တဖုဿနှင့် ဘလ္လိက

(ဘလ္လိကနှင့် တပုဿ မှ ပြန်ညွှန်းထားသည်)

တဖုဿနှင့် ဘလ္လိက (သို့) တပုဿ နှင့် ဘလ္လိက (Taphussa and Bhallika or Trapusa and Bahalika) သည် ဂေါတမဗုဒ္ဓ၏ ပထမဆုံး ဥပါသကာ များဖြစ်ကြသည်။ ၎င်းတို့၏အကြောင်းကို ပါဠိပိဋကတ်ရှိ ဝိနိယကျမ်းတွင် ဖော်ပြထားကာ ယင်း၌ ဂေါတမဗုဒ္ဓအဖြစ်သို့ရောက်ရှိပြီးနောက် ပထမဆုံး ဆွမ်းကပ်လှူဒါန်းကြသော ကုန်သည်ညီနောင်ဖြစ်သည်။ ထိုအချိန်၌ သံဃာဟုဆိုအပ်သော အဖွဲ့အစည်းမပေါ်ပေါက်သေးပေ။[၁] ထို့ကြောင့် ၎င်းတို့သည် "ဒွေဝါစိက သရဏဂုံ" တည်သော ပထမဆုံး ဥပါသကာများဖြစ်ကြပေသည်။[၂] တရုတ်ခရီးသွားရဟန်းတော် ရွှမ်ကျမ်း (Xuanzang) က ထိုကုန်သည်ညီနောင်နှစ်ဦးသည် အလယ်အာရှ (အာဖဂန်နစ္စတန်ရှိ ဘာ့လ်ဂ်မြို့ (Balkh) ကို ရည်ညွှန်း) သို့ ဗုဒ္ဓဘာသာကို ယူဆောင်ခဲ့၏ဟု ရေးသားဖော်ပြခဲ့သည်။[၃]

ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရားကို ဆွမ်းကပ်နေ၍ ဘုရားရှင်က သပိတ်လေးလုံးကို တစ်ခုတည်အဖြစ် စီမံနေပုံ။ ထိုင်းနိုင်ငံ၊ ဟတ်ယိုင်နယ်ရှိ Traimongkhon ဘုရားကျောင်း

ဒေသဆိုင်ရာမူကွဲများပြင်ဆင်

မြန်မာပြင်ဆင်

ဘီစီ (၅၈၈)၌ အောက်မြန်မာပြည်၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့ (ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ခရဝတီမြို့(ဝါ) အသိတဉ္စန နဂိုရ်မြို့ဟူ၍ မြန်မာစွယ်စုံကျမ်းတွင် ဖော်ပြ) ၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိကာ ထိုသူဌေးကြီးတွင် တဖုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိ၍ ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်သောအခါ ဘဝဟောင်းက ဆွေမျိုးတော်ခဲ့ဖူးသော ရုက္ခစိုးနတ်က ကုန်သည်ညီနောင်အား ကိုယ်ထင်ပြ၍ မဇ္ဈိမဒေသတွင် ဘုရားရှင် ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်း၌ သီတင်းသုံးနေကြောင်း အသိပေး၍ သွားရောက်ပူဇော်ရန် တိုက်တွန်းသောကြောင့် ထိုနေရာသို့ သွားခဲ့ကြသည်။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ်တို့နှင့် လှူဒါန်းပူဇော်ခြင်းပြု၏။

 
မြတ်စွာဘုရားသည် ကုန်သည်ညီနောင်အား ဆံတော်ပေးနေပုံကို စေတီတစ်ခု၌ ထုလုပ်ပုံဖော်ထားခြင်း

ဤသို့ လှူဒါန်းပူဇော်ခဲ့ပြီးနောက် သံဃာတော်များမပေါ်ပေါက်သေးသောကြောင့် ""ဒွေဝါစိက သရဏဂုံ" တည်ခဲ့ကြသည်။ ထို့နောက် ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားရန်လျှောက်ထားသော် ဘုရားရှင်က ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော် (၈) ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားခဲ့သည်။ ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်း ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမြော် ကြည်ညိုကြ၏။ ထို့နောက် စေတီတစ်ဆူတည်ဆောက်ကြပြီး ထိုဆံတော်များကို ဌာပနာထည့်သွင်းကြ၏ ။ ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ ဖြစ်သည်။ ထိုရွှေတိဂုံစေတီတော်ကို မြန်မာနိုင်ငံရှိ နေထိုင်သူများက ဂေါတမဘုရားရှင်၏ သာသနာတော်၌ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏ဟု ယူဆကြသည်။

