မင်းဘူး ဦးဩဘာသသည် ဇာတ်ကြီးဆယ်ဘွဲ့မှ ၈-ဘွဲ့ကို စကားပြေဖြင့် ရေးသားခဲ့ပြီး ကျန်နှစ်စောင်ကို မပြုစုနိုင်ပဲ ပျံလွန်တော်မူခဲ့သော ဆရာတော်ဖြစ်သည်။ ဦးဩဘာသသည် မင်းဘူးမြို့တွင် ဖွားမြင်သည်။ ဖွားသက္ကရာဇ်ကို သေချာမသိရပေ။ သက္ကရာဇ် ၁၀၁၄-၁၁၂၄ အတွင်း ဖွားမြင်သည်ဟု ထင်သည်။ ဇာတ်တော်နိဂုံးများတွင် ရေးသားချက်အရ စကု အပိုင်၊ ရပ်သာမြို့ မင်းပူးရွာ အသည်ကြီး၏ သားဖြစ်ကြောင်း သိရသည်။

ငယ်ရွယ်စဉ်ကပင် သာမဏေပြု၍ ကျမ်းဂန်များကို လေ့လာဆည်းပူးဟန် တူသည်။ ဦးဩဘာသ၏ ဆရာတော်ကား မင်းဘူးရွာ အနောက်ဘက်ရှိ လေသာကျောင်း ဆရာတော်ဖြစ်သည်။ မဟာဇနက္က ဇာတ်တော်ကြီး နိဂုံးအရ မောင်ထောက် တောင်းပန်အပ်သောကြောင့် ဇာတ်တော်ကြီး ဆယ်စောင်လုံးကို ရေးသားမည်ဟု အကြံပြုသော်လည်း အကြံမမြောက်။ ဇာတ်တော်ကြီး ၈-စောင်ကိုသာ ရေးသားခဲ့ပြီး ကျန်နှစ်စောင်ကို မပြုစုနိုင်ပဲ ပျံလွန်တော် မူခဲ့လေသည်။ ဇာတ်တော်ကြီး ဆယ်စောင်ရှိသည့်အနက် ကျန်နှစ်စောင်ကို အခြားပညာရှိ ပုဂ္ဂိုလ်များက ရေးသားပြုစုကြသည်။

ဦးဩဘာသသည် နာရဒဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးပြီး ဝိဓူရဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးသည်။ ကျန်ဇာတ်တော်များကိုလည်း ခုနှစ်လနှင့် အပြီးရေးသည်။ ဇာတ်တော်ကြီး ဝတ္တုများ ရေးသားရာတွင် ကျော်ဇောသဖြင့် မင်းဘူးဆရာတော်ဟု ခေါ်သည်။ ဦးဩဘာသ မရေးဖြစ်သော ဇာတ်တော်မှာ ဘူရိဒတ္တဇာတ်နှင့် သုဝဏ္ဏသာမဇာတ်တို့ ဖြစ်သည်။

ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-

  1. စန္ဒကုမာရဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
  2. နာရဒဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
  3. ဝိဓူရဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊
  4. ဝေဿန္တရာဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
  5. မဟောသဓဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
  6. မဟာဇနက္ကဇာတ်တော်(မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
  7. နေမိဇာတ်တော်(မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊
  8. ဘူရိဒတ္တဇာတ်တော်(ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
  9. တေမိယဇာတ်တော်(မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
  10. သုဝဏ္ဏသာမဇာတ်တော်(ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊ [၁]
  • ဦးဩဘာသသည် နာရဒဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးပြီး ဝိဓူရဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးသည်။ ကျန်ဇာတ်တော်များကိုလည်း ခုနှစ်လနှင့် အပြီးရေးသည်။

ဦးဩဘာသ၊ မင်းဘူးဆရာတော်(မြန်မာ ၁၁၂ဝ-၁၁၆ဝ ခန့်) ပြင်ဆင်ရန်

စကားပြေအရေးအသား၌ နှုတ်မရ၊ သွင်းမရ၊ မတုပြိုင်နိုင် အောင် ကျွမ်းကျင်တော်မူသော ဦးဩဘာသဆရာတော်သည် စကုပိုင်ရပ်သာ မြို့မင်းပူးရွာ အသည်ကြီး၏သားဖြစ်၍ ငယ်စဉ် ကပင်သာမဏေပြုကာ ကျမ်းဂန်များကို လေ့လာဆည်းပူးဟန် တူလေသည်။ ဖွားသက္ကရာဇ်ကိုကား သေချာစွာမသိရချေ။ သို့ရာတွင် သူရေးသားသော နာရဒဇာတ်တော်ကြီးနိဂုံးတွင် ပါသော အချက်အလက်တို့ကို ထောက်ရှုခြင်းဖြင့် ဦးဩဘာသ သည် ၁၁၂ဝ ပြည့် နှစ်ခန့်တွင် ဖွားမြင်သူဖြစ်သည်ဟု ခန့်မှန်း ရလေသည်။ ဦးဩဘာသ၏ဆရာတော်ကား မင်းပူးရွာ အနောက်ဘက်ရှိ လေသာကျောင်းဆရာတော်ဖြစ်သည်။

