မောင်မောင်ကြီး (အဆိုတော်)

မောင်မောင်ကြီး (၁၉၃၁-၂၀၂၄ ) သည် မြန်မာနိုင်ငံသား ဂန္တဝင်အဆိုတော်တစ်ဦး ဖြစ်သည်။[၁]အကျည်းတန်ချစ်သူ၊ သစ်ခြောက်ပင်အောက် ပန်းကောက်သူ တေးများနှင့် ကျော်ကြားခဲ့သော အသံပညာရှင်ဖြစ်သည်။

မောင်မောင်ကြီး
အမည်ရင်းမောင်မောင်
မွေးဖွား (၁၉၃၁-0၂-0၁) ဖေဖော်ဝါရီ ၁၊ ၁၉၃၁ (အသက် ၉၃)
ရန်ကုန်မြို့
ကွယ်လွန်ဇန်နဝါရီ ၁၅၊ ၂၀၂၄(2024-01-15) (အသက် ၉၂)
ရန်ကုန်မြို့
ဂီတဟန်မြန်မာသံစဉ်
အလုပ်အကိုင်အဆိုတော်
တက်ကြွသည့်နှစ်များ၁၉၄၇-၂၀၂၀

ငယ်ဘဝ ပြင်ဆင်ရန်

ဖခင် ဦးခင်စိန်နှင့် မိခင်ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်မောင် ဖြစ်သည်။

ဂီတဘဝ ပြင်ဆင်ရန်

မောင်မောင်ကြီးသည် ဂီတနယ်သို့ ၁၉၄၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ မောင်မောင်ကြီး၏ ဂီတဆရာများမှာ ဆရာကြီး ဦးလှဖေနှင့် ဆရာကြီး ဦးအလီတို့ဖြစ်ကြသည်။ ဆရာကြီးများထံတွင် မဟာဂီတကို လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ကျင်းပသည့် ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

မောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ၁၉၅၀ ခု BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးသည့် သီချင်းတစ်ပုဒ်ကို အေဝမ်းခင်မောင်အဖွဲ့နှင့် တပ်မတော် အသံလွှင့်ရုံမှ အသံလွှင့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့တွင် ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့သည်။

မဟာဂီတသီချင်းကြီးများကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့တွင် သီဆို အသံလွှင့်ခဲ့သည်။ ကာလပေါ်သီချင်းများကို ဂီတလုလင် အဖွဲ့၊ ဂီတလုလင် မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေပျဉ်းမနားမြင့်လှိုင်အဖွဲ့များတွင် သီဆို အသံလွှင့်ခဲ့သည်။

မောင်မောင်ကြီးသည် ရေဒီယိုရောင်းတမ်း ဓာတ်ပြားများ၊ ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သော အဆိုတော်ကြီး တစ်ဦး ဖြစ်သည် ။

မောင်မောင်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းအချို့မှာ “တစ်ခုတည်းသော ရည်မှန်းချက်” “နှစ်ဆင့်မေတ္တာ” “နွဲ့နှောင်း” “ရွှေညာဆီသွားမယ်” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်” “အိပ်မက်နိုင်ငံ” “မေတ္တာဇာတ်လမ်း” “ပင်တိုင်ကျော့မှူး” “ဝေးပြီမွှေးရယ်” “တန်ပါ့မဖုရား” “မေတ္တာနုနုစေလာရင်ကွယ်” “စိမ်းလဲ့ညို” “အချစ်ကို ဘယ်လိုပြောရမယ် ” “ကျမျက်ရည် မကြေညာစတမ်း” “အမိုက်မလေး ငှက်ငယ်” “သစ်ခြောက်ပင်အောက် ပန်းကောက်သူ” “လွမ်းအိပ်မက်က သံသရာရှည် ” “ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် ” စသည်တို့ ဖြစ်သည်။

မောင်မောင်ကြီးသည် ဓာတ်ပြားကုမ္ပဏီများ၊ တေးသံသွင်းများတွင် သီချင်းများကို အသံသွင်းသူ တစ်ဦးဖြစ်သည်။ ယခုအခါတွင် မြဝတီရုပ်မြင်သံကြား အကြံပေးအရာရှိ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတေးဂီတ စိစစ်ရေး ဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး နာယက၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအကဲဖြတ်ဒိုင်အဖြစ် ဂီတဆိုင်ရာ တာဝန်များ ဆောင်ရွက်လျက် ရှိသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

သူသည် ၂၀၂၄ခုနှစ်  ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။[၂]

ရရှိခဲ့သောဆုတံဆိပ်များ ပြင်ဆင်ရန်

နိုင်ငံတော်မှ ၂၀၀၄ ခုနှစ်တွင် လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်သည်။ စည်သူဘွဲ့ရ အသံပညာရှင် တစ်ဦးလည်းဖြစ်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီး ဖြစ်သူမှာ ဒေါ်ဝင်းဝင်းမြင့် ဖြစ်ကာ သား ကျော်ကျော်နိုင်၊ သမီးကေသီနိုင်တို့ထွန်းကားသည်။

ကိုးကား ပြင်ဆင်ရန်

  1. ယနေ့လူငယ်များနှင့် ဆို၊ က၊ ရေး၊ တီး ရိုးရာခရီးYangon Media Group (၂၇ ဇွန် ၂၀၂၂)။ ၁၅ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ဂန္ထဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီးယနေ့ ညနေပိုင်းတွင် ကွယ်လွန်Yangon Media Group (၁၅ ဇန်နဝါရီ ၂၀၂၄)။ ၁၅ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။