ဖေမောင်တင်

ဗမာပညာရှင်
(ဦးဖေမောင်တင် မှ ပြန်ညွှန်းထားသည်)

ဦးဖေမောင်တင် သည် မြန်မာနိုင်ငံသား မြန်မာဘာသာနှင့် ပါဠိဘာသာ ပညာရှင်၊ စာရေးဆရာ၊ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း အဌသာလိနီ၊ ဝိသုဒ္ဓိမဂ်စသော ဗုဒ္ဓဘာသာကျမ်းစာအချို့ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သောသူဖြစ်သည်။ မြန်မာ့သမိုင်း၊ ရာဇဝင်များကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ ကိုလိုနီခေတ်တွင် မြန်မာစာပေကို အထင်အမြင်သေးကြသော တက္ကသိုလ်အာဏာပိုင်တို့အား အတိုက်အခံပြု၍ မြန်မာစာပေကို တက္ကသိုလ်တွင် အဆင့်မီမီ သင်ကြားနိုင်သည့် အခြေအနေသို့ရောက်အောင် အားထုတ်ကြိုးပမ်းခဲ့သော ဆရာကြီးတစ်ဦးဖြစ်၏ ။ မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်သောရန်ကုန်တက္ကသိုလ်၌ မြန်မာအမျိုးသားထဲမှ ပထမဆုံး ခန့်အပ်ခံရသော ပါမောက္ခလည်း ဖြစ်သည်။

ဦးဖေမောင်တင်
Pe Maung Tin.jpg
မွေးဖွားဘတင်
(1888-04-24)၂၄ ဧပြီ၊ ၁၈၈၈
ပေါက်တော၊ အင်းစိန်မြို့နယ်၊ ဟံသာဝတီခရိုင်ဗြိတိသျှဘားမား
ကွယ်လွန်၂၂ မတ်၊ ၁၉၇၃(1973-03-22) (အသက် ၈၄)
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းကာလကတ္တားတက္ကသိုလ်
(မဟာဝိဇ္ဇာဘွဲ့၊ ၁၉၁၁)
ရန်ကုန်ကောလိပ်
(ဝိဇ္ဇာဘွဲ့၊ ၁၉၀၉) LL.S ရန်ကုန်တက္ကသိုလ်
ကျော်ကြားမှုအရင်းခံ
  • The Expositor (Atthasalini-အဌသာလိနီ)
  • The Path of Purity (ဝိသုဒ္ဓိမဂ်) နှင့် အခြားစာပေလက်ရာများ
  • ခေတ်စမ်းစာပေ စတင်မိတ်ဆက်ခြင်း
အိမ်ထောင်ဖက်(များ)ကြည်ကြည် (Edith)
သားသမီးတင်တင်မြိုင် (Brenda)
ဆွေမျိုးသားချင်းတီးတီးလုစ် (ညီမ)

မြန်မာ့ယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံကို မြတ်နိုးသောကြောင့် နိုင်ငံခြားဝတ်စုံကို ဝတ်ဆင်သော နိုင်ငံခြားသားပါမောက္ခအများအပြားကြားတွင် ပုဆိုးတောင်ရှည် ၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ဝတ်ဆင်ပြီး စာသင်လေ့ရှိသည် ။ ပညာပိုင်းအရ ထူးချွန်သည့်အပြင် စာအသင်အပြလည်း ကောင်းသောကြောင့် ကောလိပ်ကျောင်းသားများသာမက နိုင်ငံခြားသား ပါမောက္ခများ၏ လေးစားခြင်းကိုပါ ခံခဲ့ရသည်။[၁]

ငယ်ဘဝပြင်ဆင်

 
ဦးဖေမောင်တင် ရုပ်တု

ဦးဖေမောင်တင်ကို အင်းစိန်မြို့ ပေါက်တောရပ် ဇာတိ ဖြစ်၍ ၁၈၈၈ ဧပြီ ၂၄ ရက်တွင်[မှတ်စု ၁] ဦးဖေ[မှတ်စု ၂]နှင့် ဒေါ်မြိုင် တို့က မွေးဖွားခဲ့ကာ အင်္ဂလီကန်သာသနာဝင်ဖြစ်သည်။ မွေးချင်း(၆)ယောက်တွင် ပဉ္စမမြောက်သား ဖြစ်၍ ငယ်မည်မှာ မောင်ဘတင် ဖြစ်ပြီး အစ်ကိုဖြစ်သူ မောင်ဘရင် ကွယ်လွန်သွားပြီးနောက် မောင်တင်ဟု အမည်ပြောင်းသည်။

၁၈၉၃ တွင် အင်းစိန်မြို့နယ်ရှိ "ကိုရင်ကြီး အလွတ်ပညာသင်ကျောင်း"၌ ပညာဆည်းပူး၍ ထို၌ လောကနီတိ၊ ပရိတ်စသော မူလတန်းအဆင့် ဗုဒ္ဓစာပေများကို သင်ယူခဲ့သည်။ ၁၈၉၆ တွင် ရန်ကုန် ဟိုက်စကူးကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကာ ပထမတန်းမှစတက်သည်။ ၁၉၀၂ တွင် သတ္တမတန်းအောင်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ပထမရ၍ စကောလားရှစ်ဆုရခဲ့သည်။ ၁၉၀၃ တွင် အဋ္ဌမတန်း၌ ပညာသင်စဉ် "ကျောင်းသားများ လူမျိုးခြားဆရာများကို လက်အုပ်ချီနှုတ်ဆက်ရမည်" ဆိုသည့် ပညာမင်းကြီးအမိန့်ကိုဆန့်ကျင်ပြီး အခြားကျောင်းသားများနှင့်အတူ ဆန္ဒပြခဲ့ကြသောကြောင့် ပညာမင်းကြီးအမိန့်ပျက်ပြယ်သွားသည်။

