မဟာဓမ္မရာဇာဓိပတိ

ညောင်ရမ်းမင်း

အင်းဝပြည့်ရှင် သီရိပဝရ မဟာဓမ္မရာဇာ ဓိပတိဘွဲ့ခံ တနင်္ဂနွေမင်း၏ သားတော်ဖြစ်၍ ခမည်းတော်၏ အရိုက်အရာကို ၁ဝ၉၅ ခုနှစ်တွင် ဆက်ခံစိုးစံသည်။ မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံ၍ လောကသရဖူဒါယကာဟူ၍လည်းကောင်း၊ ကြာသပတေးမင်းဟူ၍ လည်းကောင်း တွင်၏။ ညောင်ရမ်းခေတ် နောက်ဆုံးမင်းလည်း ဖြစ်၏။ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံမင်း(၁၇၃၃-၁၇၅၂)သည် သမိုင်းတွင် ဟံသာဝတီရောက်မင်း ဟူ၍လည်းကောင်း၊ လောကသရဖူဒါယကာမင်း ဟူ၍လည်းကောင်း ကျော်ကြားလေသည်။

မဟာဓမ္မရာဇာဓိပတိ
ညောင်ရမ်းမင်းဆက်
နန်းသက်၁၄ နိုဝင်ဘာ ၁၇၃၃ – ၂၂ မတ် ၁၇၅၂
နန်းတက်ချိန်၈ ဇန်နဝါရီ ၁၇၃၅
ရှေ့မင်းဆက်တနင်္ဂနွေမင်း
ဆက်ခံသူအလောင်းဘုရား
မွေးဖွားc. ၂၉ မတ် ၁၇၁၄
ကြာသပတေးနေ့ c. နှောင်းတန်ခူးလပြည့် ၁၀၇၅ ကောဇာသက္ကရာဇ်[မှတ်စု ၁]
အဝ
ကွယ်လွန်၁၃ အောက်တိုဘာ ၁၇၅၄[] (သက်တော် ၄၀)
တနင်္ဂနွေ သီတင်းကျွတ်လဆန်း ၁၂ ရက် ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်
ပဲခူးအနီး
ကြင်ရာတော်မဟာဇာနိန္ဒဓိပတိဒေဝီ
မဟာရာဇဓိပတိဒေဝီ
မဟာဓိပတိဒေဝီ
စံအိမ်တောင်ငူမင်းဆက်
ခမည်းတော်တနင်္ဂနွေမင်း
မယ်တော်သီရိမဟာမင်္ဂလဒေဝီ[]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

နန်းဆက်ခံခြင်း

ပြင်ဆင်ရန်

တနင်္ဂနွေမင်းလွန်ချိန်က ညီတော် သရက်စားမင်းသားမှာ အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူအဖြစ် အများကလက်ခံပြီး လိုလားခဲ့ကြသည်။ သို့သော် သီရီဇေယျနော်ရထာဘွဲ့ခံ နန်းရင်းဝန်ကြီး ဦးပုက ဦးဆောင်ကာ အသက်(၁၆)နှစ်အရွယ် မင်းသားငယ်ကို ဝိုင်းဝန်းနန်းတင်လိုက်ရာမှ မဟာဓမ္မရာဇာဓိပတိဘွဲ့ဖြင့် ၂၃၊ နိုဝင်ဘာ၊ ၁၇၃၃ တွင် အင်းဝနန်းကို စိုးစံရသည်။ ထိုမင်းသည် ရာဇဝင်၊ ပုံပြင်၊ ဗေဒင်၊ ဂဏန်း၊ ဗဟုသုတ၊ စောင်းညှင်း စသော အတီးအမှုတ်တို့နှင့်တကွ ကဗျာလင်္ကာရေးသားစပ်ဆိုရာ၌ များစွာ ကျွမ်းကျင်တော်မူ၏။ သို့သော် တိုင်းရေးပြည်မှုတို့ကို များစွာ ဂရုမစိုက်၊ သောက်စားပျော်ပါးမှုတို့နှင့်သာ အချိန်ကုန်တတ်၏။

