မြောင်းမြဆရာတော် ရှင်ဉာနာဘိဝံသ
မြန်မာနိုင်ငံ ပရိယတ္တိ သာသနာဝင်တွင် ဒသမမြောက် ရွှေကျင် သာသနာပိုင် မြောင်းမြဆရာတော် အမည်ဖြင့် ထင်ရှားသည်။ အိန္ဒြေ ကြီးမားဝိနည်းလေးစားသည့်အရာတွင် စံပြုခံရသည်။ ရွှေကျင်စိတ် ရွှေကျင်သွေး ထက်သန်၍ ပရိယတ္တိ ပဋိပတ္တိ ဘာသန္တရ စွယ်စုံပြည့်ဝသည်။ ပရိယတ္တိစာပေကို ငကင်းကုန်းကျောင်းဆရာတော်၊ မဟာဝိသုဒ္ဓါရုံဆရာတော်၊ အဘယာရာမဆရာတော်တို့ထံ သင်ယူ၍ ဘာသန္တရ ဒေသန္တရကို သီရိလင်္ကာ၌ လေ့လာခဲ့သည်။ ပရိယတ္တိ စာပေသင်ကြားရေးတွင် ခေတ်မီ ရုံမျှမက စာမေးပွဲထက် စာတတ်မြောက်ရေး ဦးစားပေးသည်။ အထူးအားဖြင့် ဘာသာဋီကာကျမ်းပြု အမရပူရ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသကို ကျောင်းသားအရွယ်မှ ပိဋကတ်စာပေ သင်ယူပြီးဆုံးသည့်တိုင် လမ်းညွှန်ပြုစုပျိုးထောင်ပေးခဲ့ခြင်း။ အင်္ဂလန်သာသနာပြု မြောင်းမြ ပဇ္ဇောတာရုံဆရာတော် ရှင်ဉာနိက၊ ပဲခူးသာသနာ့မဏ္ဍိုင်ဆရာတော် ရှင်ပညာဇောတ၊ မှော်ဘီ သာသနာ့ဝန်ဆောင် ပန်းကုံးဆရာတော် ရှင်ကုမာရ စသော ထူးချွန်ထက်မြက်သည့် တပည့်များ မွေးထုတ်ပေးခဲ့ခြင်း တို့ကြောင့် ပရိယတ္တိသာသနာတွင် စံပြဥယျာဉ်မှူးတစ်ပါးအဖြစ် ထင်ရှား သည်။ ဆရာကောင်းတပည့် တပည့်ကောင်းတို့၏ ဆရာဟု ကမ္ပည်းတင် ခံရသည်။
ဉာနာဘိဝံသ၊ ရှင်၊ မြောင်းမြဆရာတော်
ပြင်ဆင်ရန်၁၈၈၉ ခုနှစ် ဇန်နဝါရီလ ၈ ရက် အင်္ဂါနေ့တွင် စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် ဝမ်းပြည့်ရွာ၌ ဖွားသည်။ မိဘများမှာ တောင်သူမျိုးရိုး ဦးချိမ့် ဒေါ်ငွေယု ဖြစ်သည်။ မွေးချင်း ၁၂ ယောက်တွင် အထွေးဆုံး။ အမည် မောင်ဘိုးစံ။ လေးနှစ်အရွယ်တွင် ဖခင်ဆုံးသည်။
၅ နှစ်တွင် ဝမ်းပြည့်ရွာ သိမ်တော်ဘုန်းကြီး ရှင်ဇာဂရထံ ပညာသင်သည်။ ဇာတ်ကြီးဆယ်ဘွဲ့ တေမိဇာတ် ကုန်သည်။ ၉ နှစ်တွင် ဝမ်းပြည့်ရွာ ရှင်ပင်ရပ်သစ်ကျောင်း ရှင်မာလာထံ ပြောင်းရွှေ့ပညာသင် သည်။ ၁၁ နှစ်တွင် မိခင် ရှင်ဒါယကာခံ၍ ရှင်မာလာကို ဥပဇ္ဈာယ်ပြု သာမဏေဖြစ်သည်။ သာမဏေဘွဲ့ ရှင်ဉာနဝံသ။ ဥပဇ္ဈာယ်ဆရာထံ နန်းကျောင်းသဒ္ဒါကြီး နိဿယ၊ ဗားကရာ သင်္ဂြိုဟ် အရကောက် သင်ယူ သည်။
သာမဏေ ၃ ဝါရတွင် မြင်းမူမြို့ လယ်ပြင်ကျောင်း ရှင်စန္ဒနှင့် ၄ ဝါရတွင် အလ္လကပ္ပရွာ အရှေ့ကျောင်းသစ် ရှင်ပညာတို့ထံ ပြောင်း၍ သဒ္ဒါ သင်္ဂြိုဟ် ဋီကာကျော် ဆက်လက်သင်ယူသည်။ ရှင်ပညာမှာ မန္တလေး တောင်ခွင်တိုက် စာချဖြစ်၍ အဘိဓမ္မာ ညဝါ နိုင်နင်းသည်။ ၈ ဝါရတွင် ရဟန်းခံရန် ရဟန်းဒါယကာ ရွေးချယ်ရာ ဆရာ၏ဆန္ဒကို မလိုက်လျောဘဲ ငကင်းကုန်းကျောင်းစာသင်တိုက် ပြောင်းရွှေ့ခဲ့သည်။ ငကင်းကုန်း ကျောင်းမှာ ရွှေကျင်ဂိုဏ်းဝင်၊ ငကင်းဆရာတော် ရှင်ဒီပသည် ရွှေကျင် တိုက်မထွက်ဖြစ်၍ ဝိနည်းနိုင်၊ ဝိနည်းအလေးထားရာ ရှင်ဉာဏဝံသ အနေအထိုင် ပြောင်းလဲခဲ့သည်။ သဒ္ဓါတရား ထက်သန်လာ၍ ဝိနည်း ဂရုပြုလာသည်။ ငကင်းစာသင်တိုက်တွင် သံဃာ ၄ဝ ခန့်ရှိသည်။ ငကင်း ဆရာတော်၊ တိုက်အုပ်ရှင်ဉာနိန္ဒ စာချ ရှင်ဉေယျတို့ထံ သဒ္ဒါကြီးကို ကစ္စာယနဝဏ္ဏနာ၊ နိဒ္ဒေသ, ဉာသတို့နှင့်တွဲ၍ သင်္ဂြိုဟ်ကို ဋီကာကျော် မဏိမဉ္ဇူတို့နှင့် တွဲဖက်သင်ယူသည်။ ဆန်း အဘိဓာန် ဝစ္စဝါစက ဝိဘတျတ္ထ နှင့် မာတိကာ၊ ဓါတုကထာ၊ ထပ်မံသင်ယူသည်။ ဝိသုဒ္ဓါရုံ သုတ်နက်ကို အာဂုံဆောင်ခဲ့သည်။
၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် သောကြာနေ့တွင် အလ္လကပ္ပရွာ ရွှေစတီကျောင်းသိမ်၌ ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ဉာနဝံသ။ ဥပဇ္ဈာယ်ဆရာ အလ္လကပ္ပရွာ အုတ်လှေကားဘုန်းကြီး (ဘုန်းကြီးဦးအို)၊ ရဟန်းဒါယကာမှာ ကိုရင်ဘဝ ကထိထားခဲ့သောအလ္လကပ္ပရွာမှ ဒေါ်မယ် ဖြစ်သည်။ ရဟန်းဖြစ်ပြီး ဟံသာဝတီခရိုင် သုံးခွမြို့နယ် ဥက္ကံဘုရားကြီး ဆရာတော်ထံ ပြောင်းရွေ့ ပညာသင်ယူသည်။ ဘုရားကြီးဆရာတော် ရှင်ပဏ္ဍိစ္စမှာ ငကင်းဆရာတော်၏ ဝမ်းကွဲညီ ဖြစ်သည်။ ဥက္ကံဆရာတော် ထံတွင် ဘေဒစိန္တာ၊ ကစ္စာယနသာရ၊ ဆန်း၊ အဘိဓာန်၊ အောက်ယမိုက် ကျမ်းများ သင်ယူသည်။ ရဟန်း ဝါမရမီပင် အစိုးရ ပထမငယ်အောင်သည်။ ဘုရားကြီးတိုက်တွင် ကိုယ်တိုင်လည်း စာပေပို့ချသည်။ ဝါကျွတ်လျှင် မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း ပြောင်း၍ သကျသီဟ စာသင်တန်း ဖြေဆိုသည်။ ထိုနှစ်မှာပင် သကျသီဟ စာသင်တန်းနှင့် အစိုးရပထမလတ်တန်း အောင်မြင်သည်။ ဒုတိယဝါကို ငကင်ကုန်း ကျောင်း၌ ဝါဆိုသည်။