၁၉၀၅ နဝမတန်းတွင် ပထမရရှိ၍ ရနောင်းဘုရင်ခံ (Governor of Ranong) ၏ ရနောင်းဆုရသဖြင့် ဆုငွေ (၄၀) ရူပီး နှင့် စာအုပ်များ ဆုချီးမြှင့်ခံရသည်။ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်ကောလိပ်၌ ပညာသင်ကြားခဲ့သည်။ ထိုသို့ ပညာသင်ကြားစဉ် တိရစ္ဆာန်များညှဉ်းပမ်းမှုကာကွယ်တားဆီးရေးအဖွဲ့ (S.P.C.A) အသင်းကကျင်းပသည့် အင်္ဂလိပ်စာစီစာကုံး ပြိုင်ပွဲတွင် တက္ကသိုလ်အဆင့်၌ ပထမရဆုငွေ (၇၅) ရူပီး ရရှိခြင်း၊ ၁၉၀၇ တွင် ဥပစာဒုတိယနှစ် စာမေးပွဲ၌ ပထမရ၍ ဂျာဒင်းဆု (Jardine Prize) ချီးမြှင့်ခံရခြင်း[မှတ်စု ၃]၊ ခရစ်ယာန် ကျောင်းသားများအားချီးမြှင့်သော ကာလကတ္တားတက္ကသိုလ်၏ ဒတ် (Dutt) စကောလားရှစ်ဆု ရရှိခြင်း[မှတ်စု ၄] စသည့်အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

တက္ကသိုလ်ပညာရေးပြင်ဆင်

၁၉၀၈ တွင် ပါဠိပါမောက္ခ ချားလ်ဒူရွိုင်ဇယ်၏ တိုက်တွန်းမှုဖြင့် ပါဠိဂုဏ်ထူးတန်းသို့ တက်ရောက်ခဲ့ကာ ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်စာမေးပွဲဝင်ရန် စာကျက်နေစဉ် စိန်ပေါ အထက်တန်းကျောင်း၏ မေတ္တာရပ်ခံချက်အရ ၈တန်း၊ ၉တန်း ကျောင်းသားများအား ပါဠိဘာသာသင်ပေးသောကြောင့် လစာ (၈၀ကျပ်) ရရှိခဲ့သည်။ ၁၉၁၁ မတ်လတွင် ကာလကတ္တားတက္ကသိုလ်၌ မဟာဝိဇ္ဇာစာမေးပွဲကို ပါဠိဘာသာဖြင့် အောင်မြင်သည်။ ဇွန်လထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁) တွင် ခရစ်ယာန်သာသနာပြု မြန်မာစာ ဆောင်းပါးကို မောင်တင်(ဘီအေ) ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့သည်။

တက္ကသိုလ်ဆရာပြင်ဆင်

၁၉၁၁ အောက်တိုဘာ (၁)ရက်မှ ၁၉၁၂ ဇူလိုင်(၂၃)ထိ ရန်ကုန်ဟိုက်စကူးကျောင်း၌ လစာ (၁၅၀) ကျပ်ဖြင့် အထက်တန်းပြဆရာဖြစ်လာခဲ့၍ ဇူလိုင် (၂၄)တွင် ရန်ကုန်ကောလိပ်၌ ပါဠိပါမောက္ခ ရာထူးခန့်အပ်ခံရသည်။ မြန်မာအမျိုးသားထဲမှ ပါမောက္ခရာထူး ပထမဆုံးရရှိခြင်းဖြစ်ပြီး ထိုစဉ်က အသက်(၂၄)နှစ်သာရှိသေးသည်။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်သောအခါ၌လည်း တစ်ဦးတည်းသော မြန်မာနိုင်ငံသား ပါမောက္ခဖြစ်လေသည်။[၂]

ဆရာဘဝ လုပ်ဆောင်မှုများပြင်ဆင်

ရာထူးအရ ဘားနဒ် အခမဲ့ စာကြည့်တိုက်မှူးတာဝန်နှင့် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အယ်ဒီတာတာဝန်များယူရသည်။ ထိုအချိန်မှစ၍ လန်ဒန်ပါဠိစာပေအသင်းအတွက် စာမူရှာဖွေရေးတာဝန်ကိုပါ ကွယ်လွန်ချိန်ထိ ထမ်းဆောင်ခဲ့သည်။ ဘီအေတန်းအတွက် ပြဋ္ဌာန်းသော ဒီပဝံသမှတ်စုကို ရေးသူဖြစ်သည်။ ၁၉၁၃ တွင် မြန်မာနိုင်ငံသုတေသနအသင်း၌ ရာသက်ပန်အသင်းသားအဖြစ်ဝင်ရောက်ပြီးနောက် ငွေထိန်းအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် A Pali Primer (အခြေပြုပါဠိသဒ္ဒါ) ကို အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေ၍ ဘီအေတန်းအတွက်ပြဋ္ဌာန်းသော "ဓမ္မပဒ" ကို ရောမအက္ခရာဖလှယ်၍ တည်းဖြတ်ထုတ်ဝေသည်။

၁၉၁၅ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်၏ ဘီအေတန်းစာမေးပွဲအတွက် "Millinda Panha" (မိလိန္ဒပဉှာ) ကိုပြုစုထုတ်ဝေပြီးနောက် ဘီအေတန်းအတွက်ပြဋ္ဌာန်းသော "ခုဒ္ဒကပါဌ်" ကိုလည်း အင်္ဂလိပ်ဘာသာဖြင့်ထုတ်သည်။ မြန်မာနိုင်ငံ သုတေသနအသင်း၏ အကျိုးဆောင်အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့ကာ ၁၉၁၆ ခုနှစ် ဇူလိုင်(၅)ရက်တွင် ဖွဲ့စည်းသော မြန်မာစာညွန့်ပေါင်းကျမ်းပြုစုရေး အကြံပေးဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ပါဠိဖတ်စာ (A pali Reader) ၊ ၁၉၂၀ တွင် The Student‘s Pali-English Diclionary (ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ်အဘိဓာန်) စသည်တို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထုတ်ဝေသည်။

