ဘကြီးတော်(စစ်ကိုင်းမင်း)

(ဘကြီးတော် မှ ပြန်ညွှန်းထားသည်)

ဘကြီးတော် မင်းတရား (ခရစ်နှစ် ၁၈၁၉-၁၈၃၇၊ မြန်မာသက္ကရာဇ် ၁၁၈၁-၁၁၉၉)သည် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် သတ္တမမြောက် ဘုရင် ဖြစ်သည်။ ဘိုးတော် (ဗဒုံမင်း) ၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာ၏ ပထမ အိမ်ရှေ့မိဖုရားမှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ငယ်မည်မှာ မောင်စိန်ဖြစ်သည်။ ဖွားတော်မူစပင် စစ်ကိုင်းမြို့ ကို စားရသောကြောင့် စစ်ကိုင်းမင်းဟူ၍၎င်း ၊ သာယာဝတီမင်း (ရွှေဘိုမင်း)၏ နောင်တော်ဖြစ်၍ နောင်တော်ကြီးမင်း ဟူ၍၎င်း ၊ ရတနာပူရ (အင်းဝ) စတုတ္ထမြို့တည် မင်းတရား ဟူ၍၎င်း ၊ ရွှေနန်းတော်၌ ဖလ်မှန်အများအပြား ထည့်သွင်းတည်ဆောင်ထားသဖြင့် ဖလ်နန်းရှင် ဟူ၍၎င်း ၊ နန်းစံသက် (၁၈) နှစ်အတွင်း ဆင်ဖြူတော်များ ဆက်သခံရ၍ ဆင်ဖြူများရှင် ဟူ၍၎င်း ခေါ်တွင်ခဲ့သည်။ ဘကြီးတော် ဟူသောအမည်မှာ ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ ဘကြီးတော်ဖြစ်၍ နောင်အခါတွင် ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသမိုင်းတွင် ဘကြီးတော် အဖြစ်သာ ထင်ရှားလေသည်။ နန်းတက်ဘွဲ့အမည်မှာ သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဖြစ်သည်။

ဘကြီးတော် ဘုရားသည် ၁၁၄၆ ခု ၊ ဝါခေါင်လဆန်း (၆) ရက် ၊ သောကြာနေ့တွင် ဖွားမြင်တော် မူခဲ့သည်။ ဖွားမြင်စဉ်ကပင် ဘိုးတော် မင်းတရားကြီးက ချစ်မြတ်နိုးတော် မူလှသဖြင့် စစ်ကိုင်းမြို့ကို ပေးတော်မူသည်။ ၁၁၆၄ ခုနှစ်တွင် ဘထွေးတော် ပြည်မင်း သီရိဓမ္မရာဇာ၏ သမီးတော် ၊ ဘိုးတော် ဗဒုံမင်း၏ မြေးတော်ဖြစ်သည့် သီရိသူမာယာ စန္ဒာဒေဝီဘွဲ့ခံ ဆင်ဖြူရှင်မယ်နှင့် ထိမ်းမြားတော်မူသည်။

မာတိကာ

မင်းအဖြစ် ရောက်တော်မူခြင်းပြင်ဆင်

မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ်တွင် ခမည်းတော် အိမ်ရှေ့စံ နတ်ရွာစံတော်မူသဖြင့် ဘိုးတော် မင်းတရားက စစ်ကိုင်းမင်းသားအား အိမ်ရှေ့စံအရာ ပေးတော်မူသည်။ ၁၁၈၁ ခုနှစ် ၊ နယုန်လဆန်း (၁၃) ရက်တွင် ဘိုးတော်မင်းတရား နတ်ရွာစံတော်မူသော အခါ ထိုလဆန်း (၁၅) ရက်နေ့တွင် မင်းအဖြစ် ဘိသိက်ခံတော်မူသည်။ အိမ်ရှေ့စံအဖြစ်နှင့် ရှိနေစဉ် ၁၁၄၇ ခုနှစ်တွင် အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်သည် ညောင်ရမ်းမင်းသား(စကြာမင်းသား) အား ဖွားမြင်တော်မူပြီးနောက် ကံတော်ကုန်လေသည်။ ထို့နောက် ဧချင်း ၊ ကျောက်စာ ၊ စာတမ်း ၊ မော်ကွန်းတို့အရ ပုဂံမင်းရိုးအဆက်ဟုဆိုသော မင်းသား သီဟကျော်စွာ၏သမီး မယ်နု (ဖလံဂုဏ်ရွာ သူ)ကို မြန်မာသက္ကရာဇ် ၁၁၇၅ ခုနှစ်တွင် အိမ်ရှေ့မိဖုရားမြှောက်ခဲ့၍ နန်းတက်သည့်အခါတွင်လည်း မယ်နုကို မိဖုရားခေါင်ကြီးအဖြစ် ထားတော်မူလေသည်။ မြို့တော်ကိုလည်း အင်းဝမှ အမရပူရသို့ ခရစ်နှစ် ၁၈၂၃ တွင် တဖန်ပြောင်းရွှေ့သည်။

မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် အရပ်အနေသာ၍ သင့်လျော်သော ရတနာပူရ အင်းဝ နေပြည်တော်ကြီးကို အသစ်ပြုပြင် တည်ထောင်၍ အမရပူရ နေပြည်တော်မှ ပြောင်းရွှေ့စံတော်မူသည်။ ၁၁၈၅ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် မင်းသာမာန်တို့ ခံဝံ့ခဲသော ဦးထိပ်၌စိုက်၍ သွန်းအပ်သော ရာဇာဘိသေ က မုဒ္ဓါဘိသိက်ကို မိဖုရားခေါင်ကြီးနှင့်တကွ ခံယူတော်မူပြီးလျှင် သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ် နာမံကို ခံယူတော်မူသည်။ မိဖုရားခေါင်ကြီးကမူ သီရိပဝရ တိလောက မဟာရာဇိန္ဒာ ရတနာဒေဝီ တံဆိပ်တော်နာမံကို ခံယူသည်။ ထိုနေ့တွင်ပင် ရွှေနန်းတော်ကြီးကို လက်ယာရစ်လှည့်၍ နန်းသိမ်းပွဲ ခံယူတော်မူလေသည်။

မင်းအဖြစ်သို့ရောက်တော်မူပြီးနောက်တွင် တိုင်းသူပြည်သားတို့ဆင်းရဲနွမ်းပါးလှသည်ကို သိတော်မူ သဖြင့် ၁ဝ ဖို့ ၁ ဖို့အခွန်တော်ကို ၃ နှစ်တိုင်တိုင် လွတ်ငြိမ်းခွင့်ပြုသည်။ နိုင်ငံအုပ်ချုပ်ရေးကိုလည်း အသစ် စည်းကြပ်တော်မူသည်။ အကြေအညာမြို့များတွင် ကင်းရုံးကင်းတိုင်းထား၍ အကောက်စားခြင်းကိုလည်း ရုပ်သိမ်း စေသည်။ ကင်းများကို ရာဇဝတ်တော် ကင်းအောင်မြို့ထွက် မြို့ဝင်စစ်ဆေးရန် အတွက်သာ ထားရှိစေသည်။

ဘကြီးတော် မင်းတရားသည် ရတနာသုံးပါး၌ ယုံကြည်မြတ်နိုးတော်မူသည်။ သာသနာတော်ကို အတိုင်းထက် အလွန်ထွန်းတောက်ပြန့်ပွား စေခြင်းငှာ၊ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာပိန္ထကတ်တော်များကို အစုံများစွာ ရေးကူးစေသည်။ ဆရာတော်ကြီးများအား ပိန္ထကတ်တော်များကို တည်းဖြတ် စေသည်။ ဘွဲ့တံဆိပ်များဖြင့် ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခြင်းလည်း ပြုလေသည်။ မှူးမတ်ရဲမက်တို့၏ အရည်အသွေးကိုလည်း သိတော်မူတတ်၍ အထိုက်အလျောက် ချီးမြှင့်တတ်သည်။ စိတ်နှလုံး သန့်ရှင်းစင်ကြယ်၍ အယဉ် အကျေးအသိမ်အမွေ့ကိုလည်း ကြိုက်နှစ်သက်တော်မူသည်။ အဋ္ဌာရသ အတတ်မျိုးတို့၌လည်း တတ်ကျွမ်းတော်မူ၍ အထူးသဖြင့် ဆင်ကြန်မြင်းကြန် ပန်းချီ ပန်းပုအတတ်တို့၌ ပို၍ ထူးချွန်တော်မူသည်။

