွေးနဲ့သွေး ဇာတ်ကား ရိုက်ကူးနေစဉ် တိုက်ဖွိုက်ရောဂါဖြင့် ကွယ်လွန်ရာ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် နတ်တော်လပြည့်ကျော် ၂ ရက် နေ့တွင် မန္တလေး ရဟိုင်းသုသာန်၌ သင်္ဂြိုဟ်လိုက်သည်။
ဘတင့်သည် ရုပ်ရှင်ပညာနှင့် စပ်လျဉ်းသော နိုင်ငံခြားမှလာသည့် စာအုပ်များကို ဝယ်ဖတ်လေ့ရှိသည်။ ထိုမျှသာမက နိုင်ငံခြားမှ နာမည်ကြီး မင်းသားများ၏ အမူအယာများကို လေ့လာရန် ထိုသူတို့ပါသော ရုပ်ရှင်ကားများကို မလွတ်တန်း ကြည့်တတ်သည်။ ဘတင့်သည် အနုပညာ စာပေကိုသာမက အားကစားကိုလည်း ဝါသနာထုံသည်။ ဘောလုံးကန်ခြင်း၊ ခြင်းခတ်ခြင်းတို့၌ ထူးချွန်သူ တစ်ဦးဖြစ်သည်။ အပေါင်းအသင်းများနှင့် ပျော်ပျော်ပါးပါး နေတတ်သူဖြစ်သည်။ စကားပြောလည်း သိမ်မွေ့လှသည်။ အပြော၌သာ နာမည်ကြီးသူ မဟုတ် အလုပ်၌လည်း အလုပ်ကို ရိုသေလေးစားသူ ဖြစ်ကြောင်းဖြင့် ပြောစမှတ်ပြုရသူ ဖြစ်သည်။ အချိန်ကို လေးစားရုံမက ပါဝင်သရုပ်ဆောင်ရမည့်အခန်းကို ကြေနေအောင်ဖတ်၍ အချိန်ရသမျှ အားရပါးရ လေ့ကျင့်ထားတတ်သည်။
ဘတင့်သည် ချစ်ခန်း ကြိုက်ခန်း၌ ပရိသတ်အား ဆွဲဆောင်သွားနိုင်သော မင်းသားကြီးဖြစ်သည်။ ဘတင့်၏ ပြောင်မြောက်သော အနုပညာနှင့် အခန်းမရွေးသော သတ္တိကား ရှာမရှားသည်။ အချို့မင်းသားများသည် ညှဉ်းဆဲခန်း၊ထိုးသတ်ဆုံးမခန်းတို့၌ ပါဝင်သရုပ်ဆောင်က ပရိသတ်က လူကြမ်းဟု မြင်သွားမည်ကို ကြောက်ကြ သည်။ သို့ရာတွင် ဘတင့်ကား မည်သည့်အခန်းက ပါဝင်ရ ပါဝင်ရ ချေးမများဘဲ သဘာဝကျအောင် သရုပ် ဆောင်ရဲသူဖြစ်သည်။ သူဇာ ဇာတ်ကားတွင် မင်းသား ခင်မောင်ရင်၏ အစ်ကိုခန်းမှ ပါဝင်သရုပ်ဆောင်ရာ၌ ညီဖြစ်သူ ခင်မောင်ရင်သည် အပျော်အပါးလိုက်စားကာ သားမယားအား ပြန်မကြည့်ဘဲ လူသတ်မှု ဖြစ်လာသည့် အခါ ညီဖြစ်သူအား ထိုးကြိတ်ဆုံးမခန်း၌ ပရိသတ်က ဘတင့်အား မင်းသားချင်း ထိုးကြိတ်၍ လူကြမ်းဟု မမြင်၊ ညီအပေါ် ကရုဏာဒေါသောနှင့် ဆုံးမရှာသူ ကရုဏာရှင်အဖြစ် မြင်ကာ ဘတင့်၏ ထိုးကြိတ်ခန်းကိုပင် စွဲလမ်း သွားကြသည်အထိ ဖြစ်သည်။ ဘတင့်သည် မင်းသားဟူသော အသွင်ဖြင့် လှပမှုကို နေရာတိုင်း၌ မလိုဘဲ ဇာတ်ကွက်၏ ဖန်တီးမှုအပေါ်တွင် သရုပ်ဆောင်တတ်သူ သရုပ်ဆောင်ရဲသူ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)