မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်
မြန်မာနိုင်ငံ၏ တစ်ဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၀ပြည့်နှစ်တွင် ၄၂၉ယူနစ်ရှိသည်။ ထို့အပြင် တစ်နိုင်ငံလုံး အများဆုံးဝန်အား ၃၈၂၈မဂ္ဂါဝပ်အထိ သုံးစွဲခဲ့သည်။၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတော်ဓာတ်အားစနစ် မဟာဓာတ်အားလိုင်းမှ သုံးစွဲသူ ၅၄ရာခိုင်နှုန်းရှိပြီဖြစ်သည်။[၁]အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)အရ ၂၀၃၀ပြည့်နှစ်တွင် ၁၀၀ရာခိုင်နှုန်းအသုံးပြုနိုင်ရန် စီမံလျက်ရှိသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)ကို ၂၀၁၃ခုနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ကာ ၂၀၁၅ခုနှစ်တွင် စတင်ခဲ့ပြီး ၁၅နှစ်စီမံကိန်းတစ်ခုဖြစ်သည်။ လျှပ်စစ်ထုတ်လုပ်ရန်အတွက် ရေအားကိုသာမက အလှမ်းဝေးသောဒေသများအတွက် နေရောင်ခြည်စွမ်းအင်ကိုသုံး၍ ဓာတ်အားပေးခြင်း၊အသေးစားရေအားလျှပ်စစ်စက်ရုံများ၊လေစွမ်းအင်၊ ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အားပေးနိုင်ရန် စီမံလျက်ရှိသည်။ အချို့ဒေသများတွင် Off Gridဖြင့် ဓာတ်အားပေးလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွက် နိုင်ငံတော်ဓာတ်အားပေးစနစ်ဖြင့် ဓာတ်အားပေးနိုင်ရန်အတွက် မော်လမြိုင်-ရေး-ထားဝယ် စီမံကိန်းကိုလည်း လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရန်ခက်ခဲသော ဒေသများကို မီးပေးနိုင်ရန်လည်း ဆောင်ရွက်နေကြသည်။ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းကို ဆိုလာဒီဇယ်နှင့်စွမ်းအင်သိုလှောင်မှုစနစ် (ESS)ဖြင့် မီးပေးနိုင်ပြီဖြစ်သည်။ ရန်ကုန်တိုင်း ကိုကိုးကျွန်းကိုလည်း ညနေ၆နာရီမှ နံနက် ၁နာရီအထိသာ မီးပေးနိုင်ခဲ့ရာမှ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် ၂၄နာရီမီးပေးနိုင်ခဲ့သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် မိုင်းပျဉ်မြို့များကိုလည်း မီးပေးနိုင်ခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရက ၎င်းတို့ စီးပွားအတွက် အရေးပါသည့် သတ္တုနှင့် တွင်းထွက်တူးဖော်ရေးများအတွက် မိုးကုတ်၊ဟိန္ဒား၊မော်ချီး၊ နမ္မတူ အစရှိသည့်ဒေသများတွင် အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ခဲ့သည်။ ထို့အတူ ၎င်းတို့ အပန်းဖြေရာမြို့များနှင့် ရုံးစိုက်ရာမြို့များတွင်လည်း တည်ဆောက်ခဲ့ကြသည်။၁၉၃၃ခုနှစ်တွင် ရန်ကုန်မြို့တော် ဓာတ်အားပေးရေးနှင့် ဓာတ်ရထားပြေးဆွဲရေးအတွက် ၂၀မဂ္ဂါဝပ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ခဲ့ကာ ကုမ္ပဏီတစ်ခုကို လိုင်စင်နှင့် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ တစ်ယူနစ်လျှင် မြန်မာငွေ ပြား၅၀မှ ၇၉ပြားအထိ ကုန်ကျသဖြင့် သုံးစွဲရန် မလွယ်ကူခဲ့ပေ။ ဓာတ်အားခ ဈေးများလျှင် ကုန်ဈေးနှုန်းမကျဆင်းနိုင်သည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးမှု နှောင့်နှေးမည်ကို စိုးရိမ်သဖြင့် ၁၉၄၇ခုနှစ် ဇွန်လ ၁၆ရက်တွင် ပြုလုပ်သော တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းက ကုန်ဈေးနှုန်းကျဆင်းရေးအချက်ကို ဦးစားပေးမူဝါဒချမှတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ကြားဖြတ်အစိုးရ အဖွဲ့သည် ဆိုရန်တိုဗီလာ စီမံကိန်းအရ၊ ရေအားလျှပ်စစ် ထုတ်ယူရေးကို ရှာဖွေစမ်းသပ်တိုင်းထွာနိုင်ရန် ရေအားလျှပ်စစ် ရှာဖွေ တိုင်းထွာရေးအဖွဲ့ကို ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့သည်။ ထိုအဖွဲ့သည် ၁၉၄၈ ခုနှစ်မှစ၍ ရှာဖွေတိုင်းထွာရေး လုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့လေသည်။ ၁၉၅၁ ခုနှစ်၌ ပြည်ထောင်စု လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့( အီး၊ အက်စ၊ ဘီ ) ကို ဖွဲ့စည်းပြီးရာ၊ ရေအား လျှပ်စစ် ရှာဖွေတိုင်းထွာရေး အဖွဲ့သည် သီးခြား တည်ရှိရန် မလိုတော့သဖြင့် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးလျှင် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့တွင် ရေအားလျှပ်စစ်ဌာနဟူ၍သာ လက်အောက်ဌာနတစ်ခု သီးခြားဖွင့်ကာ ဆက်လက်ဆောင်ရွက် ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်မှစ၍ လုပ်ငန်း အစပျိုးခဲ့သော ရေအား လျှပ်စစ် ရှာဖွေ တိုင်းထွာရေးအဖွဲ့သည် ၁၉၆ဝ ပြည့် နှစ်အထိ ရေအားလျှပ်စစ် ထုတ်ယူနိုင်သော နေရာပေါင်း ၂၁ နေရာကို ရှာဖွေတိုင်းထွာခဲ့သည်။ ထို ၂၁ နေရာ အနက် ၁၄ နေရာကိုမူ သာမန်အားဖြင့် တိုင်းထွာခြင်းသာ ဖြစ်သော်လည်း၊ ၇ နေရာ ကိုမူ ပုံစံများကိုပင် ပြုလုပ် ရေးဆွဲပြီး သေချာစွာ အသေးစိတ် ကြည့်ရှုစူးစမ်းပြီးစီးခဲ့သည်။ ၂၁ နေရာစလုံးမှ ဓာတ်အားများ ထုတ်ယူနိုင်ခဲ့ လျှင်၊ စုစုပေါင်း ဓာတ်အား ကီလိုဝပ်ပေါင်း နှစ်သန်းခန့်ထုတ်လုပ်နိုင်မည်။ သေချာစွာ စူးစမ်းစစ်ဆေးပြီး သော ၇ နေရာမှ ဓာတ်အားများသာ ထုတ်ယူသည့်တိုင်အောင် ဓာတ်အားကီလိုဝပ် လေးသိန်းခန့်ရရှိနိုင်မည် ဖြစ်သည်။ ထို ၇ နေရာအနက် အရေးကြီးသောနေရာ၊ အသုံးအဝင်ဆုံးနှင့် အဆင်အပြေဆုံးသော လုပ်ငန်းတို့ကို ဦးစားပေး၍ လုပ်ကိုင်ရန် စဉ်းစားကြရသည်။[၂]
တာဝန်ရှိသူများသည် ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့အရှေ့ဘက်ရှိ ကျောက်ကြီးချောင်းပေါ်တွင် ၁၄၀မဂ္ဂါဝပ်ထုတ်လုပ်မည့် ဘောဂတစီမံကိန်းကို ကွင်းဆင်းလေ့လာကြသည်။ သို့သော် ရောင်စုံသူပုန်ထကြွမှုများကြောင့် ထိုစီမံကိန်း၏ တိုင်းတာရေးအဖွဲ့ဝင်များ အဖမ်းခံရခြင်း၊ သေဆုံးခြင်းများရှိခဲ့သည်။ ထို့အပြင် ပဲခူးမြို့အနောက်ဘက် ၄၅မိုင်အကွာ ပဲခူးချောင်းပေါ်ရှိ ဇောင်းတူစီမံကိန်းမှာလည်း