မြန်မာနိုင်ငံ ကုန်းသတ္တဝါများ

ကုန်းသတ္တဝါဆိုသည်မှာ ကုန်းပေါ်တွင် နေထိုင်သော သတ္တဝါများ ဖြစ်သည်။ ကျောရိုးမဲ့သတ္တဝါများအနက် အင်းဆက်ပိုး၊ ပိုးနသန်ကောင်၊ ကင်းခြေများ အစရှိသည်တို့ ပါဝင်သော မီရီအက်ပေါ့များနှင့် ပင့်ကူ၊ ကင်းမြီးကောက် အစရှိသည်တို့ ပါဝင်သော အာရက်နစ်များသည် ကုန်းပေါ်တွင် အများဆုံး တွေ့ရသော ကျောရိုးမဲ့ သတ္တဝါများဖြစ်ကြသည်။

ကျောရိုးရှိသတ္တဝါများအနက် ဆိုပြန်လျှင်ကုန်းနေရေနေ သတ္တဝါတွားသွားသတ္တဝါငှက်နှင့် နို့တိုက်သတ္တဝါမျိုးသည် ကုန်းသတ္တဝါတွင် အများဆုံး ပါဝင်ကြသည်။ ကုန်းအရပ် ဒေသမှ ဖြာထွက်သော လမ်းအသွယ်သွယ်ရှိသည်။ အချို့သော ကုန်းနေသတ္တဝါတို့သည် အစာရှာဖွေရန် သော်လည်းကောင်း၊ ဘေးရန်များမှ အကာအကွယ် ယူရန်သော်လည်းကောင်း၊ မျိုးဆက် ပေါက်ပွားရန်သော်လည်းကောင်း ရေအရပ်ဒေသသို့ ပြန်လည်သွားတက်ကြသည်။ ကုန်းနေရေသတ္တဝါအားလုံးသည် မျိုးဆက်ပေါက်ပွားရန် ရေအရပ်ဒေသသို့ အစဉ်အမြဲ ပြန်လည်သွားရသည်။ တွားသွားသတ္တဝါတို့လည်း ကုန်းသတ္တဝါ စစ်စစ်ဖြစ်သည်။ သို့ရာတွင် အချို့သည် ရေအရပ်ဒေသသို့ အမြဲတမ်း ပြန်လည်သွားရောက် နေုထိုက်ကြသည်။

ဤကဲ့သို့ပြန်လည်သွားသော တွားသွား သတ္တဝါတို့တွင် မိကျောင်းများ၊ လိပ်များနှင့် ပင်လယ်မြွေ၊ ရေမြွေ အစရှိသော မြွေအစုငယ်အချို့တို့ပါဝင်ကြသည်။ အင်းဆက်ပိုးတို့နှင့် ငှက်တို့သည် လေထဲတွင် ပျံဝဲသွားလာနိုင်ကြသော သတ္တဝါတို့ဖြစ်ကြသည်။ သို့ရာတွင် မြေပေါ်တွင် များသေားအားဖြင့် နေထိုင်ကြသောကြောင့် ယင်းတို့ကို ကုန်းသတ္တဝါများ မဟုတ်ဟု မဆိုနိုင်ပေ။ နို့တိုက်သတ္တဝါတို့အနက် အများစုသည် ကုန်းနေသတ္တဝါများ ဖြစ်ကြသည်။ နို့တိုက်သတ္တဝါ အချို့တို့သည် ရံဖန်ရံခါသော်လည်းကောင်း၊ များသောအားဖြင့် သော်လည်းကောင်း သစ်ပင်ပေါ်တွင် နေထိုင်တက်ကြပြီးလျှင်၊ အချို့တို့သည် ရေထဲတွင် အမြဲတမ်း ပြန်လည် နေထိုင်ကြသည်။

မြန်မာနိုင်ငံတွင် သတ္တဝါ ဦးရေနှင့် အမျိုးအစားပေါများလှသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ မြေမျက်နှာပြင်နှင့် ရာသီဥတု အခြေအနေအရဆိုလျှင် ဧရာဝတီ မြစ်တစ်လျှောက်ရှိ မြေပြန့်လွင်ပြင်များ၊ စွတ်စို၍ သစ်တောထူထပ်သော တနင်္သာရီနှင့် ပဲခူးတောင်တန်းများ၊ ခြောက်သွေ့သော အပူပိုင်းဒေသ၊ တောင်ထူထပ်၍ အေးသော မြန်မာနိုင်ငံမြောက်ပိုင်း တောင်ကုန်းဒေသ၊ ရှမ်းကုန်းပြင်မြင့်အစရှိသဖြင့် ဒေသအမျိုးမျိုးရှိသည့်အလျောက် တိရစ္ဆာန်တို့လည်း ထူးခြားစွာ အမျိုးအစား များပြားလှသည်။