မင်းတရားကြီးသည် လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌လည်း ရက်ရောတော်မူသည်။ မင်းကွန်း၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးတောင် စသည်တို့၌ မင်းတရားကြီး၏ ကုသိုလ်တော် စေတီပုထိုး၊ ကျောင်းတန်ဆောင်း စသည်တို့အများအပြားရှိသည်။ မင်းကွန်း၌ ပုထိုးတော်ကြီး၊ အမရပူရ၌ မဟာသကျရံသီ ကျောက်ဖြူ ရုပ်ပွားတော်၊ မဟာအောင်မြေဘုံသာ ကျောင်တော်ကြီး၊ မဟာဝိဇယရံသီ စည်းခံတော်ကြီး စသည်တို့သည် မင်းတရားကြီး၏ ကောင်းမှုတော်များဖြစ်သည်။ မဇ္ဈိမဒေသရှိ မဟာဗောဓိပင်သို့လည်း အထူးထူးတော် အလှူတော်များကို ကျော်စာများနှင့်တကွ စေလွှတ်လှူဒါန်း ပူဇော်ခဲ့လေသည်။

မင်းတရားကြီး လက်ထက်တွင် ရဟန်းပညာရှိ လူပညာရှိတို့ကို ညှိနှိုင်းတိုင်ပင်၍ ရာဇဝင်တစ်စောင် ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို မောင်းထောင်ဆရာတော် လူထွက် ပညာရှိ အမတ်ကြီးမဟာဓမ္မသကြ¸ ကြီးမှူးအုပ်ချုပ်၍ ၁၁၉၁ ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်တော်ကြီးကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် မှန်နန်း မဟာရာဇဝင်တော်ကြီး ဟု ခေါ်တွင်သည်။ ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ် နတ်တော်လအထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထိုကြောင့် မင်းတုန်းမင်းတရား လက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို ဒုတိယ မဟာရာဇဝင်တော် ဟု ခေါ်ဆိုလေသည်။

မင်းညီ မင်းသားဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်၊ ဗိုလ်မှူးတပ်မှူး၊ ဒိုင်းမှူး သင်းမှူး၊ သွေးသောက်စု မြင်းခေါင်း၊ မြင်းစီး၊ သွေးသောက်ကြီး၊ သေနတ်စွဲ၊ ဓားစွဲကိုယ်ရံတော်၊ ရေကြည်မှစ၍ အမှုထမ်း ကျွန်တော်မျိုးတို့ကို သစ္စာပေးတော်မူသည်။ မင်းညီ မင်းသား၊ မှူးတော်မတ်တော်များကိုလည်း အရည်အလျောက်၊ အထိုက်အလိုက် မြို့ရွာများ အသီးအသီး ပေးသနားတော်မူသည်။ ဝေသာလီပြည်၊ ရခိုင်ပြည်၊ မျည်းတဲပြည်စသော တိုင်းပြည်ကြီး များနှင့် ထီးရံနန်းရံ စော်ဘွား မြို့စား တပ်ပေါင်းစား အဝေးမြို့ဝန်၊ စစ်ကဲအရာရှိတို့ကိုလည်း အကြီးအမှူး၊ သွေး သောက်စု၊ မြင်းတော်သည် ခန့်ပြီးလျှင်၊ အစေ့အနှံ့သစ္စာတော် ပေးစေလွှတ်သည်။