ဤသို့ကြုံရပြန်သည်။ဤသို့ဖြင့် စီမံကိန်းများ စတင်နိုင်ခဲ့ခြင်းမရှိဘဲ ၁၉၅၄တွင်မှသာ ကယားပြည်နယ် လောပိတအရပ်တွင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဂျပန်နိုင်ငံမှပေးသော စစ်လျော်ကြေးနှင့် တည်ဆောက်ခဲ့ကာ ၁၉၆၀ပြည့်နှစ် ဧပြီလ ၁ရက်နေ့တွင်မှ ရန်ကုန်ကို စတင်ဓာတ်အားပေးနိုင်ခဲ့သည်။ မန္တလေးကိုမူ ၁၉၆၃ခုနှစ်တွင် ဓာတ်အားပေးနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်များတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စိုင်ဒင်ချောင်းတွင် ၆၄မဂ္ဂါဝပ်ထုတ်မည့် စက်ရုံတည်ရန်လည်း ပါဝင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်ရန် ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ကာ ရခိုင်ရိုးမရှိ ဝါးတောများကို အသုံးချကာ စက္ကူစက်တည်ဆောက်ရန်ဖြစ်သည်။ သို့သော် ထိုစီမံကိန်းမှာ မဖြစ်မြောက်ခဲ့ပေ။၁၉၈၀ကျော်ကာလများအထိ မြန်မာပြည်တွင် လောပိတရှိ ဘီလူးချောင်းဓာတ်အားပေးစက်ရုံ အမှတ်(၂) တစ်ရုံသာရှိခဲ့ပြီး ဒေသတွင်းတွင် နောက်ကျကျန်ရစ်ခဲ့သည်။[၃]
အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း
ပြင်ဆင်ရန်အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းသည် ၂၀၃၀ပြည့်နှစ်အမီ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေသည့် အမျိုးသားအဆင့် စီမံကိန်းတစ်ရပ်ဖြစ်သည်။၂၀၁၅-၂၀၃၀ (၁၅)နှစ်တာ စီမံကိန်းဖြစ်သည်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံ၊ မဟာဓာတ်အားလိုင်း၊ ဓာတ်အားလိုင်းများ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပမှ ပြည်သူများသို့ အခြားသော နည်းစနစ်များမှ ဓာတ်အားပေးနိုင်ရန် ဆောက်ရွက်ခြင်း စသည့်လုပ်ငန်းများကို အစိုးရဝန်ကြီးဌာနများမှ ဆောင်ရွက်နေကြသည်။
နိုင်ငံတော်ဓာတ်အားအခြေအနေ
ပြင်ဆင်ရန်၂၀၁၉ခုနှစ်တွင် တစ်နိုင်ငံလုံး စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုကို ရန်ကုန်တိုင်းမှ ၄၁ရာခိုင်နှုန်းကျော်၊ မန္တလေးတိုင်းမှ ၁၆ရာခိုင်နှုန်း၊နေပြည်တော်ပြည်ထောင်စုနယ်မြေမှ ၅ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များမှ ၃၉ရာခိုင်နှုန်းကျော် သုံးစွဲထားကြသည်။[၄]အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အရ ၂၀၂၀-၂၀၂၁တွင် မဂ္ဂါဝပ် ၈၀၀၀ကျော်၊ ၂၀၂၅-၂၀၂၆တွင် ၁၀၃၇၉မဂ္ဂါဝပ်၊ ၂၀၃၀တွင် ၂၃၅၉၄မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန်မျှော်မှန်းထားသည်။[၅]
လျှပ်စစ်ထုတ်လုပ်ရာ စက်ရုံများ
ပြင်ဆင်ရန်၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၌ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် ဓာတ်အားပေးစက်ရုံ ၅၁ရုံရှိသည်။[၆]
တည်ဆောက်ပြီးသော ရေအားလျှပ်စစ်စက်ရုံများ
ပြင်ဆင်ရန်* အကြီးဆုံးစက်ရုံ