နှောင်းကာလတစ်ခုသို့ရောသော် ဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံး နေတော်မူသောအခါ၌ ဤတဖုဿ ဘလ္လိက ကုန်သည်နှစ်ယောက်တို့သည် ဘုရားရှင်ဆီသို့ တဖန် ဆိုက်ရောက်ခဲ့ကြပြီး ဘုရားက ယင်းတို့ကို တရား ဟောတော်မူရာ တဖုဿသည် သောတာပန်ဖြစ်၍ ဥပသကာ ဖြစ်၏။ ဘလ္လိကသည်ကား အဘိဉာဉ်ခြောက်ပါးရသော ဘလ္လိကထေရ်မည်သည့် ရဟန္တ ဖြစ်၏။ တဖုဿသည် အသိတဉ္စနနဂိုရ်မြို့သို့ တစ်ဖန်ပြန်ကာ တမဗဂုတ္တ တောင်ထိပ်ထက်၌ ဌာပနာသော ဆံတော်ဓာတ် စေတီ၌ ဝတ်ပဋိပတ်မူ၍ အသက်တိုင်းနေပြီးသော် ကွယ်လွန်သည်။[၄]

သီရိလင်္ကာပြင်ဆင်

သီရိလင်္ကာနိုင်ငံ၏ ရာဇဝင်ကျမ်းများက တဖုဿနှင့် ဘလ္လိက ခေါ် ကုန်သည်ညီနောင်သည် နေရာအနှံ့သွားလာ ကုန်သယ်ကြပြီး ရာဇဂြိုဟ်သို့ အသွား လမ်းခုလတ်တွင် ဂေါတမဗုဒ္ဓဘုရားဖြစ်ပြီးသောအခါ ဘုရားရှင်နှင့်တွေ့ဆုံနိုင်ခဲ့ကြပေသည်။ ပထမဆုံးဆွမ်းကပ်လှူဒါန်းနိုင်ခဲ့ကာ ဘုရား၊ တရားဟူသော သရဏဂုံတည်သော ပထမဆုံးသူများဖြစ်ခဲ့ကြသည်။ ကိုးကွယ်ဆည်းကပ်ရန်အလို့ငှာ ဘုရားရှင်ကို တောင်းဆိုရာတွင် ဘုရားက ဆံတော်ရှစ်ဆူ ပေးသနားခဲ့သည်။ အိန္ဒိယမှအပြန် သီရိလင်္ကာ အရှေ့မြောက်အရပ်ရှိ သီရိယာယ/သီရိယာအိ (Thiriyaya/Thiriyai) ရွာတွင် ထိုဆံတော်မျကို ဃာပနာသွင်း၍ စေတီတစ်ဆူတည်ကြရာ ယခုအခါ၌ ဂီရိဟန္ဒုခေါ်သော စေတီဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၏ ပထမဆုံး စေတီတော်အဖြစ် ယူဆကြ၏ ။

အလယ်အာရှပြင်ဆင်

တရုတ်ရဟန်းတော် ရွှမ်ကျွမ်းက ပထမဆုံးတပည့်သာဝကများဖြစ်ကြသော ကုန်သည်ညီနောင်တို့သည် အိမ်အပြန်ခရီးထွက်ခွာမည်ဖြစ်ရာ ဘုရားရှင်၏ မျက်ကွယ်တွင် ဘုရားရှင်ကို သတိရပူဇော်ကြည်ညိုနိုင်စေရန် ဘုရားရှင်ထံ တစ်ခုခုချီးမြှင့်ပေးဖို့ တောင်းဆိုသော် ဘုရားရှင်က ဆံတော်ရှစ်ဆူကို ပေးသနားခဲ့သည်။ ထိုဆံတော်များကို ဌာပနာရန် ရွှေကျုပ်များပြုလုပ်၍ ၎င်းတို့၏ ဇာတိမြို့တော် ဘာ့လ်ဂ်မြို့ (Balkh) သို့ ပင့်ဆောင်သွားကြပြီး ထို၌ ဆံတော်များကို ဌာပနာကာ စေတီတစ်ဆူတည်ထားခဲ့သည်။ See Nava Vihara

ဆရာတော်ရွှမ်ကျမ်းက ဆက်လက်ဖော်ပြထားသည်မှာ ထိုစေတီသည် ဗုဒ္ဓဘာသာ၌ ပထမဆုံးစေတီဖြစ်ပြီး ဘုရုးရှင်က မည်သို့စေတီတည်ရမည်ကိုလည်း မိန့်ကြားခဲ့သည်။ ဘုရားရှင်က ၎င်း၏သင်္ကန်းသုံးထည်ကို လေးထောင့်သဏ္ဌာန်ခေါက်ကာ တစ်ခုအပေါ်တစ်ခုထပ်၍ အပေါ်မှ သပိတ်ကို မှောက်သည့်ပုံစံ တည်ရမည်ဟု မြွက်ကြားခဲ့သည်။[၅]

ရည်ညွှန်းကိုးကားပြင်ဆင်

  1. Tsung-mi and the sinification of Buddhism By Peter N. Gregory, Kuroda Institute, Published by Princeton University 1991, Page 281
  2. *တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၁၉၉၆)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဒုတိယတွဲ)၊ နဝမအကြိမ်။ သာသနာရေးဦးစီးဌာန။ p. ၃၉၄-၃၉၇။
  3. The new encyclopedia of Islam By Cyril Glassé, Huston Smith Published in North America by Altamira Press, Page 302
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  5. Relics of the Buddha By John S. Strong Published by Motilal Banarsidas, Page 74, ISBN 978-81-208-3139-1