ပထမ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခြင်းပြင်ဆင်

မင်းတရားကြီး အိမ်ရှေ့စံစဉ်က မစစောင့်ရှောက်၍ မဏိပူရတွင် စိုးစံနေရသော၊ မဏိပူရ ကသည်းစော်ဘွား မဟာရှိန်ရာဇာသည် မကျိုးမနွံရှိသဖြင့် မင်းတရားကြီး နန်းတက်သည့် နှစ်အတွင်း၌ပင် ညီတော် ဒွါရာဝတီ မင်းသား သတိုးမင်းရဲကျော်ထင်ကို ဗိုလ်ချုပ်ခန့်၍ တပ်တော်များချီတက်သိမ်းယူစေရာ၊ မဏိပူရ တစ်မြို့လုံးကို ရသည်။ မဏိပူရချီတပ်တွင် အလုံမြို့ဝန်မင်းကြီး မဟာဗန္ဓုလက လက်ဝဲစစ်ကြောင်း၊ စစ်ကဲမင်းကြီး မင်ခေါင်းကျော်က လက်ယာကြာင်း ချီတက်သည်။ မြို့ကိုရပြီးနောက်၊ အစောင့်တပ်များ ချထားကာ တပ်များပြန်လာကြသည်။မဟာရှိန် ရာဇာသည် အင်္ဂလိပ်တို့ဩဇာလွှမ်းမိုးသော ကချာနယ်ထဲသို့ ပြေးဝင်ခိုလှုံသည်။ ယင်းစော်ဘွား၏ သားဟဲလာစန္ဒရော် အိန်စောင်တာပသည် ၁၁၈၂ ခုနှစ်တွင် ကချာမှနေ၍ မဏိပူရရှိ မြန်မာတပ်များကို လာရောက်တိုက်ခိုက်သည်။ မြို့စောင့် တပ်များက ပြန်လှန်ခုခံနေစဉ် အမရပူရမှစစ်ကူတပ်များ ရောက်ရှိလာ သဖြင့် ကသည်းတပ်များကို နှိမ်နင်းရသည်။ အင်္ဂလိပ်တို့သည် မြန်မာတို့၏ တန်ခိုးပျံ့နှံ့လာခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် ကချာနယ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စိုးမိုးချယ်လှယ်မှုများ ပြုသည်။ ထို့ကြောင့်လည်း မြန်မာတပ်များနှင့် မသင့်မတင့် ဖြစ်သည်။

၁၁၈၅ ခုနှစ်တွင် ဘိုးတော်မင်းတရားလက်ထက်က နန်းတင်ပေးခဲ့သော အာသံစော်ဘွား စန္ဒရေကန္တရှိန်သည် အင်္ဂလိပ်တို့၏ အမအစကိုယူကာ မြန်မာမင်းအား ထောင်ထားခြားနားမည် ပြုသဖြင့် မဟာဗန္ဓုလသည် အာသံကို ချီတက်နှိမ်နင်းရပြန်သည်။ စန္ဒရကန္တရှိန်သည် အင်္ဂလိပ်တို့ပိုင်နက်သို့ ပြေးဝင်ခိုလှုံသည်။ မင်းကြီး မဟာဗန္ဓုလသည် အာသံ၌ စော်ဘွားအသစ်ကို နန်းတင်၍၊ ဗိုလ်မှူးမင်းကြီး မဟာသီလဝကို အစောင့်အနေအထားပြီး ပြန်လာသည်။

အင်္ဂလိပ်တို့သည် မြန်မာတို့၏ တန်ခိုးအာဏာ တစ်စတစ်စ ကျယ်ပြန့်ကာ အနောက်ဘက်သို့ရောက်လာမည်ကို စိုးရိမ်သည်။ ဘိုးတော်ဘုရားလက်ထက်ကပင် ရခိုင်ပြည်ကို သိမ်းယူသည့်အခါ စစ်တကောင်းနယ်ခြားကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနှင့် အင်္ဂလိပ်တို့အချင်းများခဲ့ရသည်။ ဘကြီးတော်မင်းတရားလက်ထက်သို့ ကျရောက်သောအခါ မဏိပူရစော်ဘွား၊ အာသံစော်ဘွားတို့ကို အင်္ဂလိပ်တို့ထံ ခိုလှုံခဲ့သည်။ အင်္ဂလိပ်ပိုင်နက် အတွင်းသို့ပြေးဝင်သော ထိုစော်ဘွားများကို မြန်မာ တပ်များက လိုက်လံဖမ်းဆီးသောအခါ မြန်မာနှင့် အင်္ဂလိပ် တို့ပို၍ မသင့်မတင့် ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ( ခရစ် ၁၈၂၄ ) တွင် နတ်မြစ်ဝရှိ ရှင်မဖြူကျွန်း၌ အင်္ဂလိပ်တို့ကလာ၍ အလံစိုက်ပြီး တပ်တည်မည်ပြုရာ၊ မြန်မာတပ်များနှင့် အချင်းများကြပြီးလျှင် ပစ်ခတ် တိုက်ခိုက်ကြသည်။

