မဟာမိတ္တမထေရ်
ဣန္ဒြိယသံဝရသီလကို ဖြည့်စွမ်းလိုသော ပုဂ္ဂိုလ်သည် သီဟိုဠ်ကျွန်း ကုရဏ္ဍကလိုဏ်၌ သီတင်းသုံးနေထိုင်သည့် စိတ္တဂုတ္တမထေရ်ကဲ့သို့၎င်း, စောရကကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်သည့် မဟာမိတ္တမထေရ်ကဲ့သို၎င်း ဖြစ်စေရမည်ဟု ဝိသုဒ္ဓိမဂ်၌ မထေရ်အကြောင်း ပါရှိလေသည်။[၁]
မဟာမိတ္တမထေရ်
ပြင်ဆင်ရန်မထေရ်၏မိခင်၌ ရင်သားတွင် အဆိပ်အိုင်းအနာ ပေါက်ရောက်နေရာ သမီးဖြစ်သူမှာလည်း ဘိက္ခုနီမဖြစ်သဖြင့် သမီးကိုခေါ်ပြီးလျှင် “သင့်မောင်ထံသွား၍ ငါ့မှာ မချမ်းမသာ အနာပေါက်ကြောင်း လျှောက်ထားပြီးလျှင် ဆေးတောင်း၍ ယူခဲ့ပါလော့”ဟု ပြောကြားစေလွှတ်လိုက်၏။ သမီးဘိက္ခုနီမသည် မောင်တော် မဟာမိတ္တမထေရ်ထံသို့ သွားပြီးလျှင် အကျိုးအကြောင်း လျှောက်ထား ပြောကြားလေ၏။ မထေရ်သည် “ဆေးမြစ်စသည်တို့ကို ဆောင်ယူ၍ ဆေးချက်ရန် နည်းလမ်းကို ငါမသိပေ၊ သို့သော် သင့်အား ဆေးတမျိုးကို ငါပြောကြားလိုက်မည်။ ငါသည် ရဟန်းဖြစ်သည့် အချိန်မှစ၍ ယနေ့အထိ တပ်မက်သော လောဘစိတ်ဖြင့် ဣန္ဒြေကိုဖျက်ကာ ဇာတ်သဘာဝမတူသော မိန်းမအာရုံကို တကြိမ်မျှ မကြည့်စဘူး၊ ဤသစ္စာစကားကြောင့် ငါ့မိခင်၏ ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊ သင်ပြန်သွားပြီးလျှင် ယခု ငါဆိုသော သစ္စာစကားကို မိခင်ထံရောက်လျှင် ရွတ်ဆို၍ မိခင်၏ကိုယ်ကို သုံးသပ်ပါလော့”ဟူ၍ မှာထားတော်မူလိုက်၏။
ထိုနှမဖြစ်သော ဘိက္ခုနီမသည် မိခင်ထံသွားရောက်၍ မောင်တော် မဟာမိတ္တမထေရ် မှာလိုက်သမျှ အကြောင်းများကို ပြောကြားပြီးလျှင် မှာလိုက်သည့်အတိုင်း သစ္စာစကား ပြောကြားရွတ်ဆိုကာ မိခင်၏ကိုယ်ကို သုံးသပ်လေ၏။ ထိုခဏမှာပင် မိခင်ကြီး၏ အဆိပ်အိုင်းအနာသည် ရေမြှုပ်စိုင်ပမာ ကြေမွကွယ်ပျောက်၍ သွားလေ၏။ မိခင်သည် နေရာမှ ထပြီးလျှင် “မြတ်စွာဘုရားသာ အကယ်၍ ထင်ရှားရှိပါမူ ငါ့သားကဲ့သို့သော ရဟန်း၏ ဦးခေါင်းကို ရွှေဇာကွန်ရွက် ဖွဲ့ယှက်အပ်သော ရွှေလက်တော်ဖြင့် အဘယ့်ကြောင့် မသုံးသပ်ပဲ နေလိမ့်မည်နည်း”ဟူ၍ ဝမ်းမြောက်စကား ပြောကြားလေသည်။[၁]
မဟာမိတ္တမထေရ် နှင့် စိတ္တဂုတ္တမထေရ်ကွာခြားပုံ
ပြင်ဆင်ရန်ဤမဟာမိတ္တမထေရ်၏ ဣန္ဒြေကို စောင့်ရှောက်ပုံမှာ ရှေး စိတ္တဂုတ္တမထေရ်ကြီး၏ စောင့်ရှောက်ပုံနှင့် အနည်းငယ် ကွဲပြားခြားနားလေသည်။ စိတ္တဂုတ္တမထေရ်ကြီး၏ စောင့်ရှောက်ပုံမှာ တွေ့တွေ့သမျှ အာရုံကို မမြင်မိ မကြည့်မိအောင် မျက်လွှာချ၍ ထားတော်မူသည်။ မဟာမိတ္တမထေရ်မူကား ဤသို့ မျက်လွှာကို ချထားသည်မဟုတ်၊ အဆင်သင့်ရာ ကြည့်ကား ကြည့်၏၊ ကြည့်သောအခါ ဇာတ်သဘာဝမတူသော မိန်းမအာရုံကိုပင် မြင်စေကာမူ တပ်နှစ်သက်ခြင်း လောဘစိတ် မဝင်လာရအောင် (မဖြစ်ပေါ်အောင်) တားဆီးသောအားဖြင့် စောင့်ရှောက်တော်မူသည်။
ပမာဆိုသော် စိတ္တဂုတ္တမထေရ်၏ စက္ခုန္ဒြေကို စောင့်ရှောက်ပုံမှာ လူဆိုးသူဆိုးများ မဝင်လာရအောင် အိမ်တံခါးပေါက်ကို တခါတည်း ပိတ်ထားသည်နှင့် တူ၏၊ မဟာမိတ္တမထေရ်၏ စက္ခုန္ဒြေကို စောင့်ရှောက်ပုံမှာ တံခါးပေါက်ကိုကား ပိတ်၍မထား၊ သို့သော် လူဆိုးသူဆိုးများ တရံတခါမျှ မဝင်ရအောင် အနိုင်တားဆီးထားသည်နှင့် တူ၏။ ထိုမထေရ် နှစ်ပါးတို့၏ ဣန္ဒြေကို စောင့်ရှောက်ကြပုံမှာ အံ့ဩဖွယ်ရာချည်းဖြစ်၍ အတုယူဖွယ် ကောင်းလှပါပေ၏။[၁]