မြန်မာနိုင်ငံကို ထင်ရှားသော သတ္တဗေဒဆိုင်ရာ ဒေသကြီးနှစ်ခု ခွဲခြားနိုင်ပေသေးသည်။ ယင်းဒေသတို့မှာ

(၁) သစ်တော်ဖုံးအုပ်လျက်ရှိသော ဟိမဝန္တာ၊ အာသံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှသည် တောင်ဘက်သို့ မြိတ်အနီးအနားတစ်ဝိုက်အထိ ပါဝင်သည့်ဒေသနှင့်

(၂)မလ္လာယုကျွန်းဆွယ်၏ တစ်စိတ်တစ်ဒေသဖြစ်သော တနင်္သာရီတောင်ပိုင်းပါဝင်သည့် ဒေသတို့ဖြစ်ကြသည်။


မြန်မာနိုင်ငံရှိ ကုန်းသတ္တဝါများအကြောင်း ရေးသားရာတွင် အင်းဆက်ပိုးတို့နှင့်တစ်ကွ ယင်းသတ္တဝါတို့အပြင် အရေး ကြီးသော ကျောရိုးရှိ ကုန်းသတ္တဝါတို့အကြောင်းကို အတိုချုံး၍ ပြန်လည်ရေးသားတင်ပြရမည် ဖြစ်ပေသည်။ ဤကဲ့သို့ ရေးသားရာတွင် အဆင့်အောက်တန်းကျသော သတ္တဝါငယ်တို့မှ စရပေမည်။

မြန်မာနိုင်ငံသည် အင်းဆက်ပိုးလေ့လာသူတို့ နှံ့စပ်စွာ မလေ့လာရသေးသော အရပ်ဖြစ်သည်။ ပိတုန်း၊ လိပ်ပြာနှင့် ဖျက်ဆီးတတ်သော အင်းဆက်ပိုးအချို့ကိုသာ စုဆောင်းရှာဖွေကာ ရေးသားဖော်ပြထားပြီးဖြစ်သည်။ သို့ရာတွင် အင်းဆက်ပိုး အများစု အကြောင်းကိုမူကား ရေးသားဖော်ပြထားခြင်း မရှိသေးချေ။ ယင်းတို့သည် ကျွန်ုပ်တို့ နိုင်ငံ၏ထွက်ကုန်များအတွက် အရေးမပါသော အစိတ်အပိုင်းဖြစ်သည်ဟု မည်သို့မျှမဆိုနိုင်ပေ။ ချိပ်ထွက်သော အင်းဆက်ပိုး၊ ပျားနှင့် ပိုးမျှင် ထွက်သည့် ဖလံကောင်တို့သည် မိမိတို့မှရသော အသုံးဝင် ပစ္စည်းများအတွက်လည်းကောင်း၊ ပိုးစုန်းကြူးနှင့် လိပ်ပြာတို့သည် ယင်းတို့၏ လှပသော ဂုဏ်အင်္ဂါကြောင့်လည်းကောင်း၊ ခြများ၊ အပင်ကို ပျက်စီးစေသော အင်းဆက်ပိုးများနှင့် ပေါက်ဖတ်တို့သည် ယင်းတို့၏ ဖျက်ဆီးတတ်သော အလေ့ကြောင့်လည်းကောင်း တောခြင်များ၊ ခြင်ပုန်းများ၊ အလှေးအမွှား၊ သန်းနှင့် ကြမ်းပိုးတို့သည် လူတို့ကို အနှောင့်အယှက် ပေးခြင်း ကြောင့်လည်းကောင်း အရေးပါကြသည်။ ပိုးနသန်ကောင်များ၊ ပင့်ကူများနှင့် ကင်းမြီးကောက်၊ ကင်းမလက်မည်းတို့သည်လည်း လူတို့ကို နှောင့်ယှက်ခြင်းကြောင့် အရေးကြီးသည်။

ကုန်းဒေသတွင် နေထိုင်ကြသော ကျောရိုးရှိ သတ္တဝါများအနက် ရှေးအကျဆုံး သတ္တဝါတို့မှာ အမ်ဖိဗီယာမျိုးပေါင်းတွင် ပါဝင်သော ကုန်းနေရေသတ္တဝါတို့ဖြစ်သည်။ ယင်းတို့သည် များသောအားဖြင့် ကုန်းပေါ်တွင် နေကြသည်။ သို့သော် ပေါက်ပွားရန် ရေထဲသို့ ပြန်သွားကြရသည်။ ပေါက်ခါစ အရွယ်တွင်လည်း ရေထဲ၌ပင် နေတတ်သည်။ မျိုးစဉ်ဆီစီလီအိဒီးမှာ မူ မြန်မာနိုင်ငံတွင် အလွန်ရှားပါးပြီးလျှင် နှစ်မျိုးသာရှိသည်။ ယင်းတို့မှာ အစ်သီယိုဖစ် ဂလူတီနိုဆမ်နှင့် အစ်သီယိုဖစ် မိုနိုခရိုယမ်တို့ ဖြစ်ကြသည်။ ဆလမန်ဒြီးဒီးမျိုးစဉ်တွင် ပါဝင်သော အကောင်များအနက် တိုင်လိုတြိုင်တန် ဗာရုကိုဆပ် တစ်မျိုးသာရှိသည်။ ယင်းတို့ကို ဆစ်ကင်နှင့် ရခိုင်တိုင်းရှိ စွတ်စိုသော တောတို့တွင် တွေ့ရသည်။