ထိုအခါ မြန်မာတို့ဘက်မှ စစ်ကူရန် ဗိုလ်မှူးဝန်ကြီး မဟာဗန္ဓုလကို ရခိုင်ပြည်သို့တစ်ကြောင်း၊ ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မ မဟာသက်တော်ရှည်ကို အာသံမဏိပူရသို့တစ်ကြောင်း ချီတက်စေသည်။ မြန်မာသက္ကရာဇ် ၁၁၈၅ ခု တစ်ပေါင်းလ၊ ခရစ်နှစ် ၁၈၂၄ ခု၊ မတ်လ ၅ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့အမ်းမှတ်က အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြောင်း ကြေညာလေသည်။

မဟာဗန္ဓုလ၏ တပ်များသည် ပန်းဝါတိုက်ပွဲ ( ရာမူးတိုက်ပွဲ ) တွင် အရေးသားသည်။ထိုနောက် ရှေ့သို့ဆက်လက်ချီတက်ခြင်း မပြုသေးဘဲတပ်နားနေစဉ်၊ ရန်ကုန်မြို့ကို အင်္ဂလိပ် တပ်များက သိမ်းပိုက်လိုက်သောကြောင့်၊ ဟံသာဝတီ ရန်ကုန်မြို့ကို ပြန်လည်လုပ်ကြံရန် မဟာဗန္ဓုလအား ခေါ်တော်မူသဖြင့်၊ ရန်ကုန်သို့ချီခဲ့ရသည်။ အင်္ဂလိပ်တပ်များသည် ရခိုင်ရိုးမကိုကျော်၍ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရန် အကြံကို လက်လျှော့ပြီးသော် နိုင်ငံတွင်း ရေကြောင်းကိုမှီကာ ဧရာဝတီမြစ် တစ်လျှောက် တိုက်ခိုက်ရန် အကြံပြုသည်။ ထို့ကြောင့် ရန်ကုန်သို့ရေတပ်ကြီး ချီလာပြီးလျှင် ပင်လယ်မှ အမြောက်စိန်ပြောင်းလွှတ်ကာ မြို့ကို စီးထားခြင်း ဖြစ်လေသည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကြီး စတင်ခဲ့လေရာ၊ အင်္ဂလိပ်တို့က လက်နက်အင်အား သာလွန်ခြင်း၊ အင်္ဂလိပ် တပ်သားများသည် အလေ့အကျင့်ရှိပြီးလျှင် တိုက်ရည်ခိုက်ရည်သာခြင်း စသည်တို့ကြောင့် မြန်မာတပ်များ အရေးမလှခဲ့သည်သာများပြီးသော် စစ်သည်ရဲမက် အထိအရှအကျအဆုံး များပြားလှသည်။ ရန်ကုန်တွင် အရေးမလှသဖြင့် ဓနုဖြူသို့ဆုတ်ခွာပြီးလျှင် တပ်ခံသော မဟာဗန္ဓုလသည်လည်း ၁၁၈၆ ခုနှစ်တွင် ဓနုဖြူခံတပ်၌ ဗုံးသင့်၍ ကျဆုံး လေသည်။