အင်္ဂလန်၌ ပညာသင်ခြင်းပြင်ဆင်

စက်တင်ဘာ(၄)ရက်တွင် အင်္ဂလန်သို့ ပညာတော်သင်ထွက်ခွာ၍ အောက်စဖို့ဒ်တက္ကသိုလ် အက်ဇီတာကောလိပ်၌ ပညာသင်ကြားရာ အမည်တူရှိနေ၍ အမည်ရှေ့တွင် ဖခင်အမည်မှ 'ဖေ' ကိုယူ၍ ဖေမောင်တင် ဟူ၍ပြောင်းလဲခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်မှ စာပေဝိဇ္ဇာ (ဘီလစ်) ဘွဲ့ရပြီး ၁၉၂၃ တွင် အောက်စဖို့ဒ်၌ အင်္ဂလိပ်စာပေသမိုင်းကို လေ့လာခဲ့၏ ။ ဒေါက်တာဘလက်ဒင်၏ ရှေးဟောင်းမွန်ကျောက်စာ သင်တန်းတက်ရောက်ခဲ့ပြီး ထို့နောက် အင်းနားတင်ပယ် ဥပဒေကျောင်းတွင် ဆက်လက် ပညာဆည်းပူးသည်။ ၁၉၂၄ ခုနှစ်တွင် လန်ဒန်ရှိ "မြန်မာအသင်း" ဥက္ကဋ္ဌရာထူးကို မြန်မာပြည် ဘုရင်ခံဟောင်း ဆာဟာဗီအဒန်ဆင်နှင့် ယှဉ်ပြိုင် အရွေးခံရာ အနိုင်ရရှိခဲ့သည်။

မြန်မာပြည်သို့ ပြန်ခြင်းပြင်ဆင်

မြန်မာအသင်း ဥက္ကဋ္ဌဖြစ်ပြီးနောက် ဇူလိုင်လတွင် မြန်မာပြည်သို့ပြန်ရန် မြန်မာပြည်အစိုးရက အမိန့်ပေးခဲ့သောကြောင့် ဩဂုတ်လ (၁၃)ရက်နေ့တွင် ရန်ကုန်ပြန်ရောက်လာခဲ့သည်။ စက်တင်ဘာ (၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ဌာမှူးအဖြစ် စတင်ဆောင်ရွက်သည်။ ဌာနမှူးအဖြစ် တာဝန်ယူစဉ် မြန်မာနိုင်ငံသုတေသနအသင်း၏ စာအုပ်ထုတ်ဝေရေးဆပ်ကော်မတီတွင် စာတည်းချုပ်အဖြစ် လုပ်ဆောင်သည်။[မှတ်စု ၅] ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာသင်ကြားမှုစနစ် ချဲ့ထွင်ရန် ဆီးနိတ်အဖွဲ့သို့ အရေးဆိုခဲ့သဖြင့် ဆီးနိတ်မှ ကျောင်းသားတိုင်း မြန်မာစာ တန်းနိမ့်ကို မသင်မနေရ ဘာသာအဖြစ် ဥပဒေပြဋ္ဌာန်းစေခဲ့ရသည်။

လုပ်ဆောင်ချက်များပြင်ဆင်

ရန်ကုန်တက္ကသိုလ် မြန်မာစာဝိဇ္ဇာ ဂုဏ်ထူးတန်းကို ဦးဆောင်ဖွင့်လှစ်ခဲ့ကာ ၁၉၂၇/၂၈ တွင် မြန်မာစာ မဟာဝိဇ္ဇာ ဂုဏ်ထူးတန်းကိုလည်း ဖွင့်လှစ်ခဲ့ပေသည်။ သုတေသနအသင်း စာတည်းနှင့် စာကြည့်တိုက်မှူးတာဝန်ကို ပါမောက္ခလုစ် နှင့်အတူတွဲဖက် တာဝန်ယူခဲ့လေသည်။ ၁၉၂၈ တွင် ဂျေအက်စ်ဖါနီမယ် ဦးဆောင်သော မြန်မာနိုင်ငံပညာပြန့်ပွားရေး အသင်းကို တည်ထောင်ရာတွင်ပါဝင်ခဲ့၏ ။

"ဖါနီမယ်" အင်္ဂလန်သို့ ပြန်သွားစဉ် "ဂန္တလောက မဂ္ဂဇင်း"ကို သူကြီးဂေဇက် ဦးခင်မောင်နှင့်အတူ ကြီးကြပ်တည်းဖြတ်ခဲ့သည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အသစ်အတွက် ရောက်ရှိလာသော ဆိုင်မွန်ကော်မရှင်သို့ တက္ကသိုလ်ကောလိပ်များတွင် ဘာသာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားသင့်ကြောင်း အကြံပေးစာတမ်းတင်သွင်းသည်။ ၁၉၃၃ မှ ၁၉၃၇အထိ မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်၏ စာတည်းတာဝန်ကိုထမ်းဆောင်ခဲ့သည်။

၁၉၃၅ ၌ ပထဝီဝင်ဝေါဟာရများ ကို ဦးဘလွင်၊ ပါမောက္ခဘီစလေ တို့နှင့်အတူ ပြုစုရေးသားခဲ့သည်။ ၁၉၃၇ ဇွန် (၁၉) တွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံရပြီး ထိုနှစ်မှစ၍ ၁၉၄၀ အထိ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၏ အထွေထွေစာတည်းမှူး အဖြစ်တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌ တာဝန်ကိုလည်း နှစ်အနည်းငယ်ကြာကြာ အမှုထမ်းခဲ့သည်။ ၁၉၄၃ မှ ၁၉၄၅ ကာလအတွင်း ဂျပန်ခေတ် ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံခဲ့ရပြီး ၁၉၄၅ ၌ မြန်မာနိုင်ငံ ခရစ်ယာန်စာပေအသင်း ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇-၁၉၄၈ တွင် သက်ကြီးတက္ကသိုလ်၌ ပထမဦးဆုံး ကျောင်းအုပ်ကြီးဖြစ်လာခဲ့ကာ ၁၉၄၈ ဩဂုတ် (၁) မှ ၁၉၅၀ မေ (၃၀) ထိ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါဠိပါမောက္ခ အဖြစ်ခန့်အပ်ခြင်း ခံရသည်။

၁၉၄၉ ဩဂုတ် ၃၀ တွင် ပညာရှင်(၂၉၂) ဦးပါဝင်သော မြန်မာနိုင်ငံ ဘာသာပြန် သုခမိန်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ မေလတွင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန၌ ဂုဏ်ထူးဆောင်မြန်မာစာပါမောက္ခအဖြစ် တာဝန်ပေးအပ်ခံရကာ ၁၉၆၃ ဒီဇင်ဘာတွင် ပညာရေးဝန်ကြီးဌာန မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ၁၉၆၄ တွင် သမိုင်းကော်မရှင် ဥက္ကဋ္ဌ စသည့်တာဝန်များယူခဲ့သည်။

မေလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ကျင်းပသော အာရှ ခရစ်ယာန်ကောင်စီကွန်ဖရင့်သို့ တက်ရောက်ခြင်း၊ ယဉ်ကျေးမှုဝန်ကြီးဦးချစ်သောင်း ဦးဆောင်သော ယဉ်ကျေးမှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သို့သွားရောက်ခဲ့ခြင်းများလည်း ရှိသည်။

ကွယ်လွန်ခြင်းပြင်ဆင်

၁၉၇၃ - မတ်လ(၂၂)ရက်၊ ကြာသပတေးနေ့ နံနက်အသက်(၈၅)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။

ဘာသာပြန်ဆိုမှုများပြင်ဆင်

ဦးဖေတင်မောင်သည် ၎င်း၏သက်တမ်းတစ်လျှောက် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားများကို ကျွမ်းကျင်သည့်အတွက် ထိုဘာသာစကားများသို့ ပြန်ဆိုခြင်းများစွာ ဆောင်ရွက်ခဲ့သည်။ အဌသာလိနီ ပထမတွဲနှင့် ဒုတိယတွဲကို လန်ဒန် ပါဠိစာပေအသင်းမှ ထုတ်ဝေခဲ့ကာ မှန်နန်းရာဇဝင်တော်ကြီး (အတွဲ- ၃၊ ၄၊ ၅ - ပုဂံခေတ်ပိုင်း)ကို Glass Palace Chronicle‎ အမည်ဖြင့် ပါမောက္ခလုစ် နှင့်တွဲ၍ အင်္ဂလိပ်ဘာသာပြန်ခဲ့ပြီး လန်ဒန် အောက်စဖိုဒ့်တက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေသည်။ ၁၉၂၅ မှ ၁၉၃၁ အတွင်း ဝိသုဒ္ဓိမဂ် (ပ၊ ဒု၊ တ အပိုင်းများ) (The Path of Purity, part 1, 2, 3) ကို အင်္ဂလိပ်ဘာသာဖြင့်ပင် လန်ဒန် ပါဠိစာပေအသင်းမှ ထုတ်ဝေသည်။

၁၉၂၅ ၌ "မြန်မာသဒ္ဒဗေဒဖတ်စာ" စာအုပ်ကို သဒ္ဒဗေဒပါမောက္ခ မစ္စစ်အီးအမ်ထရောင်းနှင့်အတူ အင်္ဂလိပ်ဘာသာဖြင့် တွဲဖက်၍ပြုစု၍ လန်ဒန်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ပုဂံကျောက်စာညွန့်ပေါင်းကို ပါမောက္ခလုစ် နှင့်တွဲ၍ ပြုစုထုတ်ဝေခဲ့၏ ။ ၁၉၃၀ တွင် ရန်ကုန်တက္ကသိုလ်နှင့်စပ်လျဉ်းသော အင်္ဂလိပ်ဘာသာစကား အခေါ်အဝေါ်များကို မြန်မာပညာရှိများနှင့် ညှိနှိုင်း၍ ဦးဆောင်မြန်မာပြန်သည်။ ထို့နောက် ၁၉၃၁ ၌ ပါဠိဖတ်စာ ကို မြန်မာဘာသာဖြင့် ပြုစုထုတ်ဝေသည်။ ၁၉၅၅ တွင် ကျောင်းသုံးမြန်မာသဒ္ဒါကို အထက်တန်းများအတွက် ရည်ရွယ်ရေးသားခြင်း၊ မြစေတီကျောက်စာရွှေစည်းခုံ မွန်ကျောက်စာ ၊ ကျန်စစ်သားမင်းတရားကြီး၏ ခုန်းတော်မွန်ကျောက်စာ တို့ကို မြန်မာပြန်၍ တည်းဖြတ်ထုတ်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

"Prayer and Meditation" (ဆုတောင်းခြင်းနှင့်ဘာဝနာ) စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစု၍ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီက ၁၉၆၀ ၌ လည်းကောင်း ၁၉၆၄ တွင် ဗုဒ္ဓဘာသာဆုတောင်းပုံနှင့် ဘာဝနာပွားပုံ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကို လန်ဒန် (S.P.C.K) က လည်းကောင်း ပုံနှိပ်ထုတ်ဝေလေသည်။ ၁၉၇၀ ဒီဇင်ဘာတွင် လန်ဒန်ပါဠိအသင်းကြီး၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံမှ ပါဠိ အဌကထာ အုပ်ရေ (၅၀) ကို အင်္ဂလိပ်ဘာသာပြန်ဆိုရေးအဖွဲ့၌ အယ်ဒီတာအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ကာ ဗုဒ္ဓဝံသအဌကထာ ကို ကုသိုလ်ဖြစ် ဘာသာပြန်ဆိုရန်တာဝန်ယူခဲ့လေသည်။၁၉၇၃ ဖေဖော်ဝါရီ(၂၀)တွင် လယ်တီဆရာတော်၏ မြန်မာပြန်မူ ဓမ္မစက္ကပဝတ္တနသုတ် နှင့် အနတ္တလက္ခဏသုတ် ကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည်။[မှတ်စု ၆]

ဂုဏ်ပြုမှုများပြင်ဆင်

ဝိသုဒ္ဓိမဂ္ဂကျမ်းကို အင်္ဂလိပ်ဘာသာပြန်ဆိုသည့်အတွက် ထိုင်းဘုရင်က ပေါင် ၁၀ဝ၀ ဆုချီးမြှင့်သည်။ ဆုငွေအားလုံးကို လန်ဒန်ပါဠိအသင်းသို့ လှူဒါန်းခဲ့သည်။ ၁၉၄၇ တွင် ရန်ကုန်တက္ကသိုလ်က အငြိမ်းစားလစာငွေ ၇၀ဝကျပ် အပြင် မြန်မာစာပေနှင့် ပါဠိစာပေ ပါမောက္ခတာဝန်ထမ်းဆောင်စဉ် မြန်မာစာပေတိုးတက်ရေး အစဉ်တစိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ပြုငွေ လစဉ်၅၀ဝကျပ် ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

