အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (အင်္ဂလိပ်: National Electrification Plan -NEP)သည် ၂၀၃၀ပြည့်နှစ်အမီ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေသည့် အမျိုးသားအဆင့် စီမံကိန်းတစ်ရပ်ဖြစ်သည်။၂၀၁၅-၂၀၃၀ (၁၅)နှစ်တာ စီမံကိန်းဖြစ်သည်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံ၊ မဟာဓာတ်အားလိုင်း၊ ဓာတ်အားလိုင်းများ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပမှ ပြည်သူများသို့ အခြားသော နည်းစနစ်များမှ ဓာတ်အားပေးနိုင်ရန် ဆောက်ရွက်ခြင်း စသည့်လုပ်ငန်းများကို အစိုးရဝန်ကြီးဌာနများမှ ဆောင်ရွက်နေကြသည်။၂၀၂၁ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ခုနှစ်တွင် ၇၅ရာခိုင်နှုန်းနှင့် ၂၀၃၀တွင် ၁၀၀ရာခိုင်နှုန်း မီးသုံးစွဲနိုင်ရန် ရည်ရွယ်ထားကြသည်။[၁]

၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံးလူဦး​ရေ၏ ၅၀ရာခိုင်နှုန်း နိုင်ငံ​တော် မဟာဓာတ်အားလိုင်းစနစ်မှ သုံးစွဲခြင်း အထိမ်းအမှတ် စိုက်ထူထားစဉ်

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၄ခုနှစ်အကုန်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၃၀ရာခိုင်နှုန်းကျော်သာ ဓာတ်အားရရှိသေးသည်။ ထို့ကြောင့် ၂၀၃၀ပြည့်နှစ်အမီ တစ်နိုင်ငံလုံး ဓာတ်အားရရှိနိုင်ရန် အမျိုးသားအဆင့်လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ အမျိုးသားအဆင့်လျှပ်စစ်ဓာတ်အားရရှိရေး အမှုဆောင်ကော်မတီကို ထိုစဉ်က နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက နာယကနေရာယူ၍ ဖွဲ့စည်းခဲ့သည်။ အဓိက ဝန်ကြီးဌာနများအဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနများမှ ဆောင်ရွက်သည်။ နောက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ကြသည်။၂၀၂၁ခုနှစ်မှစ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အ​နေဖြင့် ဆက်လက်​ဆောင်ရွက်သည်။

စီမံကိန်းအဆင့်များ ပြင်ဆင်ရန်

စီမံကိန်း၏ ပထမအဆင့်ကို ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း၃၀၀ ချေးငွေရယူ၍ ဆောင်ရွက်လျက်ရှိကာ မဟာဓာတ်အားလိုင်းမှ ၂မိုင်ပတ်လည်အတွင်း ကျေးရွာများ မီးလင်းရန် ဆောင်ရွက်မည်ဖြစ်သည်။[၂]ဒုတိယအဆင့်တွင် မဟာဓာတ်အားလိုင်းမှ ငါးမိုင်အတွင်းရှိ ကျေးရွာများ မီးလင်းရန် ဆောင်ရွက်မည်ဖြစ်သည်။[၃][၄]

ကိုးကား ပြင်ဆင်ရန်