မဟာဗန္ဓုလ ကျဆုံးပြီးနောက်တွင် မြန်မာတပ်များသည် ပို၍ကစင့်ကလျားဖြစ်သည်။ ရဲမက်တော်များ၊ ဗိုလ်မှူးတပ်မှူးများ အကျအဆုံး အထိအခိုက်လည်း များလှသည်။ အင်္ဂလိပ်တို့သည် အရေးသာ၍ မြို့ရွာများကို သိမ်းပိုက်နိုင်သော်လည်း မြန်မာပြည်သူလူထုကို အုပ်ချုပ်ရန် မလွယ်ကူသေးသည်ကို သိမြင်နားလည်သဖြင့် စစ်ပြေငြိမ်းရန်စကားကမ်းလှမ်းသည်။ ဘကြီးတော် ဘုရားသည် မြန်မာတို့က အလျော့ပေးအညံ့ခံ၍ စစ်ပြေငြိမ်းရန် ငြင်းပယ်တော်မူသည်။ အင်္ဂလိပ်တို့ ကလည်း ထပ်မံ စကားကမ်းလှမ်းသည်။ နောင်အခါ အကြောင်းကြောင်းကို ထောက်ရှု၍ စစ်ပြေငြိမ်းရန် လက်ခံသဖြင့် အင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်း စာချုပ်ကို မြင်းခြံခရိုင်အတွင်းရှိ ရန္တပိုရွာ၌ ၁၁၈၇ ခုနှစ် တပေါင်းလ၊ ခရစ်နှစ် ၁၈၂၆ ခု၊ ဖေဖော်ဝါရီလတွင် ချုပ်ဆိုကြ၍ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ပြီးဆုံးခဲ့လေသည်။

ဘကြီးတော် မင်းတရားလက်ထပ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး၌ မြန်မာနိုင်ငံ၏ အကျယ်အဝန်း သည် ယုတ်လျော့သွားသည်။ ရန္တပိုစာချုပ်အရ အာသံနယ်၊ ရခိုင်ပြည်၊ တနင်္သာရီနယ်တို့ကို အင်္ဂလိပ်တို့အား ပေးလိုက်ရသည်။ ထိုပြင် မဏိပူရ၊ ကချာနယ်တို့အရေးတွင် မြန်မာတို့က ဝင်ရောက်စွက်ဖက်ခွင့် မရတော့ချေ။ စစ်စရိတ်ငွေ တစ်ကုဋေကိုလည်း မြန်မာတို့က ပေးရလေသည်။

ရန္တပိုစာချုပ်တွင် အင်္ဂလိပ်နှင့် မြန်မာ ကိုယ်စားလှယ်ချင်းလဲလှယ်၍ ဆိုင်ရာ နေပြည်တော်များ၌ နေထိုင်ရန်စည်းကမ်းချက်တစ်ရပ် ပါရှိသည့်အတိုင်း အင်္ဂလိပ် ကိုယ်စားလှယ်တော် မယ်စယ်ဘော်ရနီ ( မေဂျာဗားနေး ) သည် မြန်မာ သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် အင်းဝမြို့၌ နေထိုင်ရန်ရောက်လာရာ၊ မင်းတရားကြီးက ကောင်းစွာ နေရာချထားပေးပေသည်။

မယ်စယ်ဘော်ရနီသည် အင်းဝ၌ရှိစဉ် မြန်မာပိုင် ကလေးကတော့တောင်ကြားကို ဗြိတိသျှ အိန္ဒိယအစိုးရက သိမ်းယူရာ၊ မယ်စယ်ဘော်ရနီက စာရေးသား ကန့်ကွက်သဖြင့် အင်္ဂလိပ်တို့က ပြန်ပေးသည်။ မယ်စယ်ဘော်ရနီ အင်းဝ၌ ရှိနေစဉ်ပင် အင်္ဂလိပ် အစိုးရက တနင်္သာရီနယ်ကို အခြားနယ်တစ်ခုခုနှင့် လဲလှယ်လိုသဖြင့် စကားကမ်းလှမ်းလာသည်။ မြန်မာတို့ကအလဲအလှယ်မရှိဘဲ တနင်္သာရီနယ်ကို ပြန်၍လိုချင်သဖြင့် စကားကမ်းလှမ်းမှုသည် ဆုံးခန်းတိုင် မရောက်ခဲ့ပေ။