ဖခင်ဖြစ်သူလက်ထက်က ပျက်စီးနေသော လယ်ယာစိုက်ပျိုးရေး နှင့်ပြည်ပ ကျူးကျော်နှောင့်ယှက်မှုများကို ဖြေရှင်းရန် တာဝန်ရှိသော်လည်း ငယ်ရွယ်သူဖြစ်သည့် အတွက် ဝါသနာပါရာ ဗေဒင်ကိန်းခန်းနှင့် ဇာတာခွင် စစ်ဆေးခြင်း အလုပ်များတွင်သာ အာရုံထားပြီး တိုင်းပြည်တာဝန်ကို လှစ်လျှုရှုမြဲ ရှုနေခဲ့သည်။ သဘင်ကြီးစွာခံကာ ဧရာဝတီမြစ်ရိုးတစ်လျှောက် နောက်လိုက်များဖြင့် ခရီးထွက်ပျော်ပါးနေခဲ့သည်။ ထို့ပြင် ဗေဒင်ကိန်းခန်း အလိုအရဟုဆိုကာ အင်းဝအနောက်တောင်ဘက်ရှိ ဆင်တဲအရပ်တွင် သစ်နန်းတည်ကာ နန်းစံနေခဲ့သည်။

အဆိုးဆုံးသောအမှားမှာ မိမိငယ်ဆရာ ရွှေဖြိုးကို နန္ဒမိတ်ကျော် ဘွဲ့ဖြင့်အပါးတွင်ခစားစေခြင်း၊ ထိုသူနှင့် အပေါင်းအပါများကသွေးထိုးသည်ကြောင့် နန်းရင်ဝန်ဦးပုအပါအဝင်၊ ရွှေတိုက်စိုး၊ အသည်ဝန်၊ သက်တော်ရှည်အမတ်ကြီး နှင့် ဝန်တစ်ပါး အပါအဝင် အရေးပါသည့် လူငါးဦးလုံးကို ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ကွပ်မျက်ရန်အမိန့်ချစဉ် ဦးပုက “သေမယ့်အရေးထက် တိုင်းပြည်ပျက်မယ့်အရေးကို တွေးကြောက်မိတယ်။”ဟုပင် ညီးဆိုသွားခဲ့သေးသည်။ ထို့ပြင်လည်း ပျော်ပါးဘက် မှူးမတ်ငယ်များကိုသာ အရေးတယူ ပြုမှုသောကြောင့် ကာယ၊ ဉာဏ အရည်အချင်းပြည့်ဝသည့် မှူးကြီး မတ်ကြီးတို့ လွတ်ရာ ရှောင်တိမ်းနေကြ ရသည်။ ဤသို့အားဖြင့် နိုင်ငံတော်သည် များစွာ အင်အား ချို့တဲ့လျက်ရှိသည်သာမက မငြိမ်မဝပ် အစားအစာ ရှားပါး လေသည်။

နန်းစွန့်ရခြင်း

ပြင်ဆင်ရန်

ထိုအခါ ရှေးမင်းများလက်ထက်က စိုးပိုင်ခဲ့ဖူးသည့် ယိုးဒယား၊ ဇင်းမယ်၊ ရှမ်းနယ်၊ မွန်နယ်တို့သည် မြန်မာမင်းအား ပမာမထား ခြားနား ထောင်ထားကြလေ၏။ မဏိပူရ ကသည်းတို့ကလည်း နှစ်နှစ်တကြိမ်၊ သုံးနှစ်တစ်ကြိမ် ထိုမင်းလက်ထက် ကုန်ဆုံးသည့်တိုင် မြန်မာနိုင်ငံတော်သို့ ဆက်ကာဆက်ကာ လာရောက် ထိပါး နှောက်ယှက်ခဲ့ရာ တစ်ကြိမ်တွင် အင်းဝမြို့အနီးတိုင် ရောက်လာကြပြီးလျှင် များစွာ ဖျက်ဆီးသွား ကြလေသည်။ သက္ကရာဇ် ၁၁ဝ၉ ခုနှစ်ခန့်တွင် ငစဉ့်ကိုင် အရှေ့ အုတ်ဖိုတောင်ခြေ၌နေသော ကွေ့ရှမ်းတို့သည် မိမိတို့ အကြီးအကဲ ဂုဏ္ဏအိမ်နှင့်တကွ မတ္တရာ၊ အုတ်ဖို စသော အညာမြစ်စင် တစ်လျှောက်တွင် ချထားနေထိုင်ရသော မွန်ဟူသမျှနှင့် ညီညွတ် ပုန်ကန်ကြသည်။