ဆရာတော်ဦးဩဘာသသည် ကျောင်းဒါယိကာ ဦးဝ၏ သား မောင်ထောက် တောင်းပန်လျှောက်ထားသဖြင့် ဇာတ်တော် ကြီးဆယ်စောင်ကို မြန်မာစကားပြေဖြင့် ရေးသားမည်ဟုကြံ၏။ သို့ရာတွင် ဆယ်စောင်လုံးကို မရေးဖြစ်ခဲ့ပေ။ ရှစ်စောင်သာ ရေးသားသည်ကိုတွေ့ရသည်။ ဆရာတော်ဦးဩဘာသ ပျံလွန် တော်မူသည့်ခုနှစ်ကိုလည်း အသေအချာမသိရပေ။ အချို့က ဝါတော် ၂ဝ ပြည့်တွင် ပျံလွန်တော်မူသည်ဟုဆိုကာ သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ်ခန့်ဟု ခန့်မှန်းကြလေသည်။ ထိုဇာတ်တော်ကြီး ရှစ်စောင်နှင့်ပင် မင်းဘူးဆရာတော်၏အမည်မှာ စာပေသမိုင်း တွင် မော်ကွန်းတင်ခြင်း ခံခဲ့ရလေသည်။ ဦးဩဘာသဆရာ တော် ရေးသားသော အောက်ဖော်ပြပါ ဇာတ်တော်ကြီးရှစ်စောင် နှင့် ပြီးသော ခုနှစ်သက္ကရာဇ်စာရင်းတို့ကို ထောက်ရှုခြင်းဖြင့် ဦးဩဘာသ၏ အရည်အချင်းဉာဏ်စွမ်းဉာဏ်စကို အကဲခတ်နိုင် ပေသည်။

၁။ စန္ဒကုမာရ ၁၁၄၄ ခုနှစ် ပြာသိုလ။ ၂။ နာရဒ ၁၁၄၄ ခုနှစ် တပေါင်းလ၊ ၃။ ဝိဓုရ ၁၁၄၅ ခုနှစ် ဝါခေါင်လ၊ ၄။ ဝေဿန္တရာ ၁၁၄၅ ခုနှစ် တပေါင်းလ၊ ၅။ မဟောသဓ ပ၊ဒု ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလ၊ ၆။ မဟာဇနက ၁၁၄၇ ခုနှစ် နယုန်လ၊ ၇။ နေမိ ၁၁၄၈ ခုနှစ် ဝါဆိုလ၊ ၈။ တေမိယ ၁၁၄၈ ခုနှစ် တပို့တွဲလ၊ အထက်ပါစာရင်းကိုကြည့်ခြင်းဖြင့် ဦးဩဘာသသည် နာရဒဇာတ်တော်ကို နှစ်လနှင့်အပြီးရေး၍ ဝိဓုရဇာတ်ကို ငါးလနှင့်ရေးပြီးလျှင် အခြားဇာတ်တော်များကို အကြာဆုံး ခုနှစ်လအတွင်း ပြီးစီးအောင် ရေးသည်။ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း စကားပြေအရေးအသားတွင် အလွန် ကောင်းမွန်၍ စံတင်လောက်သော ဇာတ်တော်ကြီးများကို ပြီးစီးအောင်မြင်စွာရေးသားနိုင်သည့် ဆရာတော်၏အရည်အချင်း ကို မချီးကျူးဘဲ အသူနေနိုင်ပါအံ့နည်း။

ဦးဩဘာသ၏အရေးအသားမှာ ပြေပြစ်ပေါ်လွင်၍ စေ့စပ်၏။ စကားပို စကားကြွင်းမရှိ။ စကားပြေအရေးအသားတွင် တစ်ခါတစ်ရံ လင်္ကာသဘော ရောနှောထည့်သွင်းထားသဖြင့် ကာလပေါ်ဝတ္ထုများကဲ့သို့ အပျော်သက်သက်ဖတ်ရန် လည်း သင့်လျော်လေသည်။ ဦးဩဘာသစီရင်သော ဇာတ်တော်ကြီးများမှာ တရားသဘောနွယ်သော ဗုဒ္ဓမုခပါဌ် မဟာနိပါတ်လာ ဇာတ်ကြောင်းများဖြစ်၏။ ထို့ကြောင့် တရားသဘောဖြင့် ဖတ်ရှုနိုင်၏။ ဝါကျတိုကလေးများဖြင့် တိုတိုတုတ်တုတ်လိုရင်း အကြောင်းအရာများကို ထိမိအောင်ရေးသားနိုင်သော ရဟန်း စာဆိုကျော်ကြီးပေ။ ဝေဿန္တရာဇာတ်တော်ကြီးမှာ ဦးဩဘာသ ဆရာတော်၏ အကောင်းဆုံးလက်ရာဖြစ်လေသည်၊၊[၂]

ကိုးကား ပြင်ဆင်ရန်

  1. ဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)