များပြားသော အချိုးအဆများနိယာမ

ဓာတုဗေဒတွင် များပြားသော အချိုးအဆများနိယာမ (Law of multiple proportions) က ဒြပ်စင်နှစ်ခုသည် ဒြပ်ပေါင်းတစ်ခုထက်ပို၍ ဖွဲ့စည်းဖြစ်တည်ခဲ့လျှင် ပထမ ဒြပ်စင်၏ တိကျမပြောင်းလဲသော ဒြပ်ထုနှင့် ဒုတိယဒြပ်စင်၏ အချိုးအဆများသည် အမြဲတမ်း ကိန်းပြည့်အသေးတစ်ခုဖြစ်နေမည်ဟု အဓိပ္ပာယ်ဖွင့်သည်။[၁] ဤနိယာမကို ရံခါတွင် ဒေါလ်တန် နိယာမ (Dalton's Law) ဟု ဤသဘောကို ပထမဆုံး ဖော်ပြခဲ့သူ ဓာတုဗေဒပညာရှင် ဂျွန် ဒေါလ်တန်က်ု အစွဲပြု၍လည်း ခေါ်ဝေါ်ကြသည်။

ကာဗွန်ဒြပ်စင်သည် အောက်ဆီဂျင်ဒြပ်စင်နှင့် ပမာဏမတူညီစွာ ပေါင်းစပ်၍ အောက်ဆိုက်နှစ်မျိုး ဖြစ်တည်လာသည်ကို ဒေါလ်တန်က သိရှိခဲ့သည်။ နမူနာအားဖြင့် ကာဗွန်ဒြပ်စင်၏ တိကျမပြောင်းလဲသည့် ပမာဏ ၁၀၀ ဂရမ်ရှိကာ ထိုပမာဏသည် အောက်ဆီဂျင် ၁၃၃ ဂရမ် နှင့် ပေါင်းစပ်၍ အောက်ဆိုက်တစ်ခု ဖွဲ့စည်းနိုင်ပြီး အောက်ဆီဂျင် ၂၆၆ ဂရမ်နှင့် ပေါင်းစပ်ကာ အခြားအောက်ဆိုက်တစ်မျိုးကို ထုတ်လုပ်နိုင်သည်။ ထို့ကြောင့် ကာဗွန် ၁၀၀ ဂရမ်ကို ပေါင်းစပ်သည့် အောက်စီဂျင် ၂၆၆ ဂရမ်၏ အချိုးသည် ၂၆၆:၁၀၀ = ၂:၁ ဖြစ်ပြီး ကိန်းပြည့် အသေးတစ်ခုဖြစ်သည်။[၂] ဒေါလ်တန်က ဤရလဒ်ကို ၎င်း၏ အက်တမ်သီအိုရီတွင် ဤအောက်ဆိုက်နှစ်ခု၌ ကာဗွန်အက်တမ် တစ်ခုစီအတွက် အောက်ဆီဂျင်အက်တမ် တစ်ခု နှင့် နှစ်ခု အသီးသီးရှိကြသည်ဟု အဆိုပြုပြီး အနက်ဖွင့်ခဲ့သည်။ ခေတ်ပေါ် သင်္ကေတမှာ ပထမတစ်ခုအတွက် CO (ကာဗွန်မိုနောက်ဆိုက်) နှင့် ဒုတိယတစ်ခုအတွက် CO2 (ကာဗွန်ဒိုင်အောက်ဆိုက်) တို့ဖြစ်ကြသည်။

ဂျွန် ဒေါလ်တန်က ဤစူးစမ်းချက်ကို ၁၈၀၄ တွင် ပထမဆုံး ဖော်ပြခဲ့ကာ[၃] ၎င်းမတိုင်မီ နှစ်အနည်းငယ်ခန့်က ပြင်သစ်ဓာတုဗေဒပညာရှင် ဂျိုးဇက် ပရူးစ်က တိကျသော အချိုးအဆများ နိယာမကို အဆိုပြုခဲ့ဖူး၍ အန်ထော်နီ လဗွိုင်စီယာက ဒြပ်ထု တည်မြဲမှု နိယာမကို သက်သေပြသခဲ့ဖူးရာ ထိုအချက်နှစ်ခုက ဒေါလ်တန်ကို ကူညီနိုင်ခဲ့သည်။ ဤပါဝင်သော ပမာဏများကို ကိန်းဂဏန်းတန်ဖိုးများ အတိအကျဖြင့် ဂရုပြုလေ့လာမှုသည် ဒေါလ်တန်ကို ဤနိယာမအား အဆိုပြုစေနိုင်ခဲ့၏ ။ ဤနမယာမသည် ထိုနှစ်နှောင်းပိုင်းတွင် အဆိုပြုခဲ့ပြန်သော အက်တမ်သီအိုရီအတွက် အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပြီး ဒြပ်ပေါင်းများအတွက် ဓာတုဗေဒ ဖော်မြူလာကို အုတ်မြစ်ချပေးနိုင်ခဲ့သည်။

အီသိန်း (C2H6) with propane (C3H8) ကို နှိုင်းယှဉ်ခြင်းဖြင့်လည်း ဤနိယာမ၏ အခြားနမူနာတစ်ခုကို တွေ့မြင်နိုင်သည်။ အီသိန်းတွင် ကာဗွန် ၁ ဂရမ်နှင့် ပေါင်းစပ်သော ဟိုက်ဒရိုဂျင် အလေးချိန်သည် ၀.၂၅၂ ဂရမ်ဖြစ်၍ ပရိုပိန်းတွင် ဟိုက်ဒရိုဂျင်သည် ၀.၂၂၄ ဂရမ် ဖြစ်သည်။ ထိုအလေးချိန် အချိုးများမှာ ၁.၁၂၅ ဖြစ်ပြီး ကိန်းပြည့်အသေးစား ဂဏန်းအနေဖြင့် ၉:၈ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. law of multiple proportions definition။ 2017-10-26 တွင် ပြန်စစ်ပြီး။
  2. Petrucci၊ Ralph H.; Harwood၊ William S.; Herring၊ F. Geoffrey (2002)။ General chemistry: principles and modern applications (8th ed.)။ Upper Saddle River, N.J: Prentice Hall။ p. 37ISBN 978-0-13-014329-7LCCN 2001032331OCLC 46872308
  3. "law of multiple proportions | chemistry" (in en)၊ Encyclopedia Britannica