ရာနီဒီးမျိုးစဉ်တွင် ပါဝင်သော မျိုးစုအများပင် ရှိသည်။ ယင်းတို့အနက် အချို့သည် ရေတွင်အနေများသည်။ သို့ရာတွင် အများစုသည် ကုန်းပေါ်တွင် နေကြသည်။ ဇီနိုဖရစ်မွန်တီကိုလာခေါ် ဖားမျိုးသည် ပဲခူးနှင့် ဆစ်ကင်တွင် တွေ့ရှိရသည်။ ကယ်လိုဖရိုင်နပ် အင်တာလီနီအေတာသည် အောက်မြန်မာနိုင်ငံရှိ စွတ်စိုသော တောများ၌ ကျောက်တုံးများအောက်တွင် ခိုလှုံ နေတတ်သည်။ မိုက်ခရိုဖိုင်လာ ကာနေတီကာ၊ မိုက်ခရိုဖိုင်လာ ဗဒ်မိုရိုင်၊ ဂလစ်ဖိုဂလော့ဆပ် မော်လဆပ်၊ ကယ်လူလာ ပူလခရာနှင့် ကယ်လူလာ ဂတ်တူလေတာ ဖားခုန်ညင်းတို့ကို မြန်မာနိုင်ငံ အောက်ပိုင်းတွင် တွေ့ရပြီးလျှင် လက်ပတိုဗရက်ကီ ယမ် ဟက်ဆယ်လတီကို ရခိုင်ရိုးမ တောင်ပေါ်တွင် တွေ့ရသည်။ ခြေချောင်းလက်ချောင်း အဖျားများတွင် ကျယ်ပြန့်ပြီးလျှင် သွေးသွင်းကာ ကိုင်တွယ်နိုင်သော စုပ်ကွက်များရှိသော ဖားလည်းအများပင်ရှိသည်။ ထင်ရှားသော အမျိုးတို့မှာ ပေါ်လီပီဒေတီးမျိုးစု၊ အိတ်ဇေလပ်နှင့် ဟိုင်လာခေါ် ဖားပျံမျိုးစုံတို့ တွင် ပါဝင်ကြသည်။ ယင်းတို့ကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။

ဗူဖိုဖားပြုပ်မျိုးစုတွင် ထင်ရှားသော မျိုးစိတ်နှစ်ခုပါဝင်သည်။ ယင်းတို့မှာ ဗူဖိုမီလန်နိုစတစ်တပ်နှင့် ဗူဖိုအက်စပါတို့ ဖြစ်ကြပြီးလျှင် မြန်မာနိုင်ငံ အရပ်ရပ်တွင် တွေ့ရသည်။ တွားသွား သတ္တဝါတို့သည် ကုန်းနေသတ္တဝါအစစ် ဖြစ်သည်။ သို့ရာတွင် ယခုတိုင်ရှိကြသော တွားသွားသတ္တဝါတို့ ပါဝင်သည့် မျိုးစဉ်သုံးခုအနက် စကွာမေတာတွင် ပါဝင်သော ပုတ်သင်မျိုး၊ မြွေမျိုးတို့သည် ကုန်းနေသတ္တဝါတို့ ဖြစ်သည်။ အခြား မျိုးစဉ်နှစ်ခုဖြစ်သော ကရော့ကိုဒီလီယာနှင့် ကီလိုနိယာတို့တွင် ပါဝင်သော မိကျောင်းမျိုး၊ လိပ်မျိုးတို့သည် မိမိတို့ တစ်သက်တာတွင် ရေ၌ အများဆုံး အချိန်ကုန် ကြသည်။