မြန်မာသက္ကရာဇ် ၁၁၈၈ ခုနှစ် (ခရစ်နှစ် ၁၈၂၇ ခု) တွင် မွန်ငစပ်ဆိုသူ ထောင်ထားခြားနားပြီးလျှင် ရန်ကုန်ကို လုပ်ကြံသည်။ မွန်သူပုန်တို့ကို မြန်မာတပ်များက လိုက်လံတိုက်ခိုက်သည့်အခါ အင်္ဂလိပ်ပိုင် တနင်္သာရီ နယ်ထဲသို့ပြေးဝင်ခိုလှုံကြသည်။ ထိုအခါမြန်မာတို့က မုတ္တမမြို့ကို အခြေပြုပြီးသော် တနင်္သာရီနယ်အတွင်း ဝင်ရောက်တိုက်ခိုက်သဖြင့်၊ အင်္ဂလိပ်တို့က မုတ္တမမြို့ကို ဖျက်ဆီးပစ်သည်။ မွန်တို့၏ ထကြွခြင်းသည် ထိုအကြိမ် နောက်ဆုံး ဖြစ်လေသည်။

သက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် ဘဝရှင် မင်းတရားကြီး ကိုယ်တော် ကျန်းခံ့တော်မမူ ဖြစ်လာသည်။ ထို့ကြောင့် မိဖုရားခေါင်ကြီး၊ မောင်တော် စလင်းမြို့စား မင်းသား သီရိ သုမဟာဓမ္မရာဇာ (မင်းသား မောင်အို) နှင့် မှူးတော် မတ်တော်တို့အား တိုင်းဝန်ပြည်ဝန်ကို စီရင်ဆောင်ရွက်စေသည်။ ထိုအတွင်း နိုင်ငံမငြိမ်မသက်ရှိလေလျှင်၊ စလင်းမြို့စားနှင့် အပေါင်းပါ မှူးမတ်များက မင်းတရားကြီး၏ ညီတော် သာယာဝတီမင်းအပေါ် အယုံအကြည် မရှိ၊ နှလုံးစိတ်ဝမ်းမချ ဖြစ်လာသည်။ ထို့ကြောင့် ပြစ်မှုရှာကြံလာသည်။ ထိုအခါ သာယာဝတီမင်းကလည်း နောင်တော်မင်းတရားအားကျေးဇူးသစ္စာရှိစွာနှင့် အမှုတော်များကို နှလုံးလက်ရုံးဖြင့် ထမ်းရွက်ခဲ့ပါလျက်၊ မင်းသား မောင်အိုနှင့် အပေါင်းအပါ တစ်စုတို့က မိမိအပေါ် အကောက်ကြံကာ မှုခင်းရှာကြံရမည်လောဟု စိတ်ဝမ်းနာ ကြည်းကာ ၁၁၉၈ ခုနှစ်တွင် ရွှေဘိုသို့ နောက်တော်ပါများနှင့် အတူ ထွက်ခွာသွားပြီးလျှင် ပုန်ကုန်ခြားနားလေသည်။

အင်္ဂလိပ် ကိုယ်စားလှယ် မယ်စယ်ဘော်ရနီသည် ရွှေဘိုသို့လိုက်သွားပြီးလျှင် ဖျန်ဖြေလျှောက်ထားသော်လည်း အရေးမရလေ။ တစ်ဖန် ဆရာတော်များ ကြွရောက်ဖြန်ဖြေ စေ့စပ်ရပြန်သည်။ မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် ညီတော် သာယာဝတီမင်း၏ အလိုတော်ပြည့်၍၊ ဘကြီးတော် မင်းတရားသည် ညီတော်အား ထိုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နန်းစည်းစိမ်ကို လွှဲပြောင်းပေးကာ၊ အိမ်ဖြူစံတော်မူလေသည်။ သာယာဝတီမင်းသည် ရွှေနန်းစည်း စိမ်ကို လက်ခံပြီး နောက်တွင် နောင်တော်၏ မိဖုရားခေါင်ကြီးနှင့် စလင်းမင်းသားတို့ကို အပြစ်အလျောက် စီရင်တော်မူလေသည်။

