ဣန္ဒြိယသံဝရသီလကို ဖြည့်စွမ်းလိုသော ပုဂ္ဂိုလ်သည် သီဟိုဠ်ကျွန်း ကုရဏ္ဍကလိုဏ်၌ သီတင်းသုံးနေထိုင်သည့် စိတ္တဂုတ္တမထေရ်ကဲ့သို့၎င်း, စောရကကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်သည့် မဟာမိတ္တမထေရ်ကဲ့သို၎င်း ဖြစ်စေရမည်ဟု ဝိသုဒ္ဓိမဂ်၌ မထေရ်အကြောင်း ပါရှိလေသည်။[၁]

စိတ္တဂုတ္တမထေရ်ကြီးဝတ္ထု ပြင်ဆင်ရန်

ကုရဏ္ဍကခေါ် လိုဏ်ဂူကြီး၌ ဝိပဿီအစရှိသော မြတ်စွာဘုရား ခုနစ်ဆူတို့၏ တောထွက်ခဏ်းကို အဆန်းတကြယ် နှစ်သက်ဖွယ်ရာ ပန်းချီဆေး ရေးချယ်ထားလေသည်။ များစွာသော အာဂန္တုရဟန်းတို့သည် ကျောင်းစဉ်လှည့်လည် ကြည့်ရှုကြသောအခါ ပန်းချီဆေး ရေးချယ်ထားသည့် တောထွက်ခဏ်းကို မြင်ကြ၍ မထေရ်မြတ်ထံ ဝင်ရောက်ပြီးလျှင် “အရှင်ဘုရားသီတင်းသုံးရာ လိုဏ်ဂူ၌ ရေးချယ်ထားသည့် တောထွက်ခဏ်း ရုပ်ပုံတော်များသည် လွန်စွာနှစ်သက်ဖွယ်ဖြစ်သည်”ဟု လျှောက်ထားကြကုန်၏။ မထေရ်မြတ်က.. “ငါ့ရှင်တို့.. ငါသည် အနှစ်ခြောက်ဆယ်ကျော် ဤလိုဏ်ဂူကြီးမှာ နေခဲ့သော်လည်း ပန်းချီဆေးရေးရုပ် ရှိသည် မရှိသည်ကို ငါမသိပါ၊ ယနေ့မှ မျက်စိအမြင် အလွန်စူးယှကြသော ငါ့ရှင်တို့ကိုမှီ၍ ပန်းချီဆေးရေးရုပ်ရှိကြောင်း သိရပေသည်”ဟူ၍ အမိန့်ရှိလေသည်။ (မထေရ်မြတ်ကား နှစ်ပေါင်းခြောက်ဆယ်ကျော် ရှည်မြင့်စွာ သီတင်းသုံးခဲ့သော်လည်း လိုဏ်ဂူကို တကြိမ်မျှ မော်၍မကြည့်ဘူးချေ။ ထိုလိုဏ်ဂူ၏ အဝမှာလည်း ကံ့ကော်ပင်ကြီးတပင်ရှိ၏၊ ထိုကံ့ကော်ပင်ကြီးကိုလည်း မော်၍ မကြည့်ဘူးချေ၊ နှစ်တိုင်းနှစ်တိုင်းပင် မြေအပြင်၌ ကံ့ကော်ဝတ်ဆံများ ကြွေကျနေသည်ကိုမြင်မှ ထိုကံ့ကော်ပင်ကြီး ပွင့်သည်ကို သိရှိတော်မူလေသည်။)

မထေရ်မြတ်၏ ဤမျှလောက် ဣန္ဒြေသိက္ခာ စောင့်ရှောက်ခြင်း ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည်ကို ဘုရင်မင်းမြတ်သည် သတင်းစကား ကြားရ၍ ရှိခိုးလိုသဖြင့် သုံးကြိမ်တိုင်အောင် လူလွှတ်၍ ပင့်ပါသော်လည်း မထေရ်မြတ် မကြွလာပဲနေသောအခါ မထေရ်မြတ်ဆွမ်းခံရာ ထိုရွာအတွင်း၌ နို့စို့အရွယ် ကလေးငယ်ရှိသော မိန်းမများ၏ရင်ကို ကလေးများ နို့မတိုက်နိုင်အောင် အဝတ်ဖြင့်စည်းကာ မထေရ်မြတ် ကြွမလာ မခြင်း ကလေးများကို နို့တိုက်ခွင့်မရဟူ၍ အမိန့်ပြန်ကာ တံဆိပ်ခတ်စေလေသည်။ ထို့ကြောင့် ကလေးများ နို့မစို့ရသဖြင့် ငိုကြွေးဒုက္ခရောက်နေကြသည်ကို မထေရ်မြတ် သိသောအခါ ကလေးတို့ကို သနားသဖြင့် မဟာဂါမမြို့သို့ ကြွလာတော်မူ၏။