မြန်မာနိုင်ငံတွင် ပုတ်သင်မျိုးတို့ ပါဝင်သည့် မျိုးရင်းရှစ်ခုရှိသည်။ သို့ရာတွင် မျိုးရင်းသုံးခုတွင် ပါဝင်သည့် မျိုးစိတ် တို့ကိုသာ အများဆုံးတွေ့ရသည်။ ယင်းမျိုးရင်း သုံးခုတို့မှာ တောက်တဲ့တို့ပါဝင်သော ဂက်ကိုနီဒီး၊ ပုတ်သင်တို့ ပါဝင်သော အက်ဂါမီးဒီးနှင့် ကင်းလိပ်ချောတို့ ပါဝင်သော ဆကင်ဆီဒီးတို့ ဖြစ်ကြသည်။ တောက်တဲ့မျိုးတွင် ပါဝင်သော ဟယ်မီဒးက်တီ လပ် မျိုးစုဝင် အိမ်မြေ|ာင်များနှင့် တောက်တဲ့တို့သည် လူသိများသော အကောင်များ ဖြစ်ကြသည်။ တောတွင် နေကြသော သတ္တဝါများ ဖြစ် ကြသည်။ ပုတ်သင်ပျံတို့ကို တနင်္သာရီတိုင်းမှ မြောက်ဘက်သို့ ရှမ်းပြည်တောင်ပိုင်းအထိ တွေ့ရသည်။ တစ်နိုင်ငံလုံးတွင် အများအပြား တွေ့ရသော ပုတ်သင်မျိုးမှာ ကယ်လိုတီးမျိုးစုဝင်များ ဖြစ်ကြသည်။

အီလိုလက်ပစ် မျိုးစုတွင်ပါဝင်သော ပုတတ်များကို ရခိုင်၊ ပဲခူးနှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရသည်။ ပုတက်တို့သည် ဟင်းသီးဟင်းရွက်များကိုသာ မှီဝဲသော သတ္တဝါများဖြစ်ကြသည့် အလျောက် နွေဦးပေါက်စတွင် ပွင့်တတ်သော ပုတတ်စာပွင့်များကို စားသည်။ ယင်းတို့သည် ကုန်းသတ္တဝါ သက်သက်ဖြစ်ပြီးလျှင် မြေတွင်းတူးကာ နေတတ်သည်။ အုပ်ဖွဲ့၍ နေတတ်သောအလေ့ ရှိသည်။ အချို့လူများသည် ပုတတ်ကို အလွန်တန်ဖိုးထားကာ စားကြသည်။ ကင်းလိပ်ချော ၁၂ မျိုးမျှ မြန်မာနိုင်ငံတွင် အနှံ့အပြားရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင် အများဆုံး တွေ့ရသည်။ ထို့အပြင် ဖွတ်သုံးမျိုးခန့်ရှိသည်။ ဖွတ်သားနှင့်ဖွတ်ဥကို အချို့လူများ ထူးထူးခြားခြား နှစ်သက် ကြသည်။


မြွေများအနက် တွင်းထဲ၌ အမြဲပုံးအောင်းနေတတ်သော ဆင်ပစ် မြွေငယ်မျိုးမှစ၍ ကြီးမားသော စပါးအုံမြွေကြီး များအထိ အများအပျားရှိသည်။ စပါးအုံမြွေကြီးများသည် သစ်ပင်ရိပ်ကို လာရောက်ခိုလှုံသော တိရစ္ဆာန်ငယ်ုတို့ကို ဖမ်း၍စားရန် သစ်ပင်ထိပ်ဖျားတို့၌ နေတတ်ကြသည်။ ဆင်ပစ်မြွေများအကြောင်း စိတ်ဝင်စားဖွယ် ဒဏ္ဍရီများရှိသည်။ ယင်းဒဏ္ဍာရီများအရဆိုလျှင် ဆင်ပစ်မြွေသည် အဖျား နှစ်ဘက်လုံး၌ ခေါင်းတစ်လုံးစီရှိသည်။ ထိုကြောင့် မိမိတို့ ကြိုက်သလို ရှေ့သို့ပြေးလိုက် နောက်သို့ ပြေးလိုက် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ယင်းမြွေကို ထက်ပိုင်းဖြတ်လိုက်လျှင် တစ်ပိုင်းသည် တစ်ဘက်သို့ ပြေးပြီးလျှင် အခြားတစ်ပိုင်းသည် အခြားတစ်ဘက်သို့ ပြေးသည်။ အချို့ကလည်း ယင်းမြွေတွင် ခေါင်းတစ်လုံး အမြီးတစ်ခုရှိပြီးလျှင် ခြောက်လတစ်ကြိမ် အမြီးနှင့် ခေါင်း နေရာပြောင်းသည်ဟု ဆိုသည်။ မိမိကိုယ်ကိုခြောက်ပေအမြင့် ခုန်ပြီးသော် ဆင်ပေါ်သို့ ရောက်နိုင်သည်။ ယင်းမြွေ ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ဆင်လည်း ယိမ်းယိုင်သွားကာ ချက်ချင်းပင် မြေသို့လဲကျသေသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ယင်းတို့ကို ဆင်ပစ်မြွေဟု ခေါ်ခြင်းဖြစ်လေသည်။ မြန်မာနိုင်ငံတွင် အဆိပ်ရှိသော မြွေမျိုးပေါင်း မြောက်မြားစွာရှိသည်။ မြွေဟောက်၊ ငန်းတော်ကျား၊ မြွေပွေး၊ မြွေစိမ်းမြီးခြောက်များကို အနှံ့အပြား တွေ့ရသည်။ မိမိတို့၏ အစာဖြစ်သော သတ္တဝါငယ်တို့ကို ဖမ်းဆီးရာတွင် အဆိပ်ကို အသုံးပြုသည်။ သို့ရာတွင် လူ၊ တိရစ္ဆာန်အကြီးများနှင့် တွေ့သောအခါ ခုခံကာကွယ်သော သဘောနှင့် အဆိပ်ကို အသုံးပြုသေးသည်။ ယင်းတို့ရှိခြင်းသည် လူတို့ကို ဘေးအန္တရာယ်ဖြစ်စေသည်။ မြန်မာနိုင်ငံကဲ့သို့ လယ်ယာ စိုက်ပျိုးသော တိုင်းပြည်တွင် နှစ်စဉ် မြွေဆိပ်ကြောင့် အသက်ဆုံးရှုံးရသူများမှာ ထောင်ပေါင်းများစွာပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြွေအားလုံးကို သုတေသန မပြုလုပ်ရသေးပေ။ သို့ရာတွင် အိန္ဒိယ-မြန်မာဆိုင်ရာ မြွေ အကြောင်းစာ ပေအရဆိုလျှင် မျိုးရင်း ၁၁ခုရှိပြီးလျှင် မျိုးစု ၉ဝ၊ မျိုးစိတ် ၃၈၈ ရှိသည်။ ယင်းတို့အနက် မျိုးရင်း သုံးခုသာ အဆိပ်ရှိသည်။ ထိုမျိုးရင်း သုံးခုတွင် မျိုးစု ၂၂ခုနှင့် မျိုးစိတ် ၈၁ခုပါဝင်သည်။ အထက်ပါ စာရင်းအရ အဆိပ်မရှိသော မြွေသည် အဆိပ်ရှိသော မြွေထက် ဦးရေများ ကြောင်းသိရပေသည်။


