မိုးရေခံသင်္ကန်း
(ဝဿိက = မိုးအခါ ဝတ်အပ်သော။ သာဋိက = အဝတ်သင်္ကန်း။)
မိုးရေခံသင်္ကန်းကို ရှာမှီးရာခေတ် (ကာလ), ချုပ်ဆိုး၍ ဝတ်ရုံရာခေတ်ကို ပြ၍ ထိုကာလ၌မဟုတ်ဘဲ ရှာလျှင်လည်းကောင်း, ချုပ်ဆိုး၍ ဝတ်လျှင်လည်းကောင်း နိဿဂ္ဂိပါစိတ်ဟု ပညတ်တော်မူသော သိက္ခာပုဒ်မှ ဖြစ်ပါသည်။[၁]
ရတနဝဂ်၌လည်း ဝဿိကသာဋိကသိက္ခာပုဒ် ရှိသေး၏၊ ဝေဿ = မိုးအခါ၌။ အဓိဋ္ဌာတဗ္ဗာ = အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းသည်။ ဝဿိကာ မည်၏၊ မိုးအခါဝယ် ဝဿိကသာဋိကဟူသော နာမည်ဖြင့် အဓိဋ္ဌာန်တင်၍ ဖြစ်စေ, အခြားအခါဝယ် ဝိကပ္ပနာပြု၍ဖြစ်စေ, ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ဖြစ်စေ ဆောင်အပ်သော သင်္ကန်းကို ဝဿိကသာဋိကဟု ခေါ်သည်။ သာဋိက သဒ္ဒါကား ဝတ္ထသဒ္ဒါ၏ ပရိယာယ်တည်း။[၁]
မိုးရေခံသင်္ကန်း ပမာဏ
ပြင်ဆင်ရန်ဘုရားရှင်၏ အထွာတော်ဖြင့် အလျား - (၆)ထွာ၊ အနံ - (၂)ထွာခွဲမျှ ရှိသော နဂိုက မရှိလျှင် ဆက်စပ်ထားသော ပိတ်, ဖျင်စသည်ကို မိုးရွာသောအခါ ဝတ်၍ (ရေသနုပ်ကဲ့သို့ အသုံးချ၍) မိုးရေကို ခံကြရ ချိုးကြရသောကြောင့် မိုးရေခံသင်္ကန်းဟု ခေါ်သည်။
သင်္ကန်းဟုဆိုသော်လည်း ဆိုးရည်ဖြင့် ပကတိသင်္ကန်းရောင်ထွက်အောင် ဆိုးမှ မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ ခပ်ဝါဝါ အရောင်ထွက်ရုံမျှ တစ်ကြိမ်လောက် ဆိုးလျှင်ပင် ဝတ်ကောင်းပြီးဟု မှတ်ပါ။ ဤသင်္ကန်းပမာဏထက် လွန်လျှင်ကား သုဒ္ဓပါစိတ်တည်း။[၁]
မိုးရေခံသင်္ကန်းနှင့် စပ်၍
ပြင်ဆင်ရန်၁။ ပရိယေသန = သင်္ကန်းရှာမှီးရာ ကာလ၊
၂။ ကရဏ = ချုပ်ဆိုးခွင့် ကာလ၊
၃။ နိဝါသန = ဝတ်ခွင့်ကာလ၊
၄။ အဓိဋ္ဌာန = အဓိဋ္ဌာန်တင်ခွင့်ကာလဟု ကာလလေးမျိုး ပိုင်းခြားထားပါသည်။
၁။ နယုန်လပြည့်မှစ၍ ထိုလကွယ်အထိ (၁၄)ရက်သည် မိုးရေခံသင်္ကန်းကို ရှာရုံသာ အခွင့်ရသော ပရိယေသနကာလတည်း။
၂။ ဝါဆိုလဆန်း တစ်ရက်နေ့မှ စ၍ ဝါဆိုလပြည့်နေ့အထိ (၁၅)ရက်သည် မရသေးလျှင် ဆက်လက်ရှာခွင့်ရပြီး ချုပ်ဆိုးခွင့်, ဝတ်ခွင့်ရသော ခေတ် တည်း။ ဆိုခဲ့သော တစ်လအတွင်း အဓိဋ္ဌာန်တင်ခွင့် မရသေး။
