မှော်ဘီမြို့
မှော်ဘီမြို့နယ်သည် ရန်ကုန်တိုင်းတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မွန်ဘာသာအရ မှော်ပီ= မုဟ်-ဒေါင့်/ကွေ့၊ ဘီ-ပင်လယ်၊ ပင်လယ်ကွေ့ဟု အဓိပ္ပာယ်ရသည်။[၁]
မှော်ဘီမြို့သည် ယခင်က အင်းစိန်ခရိုင်အတွင်း၌ ပါဝင်ကာ ရန်ကုန်မှ မီးရထားလမ်းအားဖြင့် ၂၅ မိုင်ကွာဝေး၍ ရန်ကုန် - ပြည် မော်တော်ကားလမ်းအားဖြင့် ၃၁ မိုင် ဝေးသော မြို့ကလေးဖြစ်သည်။ စိုက်ပျိုးရေးဌာနမှ စံပြဥယျာဉ်ရှိ၍ ကောက်ပဲသီးနှံ အမျိုးမျိုးကို စမ်းသပ်စိုက်ပျိုးသည့်နည်းမျိုးစုံသဖြင့် စိတ်ပါဝင်စားသူများ သွားရောက်ကြည့်ကြသည်။ နိုင်ငံသမိုင်းတွင် များစွာ မထင်ရှားလှသော်လည်း မြန်မာပညာရှိတစ်ဦးဖြစ်သော မှော်ဘီဆရာသိန်းကြီး၏ နေရပ်ဖြစ်ခဲ့သဖြင့် လူသိများသော မြို့ကလေးလည်း ဖြစ်သည်။[၂]
သို့သော် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ အင်းစိန်ခရိုင်ကို မှော်ဘီခရိုင်ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်လိုက်၍ မှော်ဘီမြို့ကိုလည်း ခရိုင်ဝန်ရုံးစိုက်မြို့အဖြစ် သတ်မှတ်လိုက်လေသည်။ လူဦးရေမှာ ၁၉၅၃-ခုနှစ် သန်းခေါင် စာရင်းအရ (၅၇၃၂)ယောက်ဖြစ်သည်။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ (၂၄၉၈၂၉)ကျော်ခန့်နေထိုင်ကြောင်းသိရသည်။
မှော်ဘီမြို့နယ်တွင် အခြခံပညာမူလတန်းကျောင်း (၂၁)ကျောင်း၊ အခြေခံအလယ်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း ရှိသည်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အနေဖြင့် နည်းပညာတက္ကသိုလ်မှော်ဘီ ရှိသည်။ မှော်ဘီမြို့နယ်လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၆-ခုနှစ် တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်ပေါင်းစုံ ဝန်ကြီးချုပ်ဖလားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရခဲ့၍ ဆုဖလားနဲ့အတူ ချန်ပီယံဖြစ်ခဲ့သည်။ ဆုဖလားအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ချီးမြင့်ခဲ့သည်။
မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မဈေးသည် အလွန်စည်ကားလှသည်။ ထင်ရှားသောစေတီပုထိုးများမှာ ရွှေမော်တင်စေတီတော်၊ ကျိုက်ဒေးဒလွန်စေတီတော်တို့ဖြစ်ကြပြီး သဲအင်းဂူဆရာတော်ဘုရားကြီး၏ ပဋိပတ္တိနိဿယ စတင်ပြန့်ပွားရာ သဲအင်းဂူဝိပဿနာဗဟိုဌာန၊ ဗုဒ္ဓသာသနာလုံးဆိုင်ရာ ရွှေကျင်နိကာယ သန္နိပါတ ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီးများ ကျင်းပရာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တို့ တည်ရှိသည်။
ကိုးကားပြင်ဆင်
- ↑ ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
- ↑ မှတ်တမ်းသမိုင်း ဒဂုံ ဧရာ တနင်္သာတိုင်း၊ လွင်မောင် ရေး၊ ၁၉၇၈၊ ဩဂုတ်လ၊ စာ - ၁၈၂