မြန်မာနိုင်ငံ ငှက်များအကြောင်းကို သုတေသီအများပင် ရေးသားဖာ်ပြခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ အများသိကြသော ငှက်မျိုးအချို့ကိုသာ ဖော်ပြလိုပေသည်။ သစ်တောက်ငှက်တို့ပါဝင်သော ပိဆိမျိုးစဉ်တွင် ငှက်မျိုးပေါင်း ၃၄မျိုး ရှိ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသည်။ ငှက်ပန်းထိမ်၊ ဖိုးခေါင်၊ ကုပ်ကလောင်၊ ငှက်ခါး၊ ယောင်ယင်း၊ အောက်ချင်း၊ ယောင်ယင်နက်၊ တောင်ပီစူး၊ ပတူငှက်၊ ပိန်ညင်း၊ ထုတ္တရူ(ထပ်တယူ)၊ ပျံလွှား အစရှိသောငှက်တို့သည် ဗောလစ်တိုရီးမျိုးစဉ်တွင် ပါဝင်၍ ယင်းမျိုးစဉ်တွင် ၁ဝ၆ မျိုးပါဝင်ပြီးလျှင် မြန်မာနိုင်ငံအရပ်ရပ်တွင် တွေ့ရှိနိုင်သည်။ ဥ0x100သ၊ ဝါဖလေး၊ ဘုတ် အစရှိသောငှက် ၂၄ မျိုးတို့သည် စကန်ဆိုရီးမျိုးစဉ်တွင် ပါဝင်သည်။ မြေညေ|ာင်(မြီးညေ|ာင့်)၊ ဗွတ်ဖင်နီ၊ စာ၊ ကျီး၊ ကျီးအတို့သည်အမျိုးပေါင်း ၃ဝဝ-၄ဝဝ အထိရှိသော ပက်ဆာရီးမျိုးစဉ်တွင် ပါဝသည်သည်။ ခို၊ချိုး၊ချိုးပိန်တူး တို့သည် ကောလမ်ဗီး မျိုးစဉ်တွင်ပါဝင်၍ မြန်မာနိုင်ငံတွင် ၃၈ မျိုးခန့်ရှိသည်။ ဥဒေါင်း၊ ဒေါင်းကုလား၊ တောကြက်တို့သည် ဂယ်လီနီးမျိုးစဉ်တွင်ပါဝင်၍ ၂၆ မျိုးရှိသည်။ ကြိုးကြာ၊ ခရုစုတ်၊ ကလူကွက်တို့ ပါဝင်သော ဂရယ်လီးမျိုးစဉ်တွင် အမျိုးပေါင်း ၁၃ဝ ခန့်ရှိသည်။ တောဝမ်းဘဲနှင့် ဘဲမျိုးတို့သည် အန်ဆာရီးမျိုးစဉ်တွင် ပါဝင်၍ ၅ဝခန့်ရှိသည်။ လင်းတ၊ သိမ်း၊ ချိုးသိမ်း၊ ဝံလို၊ ဝံလက်၊ ဒေါင်းစွန်း၊ သိမ်းကျား၊ စွန်ခေါင်းဖြူ၊ စွန်၊ ငှက်ဆိုး၊ တီးတုတ်၊ ဇိကွက်၊ ခင်ပုပ်တို့မှာ ၉၂မျိုးရှိပြီးလျှင် ရပ်ပတိုရီးမျိုးစဉ်တွင် ပါဝင်သည်။ ကြက်တူရွေး၊ ကျေးသန္တာတို့မှာ ၂၄ မျိုးရှိ၍ ဆစ်တာစီဒီးမျိုးစဉ်တွင် ပါဝင် ကြသည်။ တစ်ပြည်လုံးတွင် အနှံ့အပြား တွေ့ရသော ဇွေ့ငှက်မျိုးစိတ်လေးခုရှိသည်။ ယင်းတို့၏ ဒေသမှာ ပဲခူး၊ ဧရာတီအထက် ပိုင်းနှင့် နီကိုဗာကျွန်းများဖြစ်ကြသည်။ လင်းနို့နှင့်လင်းဆွဲ မျိုးစိတ်ပေါင်း ၅၄ ခုကို မြန်မာနိုင်ငံတွင် တွေ့ရ၏။ ယင်းတို့အနက် ကိုးမျိုးသည် အသီးအနှံ စား၍ ကျန် ၄၁ မျိုးသည် အင်းဆက်ပိုးကောင်များစားတတ်သည်။