  • ၁၉၅၂ တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် (L.L.D) ပါရဂူဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
  • ၁၉၅၈ တွင် အမေရိကန်ပြည်ထောင်စု၊ ရှီကာဂိုတက္ကသိုလ်က (the University of Chicago) က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့သည်။[၂]

ဆွေးနွေးပို့ချမှုများပြင်ဆင်

၁၉၅၇ အောက်တိုဘာ (၅) ရက်တွင် အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ် ခရစ်ယာန်သမ္မာကျမ်းစာဌာန၌ ဗုဒ္ဓတရားသင်ကြားပို့ချရန် ရန်ကုန်မှထွက်ခွာခဲ့ကာ ၁၉၅၉ ဇန္နဝါရီ (၂) ရက်တွင် ကျန်းမာရေး အခြေအနေကြောင့် မြန်မာပြည်ပြန်လာခဲ့ရလေသည်။ ၁၉၆၆ ဧပြီလတွင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသနှင့် အနတ္တတရားတော်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ မန္တလေးမြို့ ကယ်လီဘုရားကျောင်း ခရစ်ယာန်ကွန်ဖရင့်တွင် ဗုဒ္ဓဘာသာဆိုင်ရာ မဂ္ဂင်ရှစ်ပါးအကြောင်းဟောပြောခဲ့၏ ။

မိသားစုပြင်ဆင်

၁၉၂၈ ဇွန် (၉) ရက်တွင် သာယာဝတီမြို့၊ အင်္ဂလီကန်ဘုရားရှိခိုးကျောင်း၌ ဘိလပ်ပြန်ဝတ်လုံတော်ရ ဦးဖိုးဒန်၊ ဒေါ်မြကြီးတို့၏ သမီး ကြည်ကြည် (Edith) နှင့် လက်ထပ်ခဲ့သည်။ လက်ထပ်ချိန်တွင် အသက် (၄၀) ရှိပြီဖြစ်သည်။[၃][၄] အငယ်ဆုံးသမီးဖြစ်သူ တင်တင်မြိုင် (Brenda) သည် ပြင်သစ်ဘာသာစကား၊ ပြင်သစ်စာပေ ပညာရှင်တစ်ဦးဖြစ်၍ စကြည့်တိုက်မှူးလည်းဖြစ်သည်။[၅]

ဦးဖေတင်မောင်သည် ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစုသူ ဦးထွန်းညိမ်း၏ တူဖြစ်၍ မိခင်ဖက်မှ အဖိုးတော်စပ်သူမှာ တောင်ခွင်သာသနာပိုင် ဦးဝိသုဒ္ဓ သီလာစာရ ဖြစ်သည်။[၂]

လေ့လာခြင်းသုံးသပ်ခြင်းပြင်ဆင်

ထူးချွန်မှုပြင်ဆင်

ဦးဖေမောင်တင်သည် မြန်မာနိုင်ငံ ပထမဆုံး တက္ကသိုလ် ပါမောက္ခ ဖြစ်သည်။ ထို့အပြင် အသက် ၂၄ နှစ် အရွယ်တည်းက ပါမောက္ခဖြစ်ခဲ့သော ဦးဖေမောင်တင်သည် ငယ်စဉ်ကတည်းက မြန်မာတနိုင်ငံလုံးတွင် ပထမဆုနှင့် စကောလားရှစ်များရရှိခဲ့၍ ပညာထူးချွန်သည်။ ဘီ-အေ အောင်သောနှစ်က စုစုပေါင်း ဘီအေအောင်သူ ၉ ယောက်သာရှိခဲ့သောကြောင့် ပညာတတ်များအလိုရှိသော ဗြိတိသျှအစိုးရက အိမ်တိုင်ရာရောက် လိုက်ခေါ်ပြီး ရာထူးကြီးများ ပေးအပ်သော်လည်း ဦးဖေမောင်တင်က စိတ်ဝင်စားမှုမရှိခဲ့ပေ။ အစိုးရအထက်တန်းကျောင်းတွင် တစ်နှစ်ခန့် ဆရာဝင်လုပ်ပြီးမှသာ ပါမောက္ခအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည် ။

ဆောင်ရွက်ကြိုးပမ်းမှုများပြင်ဆင်

ရန်ကုန်ကောလိပ်တွင် ပါမောက္ခလုပ်နေစဉ်တွင်လည်း မြန်မာကျောင်းသားများဘက်မှ အမြဲရပ်တည်ကာ ရန်ကုန်တက္ကသိုလ် တည်ထောင်ပေးရန်လည်း ရှေ့တန်းမှ တောင်းဆိုခဲ့သည်။ ကျောင်းသားခေါင်းဆောင်များကို အရေးယူခိုင်းသောအခါ သူတို့သည် အစိုးရကို ဆူပူခြင်းသာဖြစ်သည်၊ ကျောင်းနှင့်မဆိုင်ဟုဆိုပြီး အရေးယူဖို့ ရဲရဲတင်းတင်းငြင်းဆန်၍ ကျောင်းသားများဘက်က ရပ်တည်ပေးခဲ့သည် ။ ထို့အပြင် တို့ဗမာအစည်းအရုံးကိုလည်း တိတ်တဆိတ် အားပေးခဲ့သေးသည်ဟု ဆိုသည်။ နိုင်ငံချစ်စိတ်အပြည့်ရှိသော ဆရာကြီးသည် ယူနီဗာစတီ ဟူသော အသုံးအနှုံးကို တက္ကသိုလ် ဟု ပြောင်းလဲခေါ်ဝေါ်နိုင်ရန် လုပ်ဆောင်ခဲ့သည် ။ မြန်မာတိရိစ္ဆာန်ရုံရှိ တိရိစ္ဆာန်များအား မြန်မာဝေါ်ဟာရဖြင့် ခေါ်နိုင်ခြင်းသည်လည်း ဆရာကြီး၏ ကြိုးပမ်းမှုကြောင့်ပင် ဖြစ်သည် ။