ထို့ပြင် အင်းဝတွင် အားထားလောက်သည့် အမှူးအမတ်များမရှိတော့ကြောင်းကြားလျှင် ဟံသာဝတီကလည်း ၁၁ဝ၁ ခုနှစ်မှ အစပြု၍ ပုန်ကုန် ခြားနားလာခဲ့ရာ အင်းဝလက်အောက်ခံအဖြစ်မှ လွတ်မြောက်ကာ အင်အား တဖြည်းဖြည်း တိုးတက်လာပြီးလျှင် အင်းဝတပ်များကိုပင် တွန်းလှန်နိုင်ခဲ့သည်။ အစဦးတွင် ဟံသာဝတီမှအဝေးမြို့ဝန် အဖြစ်ရှိနေသည့် ဦးသာအောင်က မွန်လူမျိုးတို့ကို အတင်းအကျပ်စုဆောင်းကာ ပုန်ကန်သည်။ အင်းဝမှ တပ်တစ်တပ်လွတ်ကာ နှိမ်နှင်းသည်။ သို့သော် ဟံသာဝတီရှိမွန်တို့က သူတို့မလိုလားသည့် ဦးသာအောင်ကို လုပ်ကြံလိုက်သဖြင့် ပုန်ကန်မှု ချုပ်ငြိမ်းသည်။ ထိုပုန်ကန်မှုကို စစ်ဆေးရန် တာဝန်ပေးသည့် သန်လျင်မြို့ဝန်မင်း ရဲအောင်နိုင်က ကောင်းစွာစစ်ဆေးခြင်းမရှိပဲ သေဒဏ်များချမှတ်ရာမှ ဒုတိယအကြိမ် ပုန်ကန်ကြသည်။ ပုန်ကန်မှုကို ဦးဆောင်ရန်အတွက် ပုဂံစားမင်းသားမှ ဆင်းသက်သည့် ဦးသာလှဆိုသူကို သမိန်ထောဗုဒ္ဓကိတ္တိဘွဲ့ဖြင့် အကြီးအမှူးတင်မြောက်ကြသည်။ ထိုစဉ်က အင်းဝမှ မဟာဓမ္မရာဇာဓိပတိမင်းလည်း အင်အားနည်းလှပြီဖြစ်၍ တပ်များစေလွှတ်နှိမ်နှင်းနိုင်ခြင်း မရှိတော့ပေ။

ထိုသို့ မရည်ရွယ်ပဲ မင်းဖြစ်လာသည့် သမိန်ထောဗုဒ္ဓကိတ္တိမှာ မင်းဖြစ်လောက်သည့် အရည်အသွေးမရှိပေ။ အချိန်ရှိသရွေ့ ဆင်ကျော့(ဆင်ဖမ်း)၍သာ နေသဖြင့် ဟံသာဝတီနန်းတွင်း၌ပင် မနေဟုဆိုသည်။ ထို့ကြောင့် ယေက္ခမဖြစ်သူ ဗညားဒလဘွဲ့ခံ ဆင်ဝန်ဦးအောင်လှက တောတွင်းသို့လိုက်ခေါ်သော်လည်း ပုန်ကန်သည်အမှတ်ဖြင့် ဇင်းမယ်သို့ ပြေးသည်။ သို့ဖြင့် အချိန်တိုအတွင်းတွင် ဟံသာဝတီ၌ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် နန်းတက်တော့သည်။ ဗြမိုင်းဓိရာဇာမှာ မြန်မာမဟုတ်ပေ။ ဇင်းမယ်ဇာတိ လင်ဇင်းရှမ်းအနွယ် ဖြစ်သည်။ ဆင်မှုကျွမ်းကျင်သဖြင့် အင်းဝမင်းက ပဲခူးတွင် ဆင်ဝန်ခန့်ထားသူ ဖြစ်သည်။ နန်းတက်သည်နှင့် ညီတော်အကြီးကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့ထားကာ ကျန်ညီတော်အငယ်ကို ဗညားဒလဘွဲ့ပင်ပေး၍ စစ်ပြင်လေသည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင့်ညီတော်အိမ်ရှေ့ဥပရာဇာနှင့် ညီတော် ဗညားဒလတို့ ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနှင့်တကွ ချီတက်လာပြီးလျှင် အင်းဝမြို့ကို ဝန်းရံ လုပ်ကြံသည်။ အင်းဝမှာလည်း ဆယ်နှစ်၊ ကိုးနှစ်အတွင်း နိုင်ငံ မငြိမ်မသက်ရှိ၍ ဆင်းရဲသားတို့ ကောင်းစွာ မလုပ်ဆောင်ကြရသောကြောင့် ဆန်ရေစပါး ပါးရှားငတ်မွတ်သည်နှင့် ရဲမက်တော်တို့ ကောင်းစွာ မခုခံ မတိုက်ခိုက်နိုင်သဖြင့် တစ်မြို့လုံး မွန်တို့လက်သို့ ရောက်ရလေသည်။ ထိုအခါ မင်း၊ မိဖုရား၊ သားတော် သမီးတော်၊ မှူးမတ်၊ သူဌေး သူကြွယ်မှစ၍ ပိဋကတ်စာပေမကျန် သိမ်းယူပြီးသော် ဟံသာဝတီသို့ ဆောင်ယူလေသည်။ ဤတွင် မဟာဓမ္မရာဇဓိပတိမင်းကို ဟံသာဝတီရောက် မင်းတရားကြီးဟု တွင်လေသည်။ မှူးမတ်များတွင်လည်း ကဗျာအရာတွင် အလွန်ကျော်ကြားသော ဝန်ကြီးပဒေသရာဇာလည်း ပါဝင်၏။ ၂၁၊ မတ်၊ ၁၇၅၂ တွင် အင်းဝကျကာ မဟာဓမ္မရာဇာဓိပတိမင်းလည်း ဆွေတော်မျိုးတော်များနှင့် တကွ ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ပါကာ ညောင်ရမ်းမင်းဆက် ပြတ်လေတော့သည်။