မျောက်လောင်းပျံတို့ကိုမူကား တနင်္သာရီ၊ ပဲခူးနှင့် ရခိုင်တိုင်းတို့တွင် တွေ့ရကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် သင်းခွေချပ် နှစ်မျိုးတွေ့ရသည်။ ယင်းတို့သည် ခါချဉ်ကောင်များကို စားတတ်၍ ကိုယ်တွင် အကြေးများ ရှိသည်။ နှေးကွေး၍ နှာတံရှည်သော မျောက်မျိုး ဖြစ်သည့် မျောက်မောင်းမကို အာသံမှ ဗောနီယိုအထိ တွေ့ရသော်လည်း မြန်မာနိုင်ငံတွင် အများအပြားမရှိချေ။ အမြီးမရှိသော မျောက်လွှဲကျော် နှစ်မျိုးတွေ့ရသည်။ တစ်မျိုးသည် ဧရာဝတီမြစ်ဝှမ်းတွင် နေထိုင်သော မျောက်လွှဲကျော်မျက်ကွင်းဖြူ ဖြစ်ပြီးလျှင် အခြားတစ်မျိုးသည် တနင်္သာရီတိုင်းတွင် နေထိုင်သော မျောက်လွှဲကျော်လက်ဖြူ ဖြစ်သည်။ မကာကပ်မျောက် ခြောက်မျိုးခန့်ရှိသည်။ ယင်းတို့သည် တနင်္သာရီတွင် တွေ့ရသော မျောက်ပုတီး၊ ရခိုင်တိုင်းနှင့် ဧရာဝတီမြစ်ဝှမ်းကြားတွင် တွေ့ရသော မျောက်နီ၊ စစ်တွေတောင်ဘက်တွင် တွေ့ရသော ကနန်းစား မျောက်တံငါ၊ ကချင်တောင်များမှ အာသံအထိဖြစ်သော တောင်များပေါ်တွင် နေထိုင်သော မျောက်မြီးတို၊ ဧရာဝတီမြစ်ဝှမ်း တစ်လျှောက် ဗန်းမော်အောက်တွင် အစုလိုက်အုပ်ဖွဲ့နေတတ်သော မကာကပ် အက်ဆမ်မန်ဆစ်နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသော မကာကပ်ရီးဆပ်တို့ဖြစ်ကြသည်။

ဆမ်နိုပိသိကပ် မျိုးစုတွင်ပါဝင်သော မျောက်မျိုးစိတ် မြန်မာနိုင်ငံတွင် ငါးမျိုးရှိသည်။ ယင်းတို့သည် မကာကပ် မျောက်များထက် ကြီးပြီးလျှင် ခြေလက်နှင့် အမြီးပို၍ရှည်သည်။ ဆမ်နိုပိသိကပ် ဗာဗိုင်တို့၏ဒေသမှာ တိပါရတောင်များ၊ ကချင်တောင်များနှင့် မန္တလေးအထက် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တို့ဖြစ်သည်။ ဆမ်နိုပိသိကပ် ပီလီအေလပ်တို့ကိုမူကား တိပါရတောင်များမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်အပြင် တောင်ဘက်သို့တနင်္သာရီတိုင်း တိုင်အောင် တွေ့ရသည်။ ဆမ်နိုပိသိကပ် အော့စကုရပ် ခေါ် မျောက်ညိုနှင့် ဆမ်နိုပိသိကပ် ခရိုင်အို ဂတ်စတာတို့၏ ဒေသသည် တနင်္သာရီတိုင်း ဖြစ်ပြီးလျှင်၊ ဆမ်နိုပိသိကပ် ကရစ္စတေးတပ်ခေါ် မျောက်များ၊ မျက်ကွင်းဖြူတို့၏ ဒေသမှာ ရခိုင်နှင့် တနင်္သာရီတိုင်းတို့ဖြစ်ကြသည်။

