ဘုရားရှိခိုးခြင်း
ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီးရင် ဘုရားရှိခိုးရပါတယ်။ ဘုရားရှိခိုးတယ် ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သံဃာရော ရတနာသုံးပါးကို ရှိခိုးကြပါတယ်။ ဒါကြောင့် ဘုရားရှိခိုးစကတည်းက
ဗုဒ္ဓံပူဇေမိ = ဘုရားကို ပူဇော်ပါ၏၊
ဓမ္မံပူဇေမိ = တရားတော်ကို ရှိခိုးပူဇော်ပါ၏၊
သံဃံပူဇေမိ = သံဃာတော်မြတ်ကို ရှိခိုးပူဇော်ပါ၏လို့ ရတနာသုံးပါးကို ရှိခိုးကြတာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်မှာ ရေးခဲ့ကြတဲ့ ဘုရားရှိခိုးစာအုပ်တွေမှာတော့ ဘုရားဂုဏ်တော်တွေကို ဖော်ကျူးတဲ့ ဘုရားဂုဏ်တော်ဖွင့်တွေက များပါတယ်။ တရားတော်နဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးတဲ့ တရား၊ သံဃာ ဂုဏ်တော်ဖွင့်တွေလဲ အနည်းအကျဉ်းတော့ ပါပါတယ်။ ဒါကြောင့် ဘုရားရှိခိုးဆိုတာ ရတနာသုံးပါးကို ရှိခိုးပူဇော်တာလို့ မှတ်နိုင်ပါတယ်။[၁]
ဘုရားရှိခိုးတယ်ဆိုတာ...
သုတ္တန် ဒေသနာတော်နည်းအရ
ပြင်ဆင်ရန်ပြောရရင်တော့ တိကအင်္ဂုတ္တုရ်မှာ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း …
၁။ ပုဆစ်ဒူးတုပ် လက်အုပ်ချီမိုးပြီး ဒူးနှစ်ဖက်၊ လက်ဝါးနှစ်ဖက်၊ နဖူးပြင်ဆိုတဲ့ အင်္ဂါငါးခုကို ကြမ်းပြင်မှာ ထိပြီး ရှိခိုးတဲ့ ကိုယ်ထိလက်ရောက် ရှိခိုးတာ။
၂။ အစိန္တေယျ၊ အပ္ပမေယျ စတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးစပ်ဆိုထားတဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပြီး နှုတ်ဖြင့် အသံထွက်ပူဇော်တာ။
၃။ ကိုယ်နှုတ်မပါ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့ပူဇော်တာ။
ဒီလို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးနဲ့ ရတနာသုံးပါးကို ကြည်ညိုလေးစားနေတာကို ရှိခိုးတယ်လို့ ခေါ်တယ်။[၁]
အဘိဓမ္မာနည်း၊ ပရမတ္ထနည်းအရ
ပြင်ဆင်ရန်ဘုရားရှင်ရဲ့ ဂုဏ်တော် တရားတော်၊ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ရှိခိုးဦးတိုက်လိုတဲ့ စေတနာကို ဘုရားရှိခိုးတယ်လို့ ခေါ်တယ်။
ဝန္ဒနာနာမ ပဏာမကြိယာဘိ နိပ္ဖာဒိကာ ကုသလ စေတနာ = ရှိခိုးတယ်ဆိုတာ ရှိခိုးမှုကို ပြီးစေတတ်တဲ့ ကုသိုလ်စေတနာသာ ဖြစ်တယ်ဆိုတဲ့ ဋီကာဆရာစကားအရ ကုသိုလ်စေတနာကို ရှိခိုးခြင်းအရ ကောက်ယူရတယ်။[၁]
အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နှုတ်နဲ့ စိတ်နဲ့ ရှိခိုးနိုင်
ပြင်ဆင်ရန်အင်္ဂုတ္တိုရ်ပါဠိတော် ဝန္ဒနာသုတ်မှာ ရှိခိုးတာဟာ ကိုယ်နဲ့ရှိခိုးခြင်း၊ နှုတ်နဲ့ရှိခိုးခြင်း၊ စိတ်နဲ့ ရှိခိုးခြင်းဆိုပြီး (၃)မျိုး ရှိတယ်လို့ ဟောတယ်။ အဲဒီသုံးမျိုးထဲမှာ ကိုယ်နဲ့ ရှိခိုးတယ်ဆိုတာက ဘုရားရှင်ကို ရိုသေလေးစားကြောင်း ကိုးကွယ်ဆည်းကပ်ကြောင်းကို ကိုယ်ခန္ဓာနဲ့ ပြတာဖြစ်တဲ့အတွက် အိပ်ရင်း၊ လမ်းလျှောက်ရင်း လက်အုပ်ချီ ရှိခိုးမယ်ဆိုရင် ရိုသေမှုသဘောနည်းတဲ့အတွက် အိပ်ရင်း လမ်းလျှောက်ရင်း ကိုယ်နဲ့ မရှိခိုးသင့်ပါဘူး။ မတ်တပ်ရပ်လျက် လက်အုပ်ချီပြီး ထိုင်လျက်ဦးချပြီး ကိုယ်နဲ့ ရှိခိုးရပါမယ်။
ဂုဏ်တော်တွေကို နှုတ်နဲ့ရွတ်ဆို ပူဇော်တာကို နှုတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့လေးစားနေတာကို စိတ်နဲ့ရှိခိုးတာလို့ ခေါ်တယ်။ နှုတ်နဲ့ စိတ်နဲ့ ရှိခိုးတာကိုတော့ ရပ်ရင်း၊ ထိုင်ရင်း၊ သွားရင်း၊ အိပ်ရင်း၊ လျှောက်ရင်း ဣရိယာပုတ် လေးမျိုးစလုံးမှာ အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါကြောင့် အာဋာနာဋိယ ပရိတ်ကို စီစဉ်ပေးတဲ့ ရှေးဆရာတော်ကြီးတွေက …
ဝစသာ မနာသာစေဝ၊ ဝန္ဒာ မေ တေ တထာ ဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမာနေစာပိ သဗ္ဗဒါ။
လျောင်းထိုင်ရပ်သွား အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နှုတ်နဲ့ စိတ်နဲ့ ရှိခိုးပါ၏လို့ ပြထားပါတယ်။[၁]
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ဘုရားရှိခိုးအမျိုးမျိုး စာအုပ်ကို ဆရာဘ ကလောင်အမည်ဖြင့် ဆရာကြီးသောကြာဦးမောင်ကလေးမှ စီစဉ်ရေးသားခဲ့၍ ၁၉၆၇-တွင် ထုတ်ဝေခဲ့သည်။ စာအုပ်ဆိုဒ်မှာ ၅"x ၇" ဆိုဒ်ဖြစ်၏။ ထိုစာအုပ်တွင်
- ဘုရားပင့်၊
- ကန်တော့ခန်း၊
- ငါးပါးသီလ၊
- ရှစ်ပါးသီလ၊
- အာဇီဝဋ္ဌမကသီလ၊
- ကိုးပါးသီလ၊
- ဆယ်ပါးသီလ၊
- ဘုရားဂုဏ်တော်ကိုးပါး ပါဌ်အနက်၊
- တရားဂုဏ်တော်ခြောက်ပါး ပါဌ်အနက်၊
- သံဃာ့ဂုဏ်တော်ကိုးပါး ပါဌ်အနက်၊
- အနန္တငါးပါးဘုရားရှိခိုး၊
- ဆွမ်း ရေချမ်း ပန်း ဆီမီး ကပ်လှူရန်၊
- ဆုတောင်း၊
- မေတ္တာပို့၊
- အမျှဝေ၊
- အနေကဇာတင်၊
- သိရသ္မိံဂါထာတော်ကြီး၊
- ဂုဏ်တော်ကွန်ခြာ နှင့် အခြားဗုဒ္ဓဘာသာအခြေခံမှတ်သားဖွယ်ရာများပါဝင်သည်။
ကိုးကား
ပြင်ဆင်ရန်
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |