မောက်တို
မောက်တိုသည် အင်းဝခေတ်မှသည် ကုန်းဘောင်ခေတ်အထိ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာတို့၏ စစ်သုံးဦးဆောင်း ဖြစ်သည်။ ထို့အတူမွန်၊ ရှမ်း၊ ယိုးဒယားတို့လည်း အသုံးပြုသည်ကို တွေ့ရသည်။ ကျောင်းသုံးစာအုပ်တွင် မောက်တိုအား ထိပ်ဖူးတပ်ဦးဆောင်းတစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပုဂံခေတ်တွင် မောက်တိုဆောင်းသည်ကို မတွေ့ရချေ။ အင်းဝခေတ်မှ စတင်အသုံးပြုသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ အင်းဝခေတ်သည် ရှမ်းတို့ ကြီးစိုးသောခေတ်ဖြစ်ရာ မောက်တိုယဉ်ကျေးမှုသည် ရှမ်းတို့ထံမှ ဆင်းသက်သည်ဟု ယူဆရသည်။ မောက်တိုသည် အခြား တရုတ်၊ ရောမ၊ ဂရိတို့၏သံခမောက်များနှင့် ပုံစံမတူပါ။ အနားပတ်လည် ပါရှိသည်။ တပ်သားအဆင့်မှသည် ဗိုလ်အဆင့်အထိ သာမန် ကြေး မောက်တို ဟင်္သာပြဒါး(အနီ) သစ်စေးမောက်တိုသာဆောင်းရသည်။ တပ်မှူးနင့် အထက်အဆင့်များ တွင်မူ ရာထူးအလိုက် တမာရွက်ထောင် သစ္စာပန်းကုံး နှင့် ရွှေအထွတ်တပ်ထားသော ရွှေပိန်းချ မောက်တိုကို အသုံးပြုခွင့်ရကြသည်။ ယခုခေတ်တွင် မောက်တိုကိုဂုဏ်ပြုသည့်အနေဖြင့် ခြေမြန်တပ်နှင့်ခြေလျင်တပ်(ကြည်းတပ်) တံဆိပ်တွင် မောက်တိုပုံ၌ ဓားနှင့် လှံ ကြက်ခြေခတ်ထားသည့်ပုံကို အသုံးပြုသည်။ ဘုရားပွဲများတွင် ကလေးကစားစရာအဖြစ် စက္ကူဖြင့်ပြုလုပ်ထားသော မောက်တိုများ ရောင်းချသည်ကို တွေ့နိုင်သည်။ ဗန္ဓုလဦးထုပ်ဟု ခေါ်ကြသည်။ မောက်တိုကို မောက်ရူ(မောက်လူ) နှင့် မောက်ရှည်ဟု လွဲမှားစွာ ခေါ်ဆိုကြသည်များလည်း ရှိသေးသည်။