မောင်ညိုပြာ (၁၆ စက်တင်ဘာ ၁၉၄၅ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။

ဘီလူးကျွန်းချောင်းဆုံမြို့နယ်၊ စံဖရွာတွင် အဘ ဦးပု၊ အမိ ဒေါ်သန်းစိန်တို့မှ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ မောင်စံအုန်း ဖြစ်သည်။ ၁၉၅၅တွင် ရန်ကုန်သို့ ရောက်ရှိပညာသင်ယူခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်တွင် ၂ နှစ်တက်ရောက်သင်ယူပြီး ဥပစာသိပ္ပံ(က) အောင်ခဲ့သည်။ ကျောင်းမှထွက်ခဲ့ပြီး ကောက်ပဲသီးနှံရုံးလက်အောက်ရှိ ပိုးမွှားကာကွယ်ရေးဌာန(Pest Control)တွင် အင်စပက်တာ(Inspector)အဖြစ် ၂ နှစ်နီးပါးလုပ်ခဲ့သည်။ ထို့နောက် ရောဂါရှာဖွေရေးဓာတ်ခွဲမှူးသင်တန်း တက်ခဲ့ပြီး သင်တန်းအောင်မြင်ပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ခန့်အပ်ခြင်းခံရသည်။ မသွားသေးဘဲ ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရုံး(Commercial Audit) ရုံးတွင် စာရင်းစစ်(Auditor) ၈ လခန့် ဝင်လုပ်ပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံတွင် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှူး( Medical Lab Technician) အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်မြို့မှာပင် အိမ်ထောင်ကျခဲ့သည်။ ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၄ နှစ်ကြာအမှုထမ်းခဲ့ကာ အနှစ် ၃၀ လုပ်သက်ပင်စင်ယူခဲ့သည်။

၁၉၆၉ ခုနှစ် မိုးဝေမဂ္ဂဇင်းတွင် "လေးစားပါတယ် ကိုဘိုးထွား"ကဗျာဖြင့် စာပေလောကသို့ ရောက်ခဲ့ပြီး "အမှတ်(၂)ကားပေါ်မှာ" ဝတ္ထုတို (မိုးဝေမဂ္ဂဇင်း)၊ "ပုတ်သင်ညိုမလေးရယ်" ဝတ္ထုတို ( အကယ်ဒမီစာစောင်)တို့သည် အစောဆုံး ဖော်ပြခံရသော စာမူများဖြစ်သည်။ ထို့နောက် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။ ဝတ္ထုတိုနှင့်အက်ဆေးစာအုပ် စုစုပေါင်း ၁၅ အုပ် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

ယခုအခါ ဆရာမောင်ညိုပြာသည် မိသားစုနှင့်အတူ အင်းစိန်တွင် နေထိုင်လျက်ရှိပြီး စာပေများကို ဆက်လက်ရေးသားနေဆဲဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်ညိုပြာ (စက်တင်ဘာ ၂၀၁၉)။ မဂ္ဂဇင်းဝတ္ထုရှည်များ