စာပေ၊ ယဉ်ကျေးမှုပြင်ဆင်

အင်္ဂလန် ပြင်သစ် စသောနိုင်ငံများသို့ သွားရောက်ခဲ့စဉ် သူတို့ ဘာသာစကား ဓလေ့ထုံးစံကို တလေးတစား အလေးထားကြသည်ကို မြင်တွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မြန်မာစာပေမြန်မာ့ယဉ်ကျေးမှု မျက်နှာငယ် ညှိုးရော်နေသည်ကို မကြည့်ရက်နိုင်ဖြစ်လာခဲ့သည် ။ ထို့ကြောင့် တက္ကသိုလ်တွင် မြန်မာစာဌာန ထားရှိရန် ၊ တက္ကသိုလ်ရှိ ဥပစာတန်း ၊ ဝိဇ္ဇာတန်း ၊ ဂုဏ်ထူးတန်း ၊ မဟာဝိဇ္ဇာတန်းတို့တွင် မြန်မာစာပေ သင်ကြားရန် ဆောင်ရွက်ခဲ့သည် ။ ထိုသို့ကြိုးပမ်းရာတွင် မြန်မာစာဟောင်း ပေဟောင်းများကို ကိုယ်တိုင်လေ့လာဆည်းပူး စုဆောင်း၍၊ မြန်မာစာပေလောကတွင် ထူးချွန်သော လူတော်များနှင့် ပူးပေါင်းခဲ့သည် ။ မြန်မာစာတမ်း စာအုပ်စာပေ ကျောင်းသုံးစာအုပ်များကိုလည်း ကိုယ်တိုင်ရေးသားခဲ့သည် ။ အစိုးရကျောင်းများတွင်လည်း မြန်မာ့စာပေကို နောင်လာနောက်သားများ လေ့လာစည်းပူးနိုင်ရန် ဦးဩဘာသဝေဿန္တရာဇာတ်တော်ဦးဖိုးကျားမြန်မာ့ဂုဏ်ရည် ၊ ဦးခ၏ ချွေတာခြင်း စသည်တို့ကို ရဲဝံ့စွာ ပြဋ္ဌာန်းပေးခဲ့သည် ။ ခရစ်ယာန်သာသနာပြုကျောင်းများက ထိုသင်ရိုးညွှန်းတန်းများကို အတိုက်အခံပြုသောအခါ ကိုယ်တိုင် ခရစ်ယာန်ဘာသာဝင်ဖြစ်သော ၊ ဘက်လိုက်မှုကင်းသော ၊ အမှန်တရားကိုသာ အလေးထားသော ဆရာကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ဗုဒ္ဓဘာသာတိုင်းပြည်မှာ လာနေတဲ့အတွက် ဗုဒ္ဓဘာသာအကြောင်း သင်ရတာ အလွန်သဘာဝကျပါတယ် ။ ကျေးဇူးတင်ဖို့တောင် ကောင်းပါသေးတယ်”

ဗြိတိသျှအာဏာပိုင်များက ပို့သောကြောင့် အောက်စဖို့ဒ်တက္ကသိုလ် တွင် သွားရောက်ပညာသင်ကြားစဉ် လူအများ မအောင်မြင်နိုင်ဟု ထင်သော အလွန်ခက်ခဲနက်နဲလှသော ဝိသုဒ္ဓိမဂ်နှင့် အဌသာလိနီ ကျမ်းနှစ်စောင်ကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။ ထိုသို့ ကျမ်းများကို ဘာသာပြန် ဆိုရာတွင် အလွန်ထူးချွန်သောကြောင့် နိုင်ငံခြားသားများက ဦးဖေမောင်တင်အား “သူတော်စင်” ၊ “ပါဠိဒေဝီ” ဟု ချီးမွန်းခေါ်ဝေါ်သည့်အပြင် ယိုးဒယားဘုရင်ကလည်း ဆု ရွှေဒင်္ဂါးပေါင် တစ်ထောင် ချီးမြင့်ခဲ့သည် ။ ဂျာမန်လူမျိုးတစ်ဦးသည် ဆရာ ဘာသာပြန်ထားသော ကျမ်းကို ကိုးကား၍ ဂျာမန်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည်။[which?]

ဆရာသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးကိုလည်း အထူးလိုလားရာ မြန်မာစာပေကို တိုင်းရင်းသားများထံ ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် အချင်းချင်း နားလည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ သွေးစည်းမှုတို့ ရနိုင်မည်ဟုလည်း ယုံကြည်ခဲ့သည် ။[၁]

ဦးဖေတင်မောင်သည် မြန်မာတို့၏ ရိုးရာအစဉ်ဆက်များကို အနောက်တိုင်း၏ ခေတ်ဆန်မှုနှင့် ပေါင်းစပ်ညှိနှိုင်းရန် ၎င်းတွင်ရှိသော အရည်အချင်းများကို အသုံးပြုရန်ကြိုးပမ်းခဲ့သည်။ ကိုလိုနီခေတ်က ထင်ရှားသော ပညာရှင်တစ်ဦးအနေဖြင့် တိုင်းပြည်၏ စာပေအရာတွင် ၎င်း၏ လွှမ်းမိုးသက်ရောက်နိုင်မှုကို အသုံးချ၍ ယဉ်ကျေးမှုဝိသေသများဆုံးရှုံးစေခြင်းမရှိဘဲ မြန်မာဆိုသည်ကို ကမ္ဘာနှင့် ဆက်စပ်၊ ဆက်သွယ်ရန် ကြိုးပမ်းသည်။ ထိုသို့ပြုမှုအားထုတ်ခြင်းကို လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော လူငယ်တော်လှန်ရေးသမားများကသာ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်ခံကြိုဆိုကြသည်။ သခင်လှုပ်ရှားမှုအတွက် နဂါးနီစာပေအသင်းကိုတည်ထောင်သည်မှာလည်း နိုင်ငံရေးတော်လှန်လှုပ်ရှားမှုတစ်ခုကို ယဉ်ကျေးမှုနည်းလမ်းက ထောက်ပံ့ခြင်းတစ်ခုဖြစ်သည်။ ထိုခေတ်အခါက စာပေ နှင့် နိုင်ငံရေးမျိုးချစ်စိတ်များကို နှိုင်းယှဉ်ပါက ဦးဖေမောင်တင် ထောက်ခံအားပေးသော ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲမှုကို "အလွှာစုံ (သို့) ကျယ်ပြန့်" သည်ဟု ဆိုနိုင်သည်။ နိုင်ငံတွင်ပြဌာန်းသော ကျောင်းသုံးစာအုပ်များသာမက ခရစ်ယာန်ဘာသာ တရားဟောဆရာတို့၏ ရွတ်ဆိုသောစာများတွင်လည်း ရောနှောထားသော ယဉ်ကျေးမှုသဘောများ ပါဝင်စေရန် အားပေးခဲ့သည်။ ဤစိတ်သည် မြန်မာစာပေ၊ ယဉ်ကျေးမှုးကို ချစ်မြတ်နိုးစိတ်မှ ပေါက်ဖွားလာ၍ ပညာနှင့်ပတ်သက်၍ စူးစမ်းတတ်သော ဥရောပဓလေ့ အမြင်ယူဆမှုများက ကျားကန်ပေးထားသည်။[၆]