ဘုရင်မင်းမြတ်သည် မထေရ်မြတ်ကြွလာကြောင်း သတင်းစကား ကြားသိ၍ “အချင်းတို့.. ယခုပင် သွားကြချေ။ မထေရ်မြတ်ကို နန်းတော်တွင်းသို့ ပင့်ဆောင်ခဲ့ကြလော့၊ သီလခံယူလိုသည်”ဟု အမိန့်ရှိကာ နန်းတော်သို့ ပင့်ဆောင်စေ၍ ရှိခိုးပြီးလျှင် ဆွမ်းကပ်လှူ၍“အရှင်ဘုရား.. ယနေ့ သီလခံယူဘို့ရန် အခွင့်မအားပါ၊ နက်ဖန်မှ သီလခံယူပါမည်”ဟု လျှောက်ထား၍ မထေရ်၏သပိတ်ကို ထမ်းပြီးလျှင် အနည်းငယ်လိုက်၍ မိဖုရားနှင့်တကွ ရှိခိုးကာ ပြန်နစ်လေသည်။

မထေရ်မြတ်သည် မင်းကပင် ရှိခိုးသည်ဖြစ်စေ၊ မိဖုရားကပင် ရှိခိုးသည်ဖြစ်စေ၊ “မင်းကြီး ချမ်းသာခြင်းရှိသည် ဖြစ်ပါစေ”ဟူ၍သာ မိန့်ဆိုတော်မူ၏။ ဤသို့သောနည်းဖြင့် ခုနစ်ရက်ကြာသောအခါ ရဟန်းများက “အရှင်ဘုရား.. ဘုရင်မင်းမြတ်က ရှိခိုးသည်ဖြစ်စေ၊ မိဖုရားက ရှိခိုးသည်ဖြစ်စေ၊ အရှင်ဘုရားတို့သည် မင်းကြီး.. ချမ်းသာခြင်းရှိသည် ဖြစ်ပါစေ”ဟူ၍သာ မိန့်ဆိုတော်မူကြကုန်၏ဟူ၍ လျှောက်ထားကြကုန်၏။ ထိုအခါ မထေရ်မြတ်က “ငါ့ရှင်တို့.. ငါသည် မင်းဖြစ်သည်ဟူ၍၎င်း မိဖုရားဖြစ်သည်ဟူ၍၎င်း ပိုင်းခြားမှတ်သားခြင်းကို မပြုပေ”ဟု အမိန့်ရှိပြီးလျှင် ခုနစ်ရက်လွန်ပြီးနောက် ဘုရင်မင်းမြတ်သည် “ဤမြို့တွင်း၌ မထေရ်သီတင်းသုံးရခြင်းမှာ ဆင်းရဲသည်”ဟု သိ၍ ခွင့်လွှတ်သောအခါမှ မထေမြတ်သည် မိမိ၏ လိုဏ်ဂူအတွင်းသို့ ပြန်ကြွ၍ ညအခါ စင်္ကြံ သို့တက်ပြီးလျှင် စင်္ကြံကြွတော်မူ၏။

ကံ့ကော်ပင်၌ စောင့်သောနတ်သည် ဆီမီးတိုင်ကိုကိုင်၍ ရပ်တည်လာ၏။ ထိုအခါ မထေရ်မြတ်၏ ကမ္မဋ္ဌာန်းသည် အလွန်စင်ကြယ်သဖြင့် ထင်လင်းလှပေ၏၊ မထေရ်သည် “အဘယ့်ကြောင့် ယနေ့ ငါ့ကမ္မဋ္ဌာန်းသည် ထင်လင်းလှသနည်း”ဟု နှစ်သက်အားရသော စိတ်ရှိသည်ဖြစ်၍ သန်းခေါင်ကျော်အချိန်တွင် တောင်ကြီးတတောင်လုံးကို ပဲ့တင်ထပ်စေလျက် ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။ (ဤမထေရ်မြတ်၏ ဣန္ဒြိယသံဝရ= ဣန္ဒြေစောင့်စည်းပုံကို အတုယူဖွယ် ကောင်းလှပေ၏။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်