ရှဉ့်အမျိုးပေါင်း ၂၁ မျိုးကို မြန်မာနိုင်ငံတွင် တွေ့ရသည်။ အများဆုံး တွေ့ရသော အမျိုးမှာ ရှဉ့် အမည်းကြီးမျိုးဖြစ် သည်။ မြေကြွက် မျိုးစိတ်ပေါင်း ၁၈ ခု၊ ကြွက်စုတ် မျိုးစိတ်ပေါင်း ရှစ်ခုနှင့် ပွေးမျိုးစိတ်ပေါင်း ငါးခုရှိသည်။ ဖြူမျိုးစိတ် နှစ်ခုအနက် တစ်ခုကို ရခိုင်တိုင်းတွင် တွေ့ရပြီးလျှင် အခြားတစ်ခုကို တနင်္သာရီတိုင်းတွင် တွေ့ရသည်။

ယုန်မျိုးစိတ် တစ်ခုတည်းသာရှိ၍ ယင်းကို ပဲခူးမြောက်ပိုင်းတွင် တွေ့ရသည်။

ကြောင်ကတိုးနှင့် တစ်ကွ ယင်းနှင့် နီးစပ်သော မျိုးစိတ်ပေါင်း ခုနစ်ခုရှိသည့်အနက် ဗီဗီရာ ဇီဗက်သာခေါ် မီးခိုးရောင် ကြောင်မြင်းသည် အများဆုံးတွေ့ရသော အကောင်ဖြစ်သည်။ ဗီဗီရာ တန်ဂလန်ဂေါခေါ် ကြောင်ကတိုးကျား မျိုးကို ပြည်မြို့မှ ပီနံအထိ တွေ့ရသည်။ ဗီဗီရာကူလာ မလက်ဆင်းစစ်ခေါ် ကြောင်ကတိုးမျိုးကိုမူကား မြန်မာနိုင်ငံအနှံ့အပြား တွင် တွေ့ရသည် ယင်းတို့၏ စစ်ထွက်ရည်သည် မြန်မာဆေးဘက်ဝင် ပစ္စည်းတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသော အခြားကြောင်းတစ်မျိုးမှာ ကြောင်ဝံပိုက်ဖြစ်သည်။ အစင်းသုံးကြောင်းရှိသော ကြောင်နဂါးတို့ကို တနင်္သာရီနှင့် ရခိုင်တိုင်းတို့တွင်လည်းကောင်း၊ ကြောင်နားရွက်ဖြူတို့ကို ရခိုင်တိုင်းမှ တနင်္သာရီအထိလည်းကောင်း၊ မျောက်ကျားတို့ကို မလ္လာယုကျွန်းဆွယ်တိုင်းပြည်များမှ အာသံပြည်အထိလည်းကောင်း တွေ့ရသည်။ မြွေပါမျိုးစိတ် သုံးခုကို မြန်မာနိုင်ငံ အရပ် ရပ်တွင် တွေ့ရသည်။

ဖဲလစ်မျိုးစုတွင် ပါဝင်သော မျိုးစိတ်ရှစ်ခုရှိရာ၊ ဖဲလစ်တိုက်ဂရစ်ခေါ် ကျားကို မြန်မာနိုင်ငံ အနှံ့အပြား တောထူထပ်သော ဒေသများတွင် တွေ့ရသည်။ ဖဲလစ်ပါဒတ်ခေါ် သစ်များနှင့် သစ်ကျားနက်တို့ကို ထားဝယ်ခရိုင်တွင် အများအပြားတွေ့ရသည်။ ငါးဖမ်း၍ စားတတ်သော ကျားကြောင်သစ်ကြောင်၊ ကျောက်ဖြူရောင်ရှိသော ကျားကြောင်နှင့် သာမန်ကြောင်တို့ကို မြန်မာနိုင်ငံ အရပ်ရပ်တွင် တွေ့ရသည်။

ဟီလတ်တော့ မလေယာနတ်ခေါ် ဝက်ဝံတို့၏ ဒေသသည် တနင်္သာရီဖြစ်ပြီးလျှင် အိန္ဒိယဝက်ဝံနက်ကို တောင်ငူအနီးတွင် တွေ့ရကြောင်း တင်ပြထားသည်။ ခွေးတူ ဝက်တူကို ရခိုင်နှင့် စစ်တောင်းမြစ်ဝမ်းတွင် တွေ့ရသည်။