၁၉၁ဝ ပြည့်နှစ်တွင် ငယ်ဆရာရင်း ဝမ်းပြည့်ရွာ ရှင်ပင်ရပ်သစ် ကျောင်းဘုန်းကြီး ရှင်မာလာ ပျံလွန်ရာ ဆရာ့အလောင်းကို ကိုယ်တိုင် ထမ်း၍ သင်္ဂြိုဟ်သည်။ တတိယဝါကို ဥက္ကံ ဘုရားကြီးတိုက်၌ ဆိုသည်။ ၁၉၁၁ ခုနှစ်တွင် သကျသီဟ စာချတန်းဖြေရန် မန္တလေး မဟာဝိသုဒ္ဓါရုံ တိုက်သစ် ပြန်လည်သီတင်းသုံးသည်။ ၄ ဝါတွင် အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၅ ဝါတွင် ပါရာဇိကဏ် အဋ္ဌကထာ၊ ၆ ဝါတွင် သီလက္ခန် အဋ္ဌကထာ အောင်မြင်၍ သကျသီဟ ဓမ္မာစရိယဘွဲ့ ဆက်ကပ်ခံရသည်။
၇ ဝါတွင် မဟာဝိသုဒ္ဓါရာမတိုက်၌ ဆက်လက်သီတင်းသုံး၍ မဟာ ဝိသုဒ္ဓါရာမဆရာတော် ရှင်ဝိသုဒ္ဓါစာရ (၁၈၃၈−၁၉၁၆) ထံ ဝိနည်း အဋ္ဌကထာ၊ အဘိဓမ္မာ အဋ္ဌကထာတို့ကို ဆိုဝါလိုက်ဝါ၊ ဆီးပင်ဆရာတော် ရှင်နာရဒါဘိဝသံသထံ ပါရာဇိကဏ် အဋ္ဌကထာ၊ သိက္ခာမဉ္ဇရီ၊ မုဒ္ဓဗောဓ တို့ သင်ယူသည်။ မဟာဝိသုဒ္ဓါရာမဆရာတော်၏ ကျမ်းဂန်အဆုံးအဖြတ်၊ တိုက်တာအုပ်ချုပ်ပုံ၊ တပည့်မွေးမြူပုံတို့ကိုလည်း နည်းခံမှတ်သားသည်။ ထို့နောက် ရွှေဘိုမြို့ မိတ္ထီလာတိုက်၌ ပဋ္ဌာန်းဆိုသည်။ ပဋ္ဌာန်းဆိုပြီး စစ်ကိုင်း ရုက္ခမူချောင်၌ သီတင်းသုံးနေစဉ် ပထမဟာဂန္ဓာရုံဆရာတော် ရှင်ဥတ္တရ (၁၈၅၈—၁၉၁၉) နှင့် ချမ်းအေးဆရာတော် ရှင်သဒ္ဓမ္မ တို့၏ အမိန့်ဖြင့် ပုလိပ်မြို့ ရွှေကျင်ကျောင်းကို လက်ခံပြီး ပရိယတ္တိစာပေ ပို့ချသည်။ ပုလိပ်ကို သံဃာ ၁၅ ပါးနှင့် ကျောင်းသား မောင်ဌေးလွင် (မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ) တို့ လိုက်ပါခဲ့သည်။ ၁၀ ဝါရတွင် ကျန်းမာရေးနှင့် မညီညွတ်၍ စာသင်တိုက်ကို စွန့်ခဲ့သည်။
၁၁ ဝါတွင် မအူပင်မြို့နယ် စစ်ချောင်းရွာ ဂန္ဓာရုံကျောင်း၌ ဝါကပ်၍ စာပေပို့ချသည်။ ဝါကျွတ်လျှင် တပည့် ရှင်ဇနက (မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ) ရဟန်းခံအတွက် စစ်ကိုင်းပြန်သည်။ ရဟန်းခံပွဲပြီး ပထမ မဟာဂန္ဓာရုံဆရာတော် ရှင်ဥတ္တရ အမိန့်အရ ရှင်ဇနကကို စောင့်ရှောက်ရန် ပခုက္ကူ မဟာဝိသုတာရာမတိုက် လိုက်ပါခဲ့သည်။ ဝါတွင်းမှာပင် ကျန်းမာရေးချို့ယွင်း၍ အလ္လကပ္ပရွာ တောကျောင်းပြောင်းရွှေ့ အနားယူ သည်။ ၁၃ ဝါတွင် ဥက္ကံဆရာတော်၏ အမိန့်အရ ငကင်းကုန်းကျောင်း ပြောင်းရွှေ့စာချသည်။ ထိုမှ စစ်ကိုင်း အရှေ့မှန်ကျောင်း၊ မန္တလေး မဟာ ဝိသုဒ္ဓါရုံတိုက်သစ်၊ တောင်မြို့ ဆရာကြီးဦးအုန်းထံ ပြောင်း၍ ယမိုက် ပဋ္ဌာန်း နည်းခံသည်။ ထို့နောက် သူဌေး ဦးပန်းအုံ၏ ပင့်ဖိတ်မှုဖြင့် သထုံခရိုင် အပေါင်အနီး ကျွဲခြံရွာ၌ မဟာဂန္ဓာရုံစာသင်တိုက်တည်၍ ၂ ဝါ ပရိယတ္တိစာပေ ပို့ချသည်။ ၁၇ ဝါတွင် သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူး ကြွပြီး ၂ နှစ် ၆ လကြာ သီဟိုဠ်ဘာသာ၊ အင်္ဂလိပ်ဘာသာများ လေ့လာ၍ ဘာသန္တရ၊ ဒေသန္တရ ဗဟုသုတ ဆည်းပူးသည်။
၁၉ ဝါရတွင် မြောင်းမြမြို့ ကျောင်းဒါယကာ ဦးစု၏ လျှောက် ထားချက်အရ သီရိလင်္ကာမှ ပြန်လာပြီး မြောင်းမြမြို့တွင် ပဇ္ဇေတာရုံ စာသင်တိုက်တည်သည်။ ပဇ္ဇောတာရုံစာသင်တိုက်ကို ၁၉၂၈ ခုနှစ်တွင် တပည့်သံဃာ ၁၂ ပါးနှင့် စတင်အခြေချသည်။ စာချ ရှင်နန္ဒမာလာ၊ ရှင်ကုသလတို့၏ အကူအညီ၊ ဒါယကာ ဦးစု၏ ပံ့ပိုးမှုဖြင့် ဝိနည်းအလေး ထားသော စာသင်တိုက်အဖြစ် တည်ထောင်သည်။ စာမေးပွဲကို ဦးစား မပေးဘဲ စာတတ်မြောက်မှု၊ ဘာသန္တရကြွယ်ဝမှု၊ အနေအထိုင် အပြော အဆို စည်းစနစ်ကျမှုကို ဦးစားပေးသည့် စာသင်တိုက်အဖြစ် ဦးတည်သည်။ ၇ နှစ်အကြာ ၁၉၃၅ ခုနှစ်တွင် စာသင်သံဃာ ၅၇ ပါး၊ ၁၉၄၁ ခုနှစ်တွင် သံဃာ ၇၅ ပါး တိုးပွားလာသည်။ ဂျပန်ခေတ် ၁၉၄၂-၄၅ တွင် ပဇ္ဇောတာရုံ စာသင်တိုက်မှာပင် သီတင်းသုံးသည်။ ကျန်ရစ်သမျှ သံဃာအနည်းငယ် ကို စာပေပို့ချသည်။
စစ်ပြီး ၁၉၄၅ ခုနှစ်တွင် ညောင်တုန်းမြို့ ညောင်ဦးဆရာတော် ရှင်နန္ဒဝံသ ထံမှ ပညာသင်ပြီး ပြန်ရောက်လာသော တပည့်ကြီး ရှင်ဉာနိက (အင်္ဂလန်သာသနာပြု မြောင်းမြပဇ္ဇောတာရုံဆရာတော်) ကို တိုက်တာ အုပ်ချုပ်ရေးနှင့် စာပေပို့ချရေးတာဝန်များ လွှဲအပ်သည်။ စစ်ပြီစ သံဃာ ၁၄ ပါးနှင့် စတင်ရသည်။ ၁၉၄၆ တွင် သံဃာ ၃ဝ မှ ၁၉၅ဝ ပြည့်နှစ်၌ သံဃာ ၈ဝ ခန့် တိုးပွားလာသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် သာသနာရေးအတွက် ဒါယကာ ဦးထိန်ဝင်းကို အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ရှင်ဇနကာဘိဝံသနှင့် တွေ့ဆုံပေးရန် အမရပူရကို ကြွရောက် သည်။