ထိုခေတ်က အခြားသော ထူးချွန်သူများကဲ့သို့ နိုင်ငံ၏ လူမှုအဖွဲ့အစည်းအတွင်း လိုအပ်ချက်များကို ပညာရေးဖြင့် ဖြည့်စွက်ပေါင်းကူးပေးရန် ကြိုးပမ်းခဲ့သကဲ့သို့ ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုမှုများဖြင့်လည်း ဖြည့်ဆည်းရန်ကြိုးပမ်းခဲ့သည်။ ဤကဏ္ဍ၌ အခြားသူများကဲ့သို့ပင် ကျယ်ပြန့်သော အောင်မြင်မှုမရရှိခဲ့ပေ။ သို့သော် စာပေအရာကို အဆင့်တစ်ခု အထိရောက်ရှိစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

ဘာသာရေးပြင်ဆင်

ဘာသာရေးနှင့် ပတ်သက်၍လည်း ကိုင်းရှိုင်းသော ခရစ်ယာန်ဘာသာဝင်ဖြစ်သောလည်း ဗုဒ္ဓဘာသာကို ကြီးမားထက်သန်စွာလေးစားခဲ့သည်။ ထိုသို့လေးစားယုံဖြင့်ရပ်တန့်မနေဘဲ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ စာတမ်းများ၊ ခက်ခဲသည့်ကျမ်းစာများကို ဘာသာပြန်ဆိုရေးသားခဲ့သည်။ သက်သေမှာ အလွန်တရာခက်ခဲသော ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို အင်္ဂလိပ်ဘာသာသို့ အပိုင်းသုံးပိုင်းဖြင့် ပြန်ဆိုခဲ့သည်။ ဤလက်ရာနှင့် ပတ်သက်၍ စီ အော ရီးစ် ဒေးဗစ်​က နောက်ဆုံးပိုင်း၌ ယခုကဲ့သို့ရေးသားခဲ့သည်။

"ပစ္စုပန်၊ အနာဂတ် စာဖတ်သူ ဤနှစ်တန်တို့အား ပါဠိစာပေအသင်းကိုယ်စား ယခုလို ဖော်ပြချင်ပါသည်။ ဘာသာပြန်သူသည် စိတ်ရှည်မှုရှိသည်။ အမြဲတသမတ်ဖြင့် အနိုင်မခံလိုသော ဇွဲနဘဲရှိဖြင့် ပြီးစီးအောင် ရေးသားခဲ့သည်။ ဤသည်ကို အလွန်တရာ အသိမှတ်ပြုပါသည်။ ဤစာအုပ်သည် အလွန်ပင်ပန်း ခက်ခဲသော အားထုတ်မှုကြီးပြီးနောက် ယခုဆိုလျှင် ဆင်မြန်းနိုင်သည့် အဆင်တန်ဆာဖြစ်လာခဲ့လေပြီ။ ဤသို့ဖြစ်လာခဲ့ရန် ကျွန်မတို့ ယခင်က ရှာဖွေခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ပါ။ ဤဆရာသည် ယခုထိမတွေနိုင်သေးသော အမှန်စင်စစ် အရည်အချင်းပြည့်စုံ ကျွမ်းကျင်သူတစ်ဦးပင်ဖြစ်၏ ။ နောက်ဆုံးမှာတော့ ကျွန်မတို့ ဤဆရာကို တွေ့ရလေပြီဖြစ်၍ သူ့ရဲ့ စွမ်းအင်၊ အချိန်၊ အရည်အချင်းများကို အမြတ်လည်းထုတ် အသုံးချနိုင်ခဲ့ပြီဖြစ်သည်။ အကြောင်းမှာ ယခုဆိုလျှင် ဤလက်ရာသည် အဆင့်မြင့်မြင့် ပညာရပ်ဆန်ဆန်ဖြင့် ဘာသာရေးစာပေကြီး တစ်ခုဖြစ်လာခဲ့ပြီ။ — ကျွန်မတို့ ထိုစာပေလက်ရာအပေါ် ကျက်စားကြပါမည် — ခက်ခဲမှုများစွာပါရှိသော ဤလက်ရာကို လေ့လာကြပါမည်။"

[၂]

ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ကျွမ်းကျင်သောကြောင့် အများစုက ဆရာသည် လူထွက်ရဟန်း တစ်ပါးဖြစ်နိုင်သည်ဟု ထင်မြင်ကြ၍ ခရစ်ယာန်ဘာသာတစ်ဦးအဖြစ် သိသူနည်းပေသည်။ မြန်မာ ခရစ်ယာန်အသင်းတော် ခရစ်ယာန်စာပေအဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ တစ်ခါ၌ ကျောင်းသားတစ်ဦးက ဆရာသည် ဗုဒ္ဓဘာသာနှင့် လွန်စွာရင်းနှီးသောကြောင့် ဘာသာပြောင်းရန်တောင်းဆိုမေးမြန်းရာ ဦးဖေမောင်တင်က သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ခဲ့သည်မှာ လွန်စွာကြာမြင့်ခဲ့ပြီဖြစ်၍ ထိုအသက်အရွယ်ရောက်မှ ဇနီးဟောင်းကို စွန့်ခွာ၍ ဇနီးသစ်မရှာချင်တော့ပါ ဟုဖြေကြားခဲ့သည်။