နောက်ဆက်တွဲ နှင့် ဘဝနိဂုံး

ပြင်ဆင်ရန်

အင်းဝမင်း ဟံသာဝတီသို့ပါလျှင် မုဆိုးဘိုရွာသူကြီး ဦအောင်ဇေယျသည် မုဆိုးဘိုနှင့် အနီးအပါးမှ လူစွမ်းကောင်းများကို စုစည်းကာ အင်းဝအစောင့်နေသည့် မွန်စစ်သူကြီး တလပန်းအား ရင်ဆိုင်ကာတိုက်ခိုက်သည်။ ဗြမိုင်းဓိရာဇာ၏ မှူးမတ်များ ကုန်းတိုက်သည်ကြောင့်၎င်း၊ တောင်ပိုင်းတနင်္သာရီဒေသကို ယိုးဒယားတို့ ထိပါးသည်ကြောင့်၎င်း မုဆိုးဘိုကို ရင်ဆိုင်ဆဲမှာပင် တလပန်းအား ဟံသာဝတီသို့ပြန်ခေါ်ကာ အင်းဝတွင် ငွေခွန်ဝန်မှူးဆိုသူကို အကြီးအကဲခန့်ကာ မုဆိုးဘိုကို ဆက်လက်တိုက်ခိုက်စေသည်။ နောင်တွင် ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သည်။

ဟံသာဝတီတွင် အကျယ်ချုပ်ဖြင့်နေထိုင်သော မဟာဓမ္မရာဇာဓိပတိလည်း တစ်ရက်တွင် ငါးလင်ပန်းဆားနယ်တစ်ကောင်သည် ခေါင်းကလျောကျ ပုပ်ပွကာ သေဆုံးနေသော်လည်း အမြှီးပိုင်းမှာ ဖျက်ဖျက်ခုန်ကာ လှုပ်လျက်ရှိသည်ဟူသော အဖြစ်ထူးကို သိလျှင် ဝါသနာအလျောက် နိမိတ်ဖတ်လေသည်။ “ငါးကို ငါတို့ဗမာ(မြန်မာ)ဟု ယူရမည်။ ခေါင်းသေနေပြီဆိုသဖြင့် အကြီးအကဲဖြစ်သော ငါ့မှာ ရန်သူမွန်မင်းလက်တွင်းတွင် နေရသည်။ သို့သော် ကိုယ်အမြှီးမှာ လှုပ်ရှားရှင်သန်နေသည်ကို ထောက်လျှင် မိမိတို့ ဗမာအမျိုးသားတို့မှာ ခေါင်းဆောင်ကောင်းနှင့် တွေ့လျှင် ပြန်လည်ထူထောင်နိုင်မည့် နိမိတ်ပင်ဖြစ်သည်။” ဟု ရေရွတ်နိမိတ်ဖတ်လေသည်။ ထိုအကြောင်းကို ကြားသည်ကြောင့်တစ်ကြောင်း၊ ဟံသာဝတီရှိ မြန်မာလူမျိုးများနှင့် မြန်မာမင်းဆွေမင်းမျိုးတို့က မဟာဓမ္မရာဇာကို နန်းတင်ရန် ကြိုးပမ်းသည်ဟု သိရသဖြင့်၎င်း ဗြမိုင်းဓိရာဇာလည်း နောက်ရန်အေးစေရန် “နောင်တော် အဝမင်းတရားကို နတ်ပြည်သို့ပြောင်းရွှေ့စံမြန်းစေ။” ဟု မိန့်ကာ သတ်စေသည်။ သို့ဖြင့် ဟံသာဝတီအနီး ချောင်းတစ်ချောင်းတွင် ၁၃၊အောက်တိုဘာ၊ ၁၇၅၄ ညနေ၌ အဆွေအမျိုးများနှင့်တကွ ရေချကာ ကွပ်မျက်ခဲ့သည်။