၃။ ဝါဆိုလပြည့်ကျော် တစ်ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လသည် မရသေးလျှင် ဆက်လက်ရှာခွင့်, ချုပ်ဆိုးခွင့်, ဝတ်ခွင့်, အဓိဋ္ဌာန်တင်ခွင့် (၄)မျိုးလုံးရသော (ပရိယေသန၊ ကရဏ၊ နိဝါသန၊ အဓိဋ္ဌာန) ခေတ်တည်း။
ကျန်သော တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှစ၍ လာမည့်နှစ် နယုန်လပြည့်အထိ (၇)လကား မိုးရေခံသင်္ကန်းနှင့် လုံးဝ မဆက်စပ်သော ပိဋ္ဌိသမယဟု မှတ်၊ ကျောဘက်နှင့်တူသော အပြင်ဘက်ကာလတည်း။ ရှေး၌ ဆိုခဲ့သော (၅)လကား ကုစ္ဆိသမယ ဝမ်းဘက်နှင့်တူသော အတွင်းဘက် ကာလတည်း။[၁]
ထပ်မံ၍ အကျဉ်းချုပ် မှတ်ရန်
ပြင်ဆင်ရန်ရှာရာခေတ် ရှာနိုင်သောခေတ်သည် နယုန်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ (၅)လဟုလည်းကောင်း၊ ချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ဝတ်ရာခေတ်သည် ဝါဆိုလဆန်းတစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လခွဲတည်း။ အဓိဋ္ဌာန်တင်ရာခေတ်သည် ဝါဆိုလပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လတည်းဟုလည်းကောင်း မှတ်ပါလေဦး။
ပိတ်တိုဖျင်စ (၁၁) လ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားခွင့်ရ နယုန်လပြည့်ကျော်တစ်ရက်နေ့မှ စ၍ သင်္ကန်းမချုပ်လောက်သော ပိတ်စ ဖျင်စ စသည်ကို မချုပ်ရသေးသမျှ တန်ဆောင်မုန်းလပြည့်နေ့အထိ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားနိုင်၏၊ ကထိန်အာနိသင် ရပြန်လျှင် ပထမကထိန သိက္ခာပုဒ်အရ တပေါင်းလပြည့်နေ့အထိ ထားနိုင်၏၊ ဆက်စပ်၍ ချုပ်ဖို့ရန် မျှော်လင့်ချက် ပစ္စာသာသင်္ကန်း ရှိနေသေးလျှင် တတိယကထိနသိက္ခာပုဒ်အရ နောက်ထပ်တစ်လ (တန်ခူးလပြည့်)အထိ ထားနိုင်၏၊ ဤသို့ ဝါထပ်လျှင် (၁၁)လ၊ ဝါမထပ်လျှင်(၁၀)လ အဓိဋ္ဌာန်, ဝိကပ္ပနာမပြုဘဲ ထားခွင့် ရသည်ဟု မှတ်။ ချုပ်ဆိုးပြီးလျှင်ကား ဝဿိကသာဋိက အမည်ဖြင့် ဣမံ ဝဿိကသာဋိကံ အဓိဋ္ဌာမိဟု ဆို၍ မိုးလအတွင်း အဓိဋ္ဌာန်တင်ရမည်။ မိုးလလွန်လျှင်ကား ပစ္စုဒ္ဓိုရ်ပြု၍ ပရိက္ခာရစောဠ သို့မဟုတ် ဝိကပ္ပနာ တစ်ခုခု သင့်ရာ ပြုထားရမည်။[၁]