စဉ် | စက်ရုံအမည် | စက်အရေအတွက် | စက်တပ်ဆင်အား (မဂ္ဂါဝပ်) | တည်နေရာ |
---|---|---|---|---|
၁ | ဇော်ဂျီ(၁) | ၃ | ၁၈ | ရှမ်း |
၂ | ကျိုင်းတောင်း | ၃ | ၅၄ | ရှမ်း |
၃ | ကင်းတား | ၂ | ၅၆ | မန္တလေး |
၄ | ဆည်တော်ကြီး | ၂ | ၂၅ | မန္တလေး |
၅ | ဇော်ဂျီ(၂) | ၂ | ၁၂ | ရှမ်း |
၆ | သဖန်းဆိပ် | ၃ | ၃၀ | စစ်ကိုင်း |
၇ | မုန်းချောင်း | ၃ | ၇၅ | မကွေး |
၈ | ကြီးအုံကြီးဝ | ၂ | ၇၄ | မကွေး |
၉ | ဘီလူးချောင်း အမှတ်(၁) | ၂ | ၂၈ | ကယား |
၁၀ | ဘီလူးချောင်းအမှတ်(၂) | ၆ | ၁၆၈ | ကယား |
၁၁ | ဇောင်းတူ | ၂ | ၂၀ | ပဲခူး |
၁၂ | ပေါင်းလောင်း | ၄ | ၂၈၀ | နေပြည်တော် |
၁၃ | ရဲနွယ် | ၂ | ၂၅ | ပဲခူး |
၁၄ | ခပေါင်း | ၂ | ၃၀ | ပဲခူး |
၁၅ | ရဲရွာ* | ၄ | ၇၉၀ | မန္တလေး |
၁၆ | ရွှေကျင် | ၄ | ၇၅ | ပဲခူး |
၁၇ | ကွန်းချောင်း | ၃ | ၆၀ | ပဲခူး |
၁၈ | ရွှေလီ(၁) | ၆ | ၆၀၀ | ရှမ်း |
၁၉ | တာပိန်(၁) | ၄ | ၂၄၀ | ကချင် |
၂၀ | သောက်ရေခပ်(၂) | ၃ | ၁၂၀ | ပဲခူး |
၂၁ | နန်ချို | ၂ | ၄၀ | နေပြည်တော် |
၂၂ | ဖြူးချောင်း | ၂ | ၄၀ | ပဲခူး |
၂၃ | အထက်ပေါင်းလောင်း | ၂ | ၁၄၀ | နေပြည်တော် |
၂၄ | မြို့ကြီး | ၂ | ၃၀ | ရှမ်း |
၂၅ | မြစ်သာ | ၂ | ၄၀ | မကွေး |
၂၆ | ဘီလူးချောင်း(၃) | ၂ | ၅၂ | ကယား |
၂၇ | ချီဖွေငယ် | ၃ | ၉၉ | ကချင် |
၂၈ | ရာဇဂြိုဟ် | ၂ | ၄ | စစ်ကိုင်း |
တည်ဆောက်ပြီးသော ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ
ပြင်ဆင်ရန်စဉ် | စက်ရုံအမည် | စက်အရေအတွက် | စက်တပ်ဆင်အား (မဂ္ဂါဝပ်) | တည်နေရာ |
---|---|---|---|---|
၁ | တီကျစ် | ၂ | ၁၂၀ | ရှမ်း |
တည်ဆောက်ပြီးသောနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ
ပြင်ဆင်ရန်စဉ် | စက်ရုံအမည် | စက်တပ်ဆင်အား (မဂ္ဂါဝပ်) | တည်နေရာ |
---|---|---|---|
၁ | မင်းဘူး | ၄၀ (ပထမအဆင့်) ၁၇၀(စတုတ္ထအဆင့်ပြီးမြောက်မည့်အချိန်) |
မကွေး |
ကိုးကား
ပြင်ဆင်ရန်- ↑ ပြည်သူ့အတွက် လျှပ်စစ်အဟုန် နိုင်ငံ့ဂုဏ်။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန။ 20 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
- ↑ မော်သာထွေး (မန္တလေး) (၂၀၁၈)။ စွမ်းအင်နှင့်လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်။
- ↑ အစိုးရသစ် သုံးနှစ်တာကာလအတွင်း နှစ်စဉ်လျှပ်စစ်ဓာတ်အား ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တတိယတစ်နှစ်တာအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးမဂ္ဂါဝပ် ၃၇၀၀ အထိရှိခဲ့ဟုဆို။
- ↑ မြန်မာ့လျှပ်စစ်ကဏ္ဍ တရုတ် လွှမ်းမိုးနေပြီ။
- ↑ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase 1 ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှလျှပ်စစ်ရရှိနိုင်မည်။