သားတော်သမီးတော်များပြင်ဆင်

ထင်ရှားသော သားတော် သမီးတော်များမှာ ဆင်ဖြူရှင်မယ်မှ ဖွားသော ညောင်ရမ်းမြို့စားတစ်ပါး (စကြာမင်းသား)၊ မိဖုရား ခေါင်ကြီးမယ်နုမှ မြင်တော်မူသော သမီးတော်တစ်ပါးဖြစ်၍ ထိုသမီးတော်သည် နောင်အခါ မင်းတုန်းမင်းတရား၏ အလယ်နန်း မိဖုရား ဆင်ဖြူမရှင်ဖြစ်သည်။ မိဖုရားခေါင်ကြီး မယ်နုမှ မြင်သော သားတော်တစ်ပါးနှင့် သမီးတော် တစ်ပါးတို့သည် ငယ်ကလွန်ကြသည်။

ဘဝနိဂုံးပြင်ဆင်

 
အမရပူရမြို့တွင်ရှိတွင်ရှိသော ဘကြီးတော်မင်း အုတ်ဂူ

ပထမ အင်္ဂလိပ်-မြန်မာစစ် ပြီးချိန်မှစကာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်မှစကာ နန်းတွင်းရေးကို နန်းမတော်မယ်နုနှင့် အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အို တို့ကချယ်လှယ်ခဲ့ကြသည်။ ပြိုင်ဘက်ဟု ယူဆသူများကို သတ်ဖြတ်ခဲ့ကြသည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်း မယ်နု၏လက်ရုံးတစ်ဆူဖြစ်သည့် စစ်သူကြီးမဟာဗန္ဓုလ ဓနုဖြူတွင် ကျဆုံးသည်။ ဘကြီးတော်မင်း၏ ညီတော် သာယာဝတီမင်းသားကို ရာဇဝတ်သားများအား လက်ခံနေထိုင်စေမှုဖြင့် စွပ်စွဲပြီးအရာမှချရန် ကြိုးပမ်းသဖြင့် သာယာဝတီမင်းသား ရွှေဘိုသို့ထွက်ကာ အင်အားစု၍ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သဖြင့် သာယာဝတီမင်း နန်းတက်သည်။ နန်းမတော်မယ်နု၊ မင်းသားကြီးဦးအိုနှင့် အပေါင်းအပါများသာမက ညောင်ရမ်းမင်းသားပါ ရေချဖျောက်ဖျက်ခံရသည်။ ဘကြီးတော်မင်းကိုမူ အစောင့်အရှောက်ဖြင့် နေစေသည်။ နန်းကျပြီး ၈နှစ်အကြာ အကျယ်ချုပ်ဖြင့်နေရစဉ်အတွင်း ညီတော် သာယာဝတီမင်းလက်ထက် အသက် ၆၁ နှစ်အရွယ် ၁၂ဝ၈ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁ဝ ရက်နေ့ (၁၅၊ အောက်တိုဘာ၊ ၁၈၄၆) တွင် ကွယ်လွန်သည်။ [၁]

ဘွဲ့ထူးဂုဏ်ရည် (၆)ပါးပြင်ဆင်

  1. ဘကြီးတော်ဘုရား-ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ဘကြီးတော် ဖြစ်သောကြာင့်တည်း၊
  2. စစ်ကိုင်းမင်း-မင်းသားငယ်ဘဝက စစ်ကိုင်းမြို့ကို စားရသောကြောင့်တည်း၊
  3. နောင်တော်ကြီး-သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း လည်းခေါ်သည့် ရွှေဘိုမင်းတြား၏နောင်တော်ဖြစ်သောကြောင့်တည်း၊
  4. ဖလ်နန်းရှင်, မှန်နန်းရှင်- နန်းတော်ကြီး၌ ဖလ်, မှန်တွေ အလွန်များသောကြောင့်တည်း၊
  5. သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ- ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတြားကြီး၊
  6. ဆင်ဖြူများရှင်- နန်းစံ ၁၈-နှစ်တိုင်တိုင် ဘုန်းတန်ခိုးကြီးလျက် ဆင် ရတနာများစွာ ဆက်သခံရသောကြောင့်တည်း။

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)