ဤကဲ့သို့ မရှုမလှ အသက် ဆုံးရှုံးရမည်ကို လက်ဦးမဆွပင် သိပြီးဖြစ်သော မင်းတရားကြီးသည် အသတ်မခံရမီကပင် - ပုဂ္ဂိုလ်ခြောက်မည်၊ သန္ဓေတည်သား၊ ဤသည်ပရိတ်၊ ရှစ်ဆယ်စိတ်တွင်၊ ခု-တိတ် နောင်လျဉ်၊ သံယော ဇဉ်လည်း၊ အယဉ်စီစီ၊ တိထီသာခန်း၊ ပျော်မမြန်းခဲ့၊ တဆန်းကြူးလွန်း၊ ဘုံသုံးတန်တွင်၊ နှိုင်းရန်တူကြောင်း၊ ရွေးချယ်ပေါင်းသော်၊ သောင်းကလွတ်ခွာ၊ ရာကာ ကင်းဝေး၊ ကိုးယောက်ရွေးလျှင်၊ ရှင်ထွေးလှခေါင်၊ လှတန်ဆောင်သည်။ ရှင်အောင်ကိုသာ လွမ်းမိခဲ့အစရှိသော ရတုပိုဒ်စုံကို စပ်ဆိုခဲ့လေသည်။ ထို့ပြင် ဟံသာဝတီ၌ အကျဉ်းခံနေရစဉ် အင်းဝမြို့ မျက်စိအောက်တွင် ပျက်စီးယိုယွင်း၍ သွားပုံကို နှမြောလှ၍လုဇ္ဇတိပလုဇ္ဇတီတိ လောကော၊ သဘောနိယံ၊ လောကဓံနှင့်၊ ဆက်ဆံကြုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့်၊ ရစ်ဝိုက်မြစ်ဆုံ၊ ရွှေဘုံအဝ၊ ပုရိန္ဒကား၊ နရသနင်း၊ မင်းလည်းကင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီးဟူလောက်၊ မျက်မှောက်လင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊မြှော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်၊ ပျောင်းခွေ့ညွတ်ခွေ၊ လွမ်းတာဝေခဲ့အစရှိသော တမ်းချင်းတစ်ပုဒ်ကိုလည်းရေးသားထားခဲ့ လေသည်။[]

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်
  1. တနင်္ဂနွေ သီတင်းကျွတ်လဆုတ် ၁၂ ရက် = 13 October [O.S. 2 October] 1733
  2. Hmannan Vol. 3 2003: 364
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)


  1. The chronicle ဇာတာတော်ပုံရာဇဝင် (Zata 1960: 48) says he was born on a Thursday in 1075 ME (12 April 1713 to 11 April 1714), and lost the throne at age 37 (38th year). According to မှန်နန်းရာဇဝင် (Hmannan Vol. 3 2003: 392, 395), he lost power on Wednesday, 8th waxing of Late Tagu 1113 ME (22 March 1752) at age 37 (38th year). It means, he must have been born after 8th waxing of Late Tagu 1075 ME, on either of the remaining two Thursdays of 1075 ME--full moon of Late Tagu (29 March 1714) or 7th waning of Late Tagu (5 April 1714).