၁၉၄၇ ခုနှစ်တွင် တောင်ကြီးမြို့ အောင်မြေသာစည်ကျောင်းတိုက်၌ ကျင်းပသော သတ္တမအကြိမ် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် အစည်း အဝေးက မြောင်းမြဆရာတော်အား ရွှေကျင်နိကာယ ဗဟိုဌာန မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်ကို ပြန်လည်ပင့်ဆောင်ရန် ဆုံးဖြတ်သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၏ အမိန့်အရ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်ကို အုပ်ချုပ်ရန် ပြောင်းရွှေ့ သီတင်းသုံးသည်။ ၁၉၅၂ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျင်းပသော အဋ္ဌမအကြိမ် ရွှေကျင်နိကာယအစည်းအဝေးတွင် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ ဂိုဏ်းလုံးဝန်ဆောင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထိုနှစ်မှာပင် နိုင်ငံတော်အစိုးရ၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရသည်။
၁၉၅၄ ခုနှစ် ဆဌသင်္ဂါယနာတင်ပွဲတွင် ရွှေကျင်နိကာယ ဒုတိယ သာသနာပိုင်အဖြစ် ရွှေကျင်ဂိုဏ်းကို ဦးဆောင်ပါဝင်သည်။ သင်္ဂါယနာ ဖွင့်ပွဲတွင် ဂိုဏ်းပေါင်းစုံ အတူတကွ သံဃာ့ဥပုဒ်ပြုရေးကို ဒွါရဂိုဏ်းနှင့် အတူ ရွှေကျင်ဂိုဏ်းကို ဦးဆောင်ကန့်ကွက်သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန် မဟာဗောဓိစာသင်တိုက်၊ ၁၉၇၁ ခုနှစ်တွင် မြောင်းမြ ပဇ္ဇောတာရုံ စာသင်တိုက်သစ် တည်ထောင်ရေး ဦးဆောင်လမ်းညွှန်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒသမမြောက် ရွှေကျင်သာသနာပိုင်အဖြစ် တင်မြှောက်ခံရသည်။
ရွှေကျင်သာသနာပိုင်အဖြစ် ရွှေကျင်ဂိုဏ်း ဝိနည်းစာပြန်ပွဲများကို အသက် အရွယ်နှင့် ကျန်းမာရေးကို မငဲ့ကွက်ဘဲ နိုင်ငံအနှံ့ ကြွရောက်ခဲ့သည်။
သက်တော် ၈၇ သိက္ခာ ၆၇ ဝါအရ ၁၉၇၅ ခုနှစ် ဇူလိုင်လ ၂၄ ရက် နံနက် ၇း၀၀ နာရီတွင် ရန်ကုန်မြို့ ကျောက်ကုန်း မဟာဗောဓိ ကျောင်းတိုက်၌ ခန္ဓာဝန်ချခဲ့သည်။ [၁]