တောခွေးကို မြန်မာနိုင်ငံတွင် အနှံ့အပြား တွေ့ရပြီလျှင် မြေခွေးကို ရခိုင်တိုင်းအတွင်း တောင်ဘက် နတ်မြတ်သို့ တိုင်အောင် တွေ့ရသည်။

ဆပ်စမျိုးစုဝင် တောဝက်မျိုးစိတ် နှစ်ခုရှိကြောင်းသိရသည်။

ရူဆာ အရစ်တိုတယ်လီးခေါ် ဆတ်သည် မြန်မာနိုင်ငံတွင် ပျံ့နှံ့၍ နေသည်။ ဟီလက်ဘက် ပေါ်စီနပ်ခေါ် ဒရယ်ကို တနင်္သာရီမြစ်ဝှမ်းနှင့် စစ်တောင်းတွင်ရှိသော လွင်ပြင်တို့တွင် တွေ့ရသည်။ ပန်နိုလီယ အယ်လဒီခေါ် သမင်တို့ကို ပဲခူး၊ တနင်္သာရီနှင့် မြိတ်အစရှိသည့် ဒေသတို့တွင်လည်းကောင်း၊ ဆာဗူလတ် ဩရီယပ်ခေါ် ချေ၊ တောဆိတ်နှင့် ပြောင်တို့ကို တစ်ပြည်လုံးတွင် ပျံ့နှံ့လျက်လည်ကောင်း တွေ့ရသည်။ စိုင်ကို ပဲခူးတိုင်းတွင်လည်းကောင်း၊ရခိုင်တွင်လည်းကောင်း တွေ့ရသည်။ ဗာဗလပ် အာနီခေါ် ကျွဲရိုင်းကို မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသည်။ တာကင်ခေါ် သားမင်းကို မစ်ရှမီတောင်၊ တိဗက်အရှေ့ပိုင်း၊ အာသံ၊ မြန်မာနှင့် တီဗက်နယ်ခြား၊ ကချင်ပြည်နှင့် သံလွင် ဧရာဝတီခွဲရာ ဒေသအသီးသီးရှိ မြင့်မားသော တောင်တို့ပေါ်တွင် အုပ်ဖွဲ့၍ နေကြာင်းသိရသည်။

မြန်မာနိုင်ငံတွင် ကြံ့မျိုးပေါင်း သုံးမျိုးရှိ၏။ ယင်းအနက် နှစ်မျိုးမှာ ဦးချိုနှစ်ချောင်းရှိ၍ ကျန်တစ်မျိုးမှာ ဦးချို တစ်ချောင်းသာလျှင်ရှိ၏။ ဦးချိုတစ်ချောင်းရှိသော ကြံ့ဆင်မျိုး (ရိုင်နိုဆာရပ် ဆွန်ဒိုင်ကပ်)သည် တနင်္သာရီဒေသရှိ လူမနီးသော မြစ်ကမ်းပါးကြီးများနှင့် တောင်များပေါ်တွင် နေကြာင်းသိရသည်။ ဦးချိုနှစ်ချောင်းရှိ ကြံ့လျှော်မျိုးမှ ရိုင်နိုဆာရပ် လက်ဆီအိုတစ် ကြံ့မျိုးသည် ရခိုင်ရိုးမတောင်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် နေကြ၍ ယင်းတို့သည် အနားတွန့်သော နားရွက်ရှိသည့် ကြံ့မျိုးဖြစ်သည်။ အခြား ချိုနှစ်ချောင်း ကြံ့မျိုးမှာ ရိုင်နိုဆာရပ် ဆူမာတြင်ဆစ်ဖြစ်၍ တနင်္သာရီမှ မလ္လာယု ဒေသတိုင် နေကြာင်း သိရသည်။ ယင်းကြံ့တို့သည် ရိုင်နိုဆာရပ် လက်ဆီအိုတစ်ထက် ငယ်သည်။

တစ်ရရှူး၊ သို့မဟုတ် ကြံ့သူတော် (တစ်ပီးရပ်မလေယာနပ်)မျိုးသည် ထားဝယ်၊ မြိတ်နယ်များမှ မလ္လာယုဒေသတိုင် နေထိုင်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ဆင်တစ်မျိုးတည်းသော ရှိ၍ ယင်းတို့သည် တောဆင်ရိုင်း (အဲလီဖတ် အင်ဒိကပ်)များ ဖြစ်ပြီးလျှင် ထူထပ်သော တောတောင်များတွင် နေကြသည်။ ယင်းတို့သည် အိန္ဒိယဆင်များနှင့် တစ်မျိုးတည်း ဖြစ်သည်ဟု အများက ယူဆကြလေသည်။ []


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)