စာပေလက်ရာများပြင်ဆင်

ပညာရေးပြင်ဆင်

  • မြန်မာစာဖတ်စာများ (၁၉၂၇-၁၉၃၉၊ သူငယ်တန်း-ပဉ္စမတန်း)
  • မူလတန်း မြန်မာကြည့်စာ ၃ တွဲ (ပညာမင်းကြီး ဦးချိုနှင့်အတူ)
  • 'အခြေပြု ပါဠိသဒ္ဒါ
  • အထက်တန်းမြန်မာစကားပြေ ကောက်နှုတ်ချက်များ (ပ-တွဲ)
  • အထက်တန်းမြန်မာကဗျာ ကောက်နှုတ်ချက်များ
  • 'မြန်မာဝါကျဖွဲ့ထုံးကျမ်း
  • A pali Reader (ပါဠိဖတ်စာ) (အင်္ဂလိပ်ဘာသာဖြင့်)
  • The Student‘s Pali-English Diclionary (ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ်အဘိဓာန်) (အင်္ဂလိပ်ဘာသာဖြင့်)
  • ကျောင်းသုံးမြန်မာသဒ္ဒါ
  • အလယ်တန်းမြန်မာသဒ္ဒါ
  • 'တန်းမြင့်သဒ္ဒါနှင့် အသုံးအနှုန်း

ပညာရပ်ပြင်ဆင်

  • ထိုင်းဘုရင်မြန်မာကျောက်စာများ (၅-တွဲ) (ပါမောက္ခလုစ်နှင့်အတူ)
  • မြန်မာစာပေသမိုင်း
  • ဇမ္ဗူဒီပဥဆောင်းကျမ်း (ဒေါက်တာ ဂျေအက်စ်၊ဖါနီမယ်နှင့်အတူ)
  • မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများ
  • မြန်မာသဒ္ဒဗေဒဖတ်စာ (သဒ္ဒဗေဒပါမောက္ခ မစ္စစ်အီးအမ်ထရောင်းနှင့်အတူ)
  • မြစေတီကျောက်စာ (မြန်မာပြန် တည်းဖြတ်)
  • ရွှေစည်းခုံ မွန်ကျောက်စာ (မြန်မာပြန် တည်းဖြတ်)
  • ကျန်စစ်သားမင်းတရားကြီး၏ ခုန်းတော်မွန်ကျောက်စာ (မြန်မာပြန် တည်းဖြတ်)

ဘာသာရေးပြင်ဆင်

  • ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဆိုင်ရာ ပြဿနာအချို့
  • ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှိုင်းယှဉ်လေ့လာချက်
  • ဘာသာလောကကျမ်း
  • ဗီးဂျီရှာဗန်၏ ဓမ္မဟောင်းဖတ်နည်း (မြန်မာဘာသာဖြင့်)
  • The Expositor (Atthasalini-အဌသာလိနီ) (အင်္ဂလိပ်ဘာသာဖြင့်)
  • The Path of Purity (ဝိသုဒ္ဓိမဂ်) (အင်္ဂလိပ်ဘာသာဖြင့်)
  • Prayer and Meditation (အင်္ဂလိပ်ဘာသာဖြင့်)
  • ဗုဒ္ဓဘာသာဆုတောင်းပုံနှင့် ဘာဝနာပွားပုံ (အင်္ဂလိပ်ဘာသာဖြင့်)
  • ထေရဝါဒဗုဒ္ဓဘာသာ (စာတမ်း)
  • ဓမ္မစက္ကပဝတ္တနသုတ် (အင်္ဂလိပ်ဘာသာဖြင့်)
  • အနတ္တလက္ခဏသုတ် (အင်္ဂလိပ်ဘာသာဖြင့်)
  • ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုးထောမနာ ၁၂ဂါထာ (အင်္ဂလိပ်ဘာသာဖြင့်)
  • ရွှေကျင်ဆရာတော်ဝိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ(၇၅)ဂါထာအနက် (၅၅)ပုဒ် (အင်္ဂလိပ်ဘာသာဖြင့်)

အခြားပြင်ဆင်

  • ဒေဝကုမ္ဘာန် ပြဇာတ် (ပုဂံဝန်ထောက်ဦးတင်နှင့်အတူ)
  • ခေတ်စမ်းပုံပြင်များ
  • ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော်
  • ဦးကြင်ဥ၏ ပဒေသာသီချင်း
  • ရွှေတောင်နန္ဒမိတ်၏ စလင်းမင်းမောင် ပေါင်းချောင်ဧချင်း

မှတ်စုပြင်ဆင်

  1. မြန်မာသက္ကရာဇ်မှာ ၁၂၅ဝ ပြည့်နှစ် ကဆုန်လပြည့် ဖြစ်၏ ။
  2. ဦးဖေသည် အင်းစိန် တိမွေးကု-ဌာန ရုံးအုပ်စာရေးကြီးဖြစ်သည်။
  3. တစ်လလျှင် ဆုငွေ (၁၆) ရူပီး ရရှိသည်ဟု ဖော်ပြသည်။
  4. တစ်လလျှင် ဆုငွေ (၁၅) ရူပီး ရရှိသည်
  5. ၁၉၄၁ ခုနှစ်တိုင်အောင် အသင်းအတွက်စာအုပ် (၄၆)မျိုးတည်းဖြတ်ထုတ်ဝေခဲ့သည်
  6. ယင်းစာမူကို ၁၉၇၈တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် (၃) ဘာသာဖြင့် ပုံနှိပ်ခဲ့၍ ၁၉၉၃တွင် ဒု-အကြိမ်ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ မင်းယုဝေ၏`ပထမမြန်မာများ´
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Hans-Bernd zöllner (ed.) & Gerhard Köberlin (co ed.) (2006). 37 Biographies of Myanmar Protestant Christians. Hamburg: A joint venture of Judson Research (Ygn), EME (Germany) & Christian Friends of Myanmar (Germany), 1-5။ 
  3. Allott၊ Anna (2004)။ Professor U Pe Maung Tin (1888–1973) - The Life and Work of an Outstanding Burmese Scholar 9–11, 15, 17–19, 21–22, 24–26။ The Journal of Burma Studies, Northern Illinois UniversityDOI:10.1353/jbs.2004.0001
  4. U Pe Maung Tin ( 1888–1973 )University of Washington Libraries (2001)။ 15 August 2011 တွင် ပြန်စစ်ပြီး။
  5. Planet Burma။ 2008-12-04 တွင် ပြန်စစ်ပြီး။
  6. Gerhard Köberlin and Hans-Bernd Zöllner (31 January 2019)။ Biographien Projekt, Pe Maung Tin (1888 – 1973)