ရွှေမော်တင်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့၊ အမှတ် ၂ ရပ်ကွက်တွင် တည်ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ရွှေမော်တင်ဘုရားသမိုင်းအရ သက္ကရာဇ် ၁၀၃ ခုနှစ်တွင် နိမ္မိတဆံတော်ပွားများကို ဌာပနာလျက် ရွှေမော်တင်စေတီတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်ကို ကျိုက်တင်းကျိုက် (ဘုရားလက်ထက်ဘုရား) ဟု ဘွဲ့ချီခဲ့သည်။ ဟံသာဝတီကို စိုးစံသော သမလမင်း လက်ထက်တွင် ၎င်းစေတီတော်ကို ကျိုက်မော်တောဟု ဘွဲ့တော် သမုတ်ခဲ့သည်။ သမလမင်း၏ မိဖုရား တိုက္ခပွယ်တော်ဒေဝီ မိဖုရားကြီးဖြစ်ပြီးနောက် ငါးနှစ်အရှိတွင် ယင်းစေတီတော်ကို ဂဝံကျောက်ဖုံးအုပ်မွန်းမံ တည်ပြီးလျှင် ရွှေထီးတင်လှူ၍ ကျိုက်က္ခပွယ်တော်ဟု ဘွဲ့ချီခဲ့သည်။ တိုက္ခမီဘုရားဟု သမိုင်းရာဇဝင်အချို့က ဆိုသည်ကိုတွေ့ရသည်။ သက္ကရာဇ် ၇၃၁ ခုနှစ်တွင် ဟံသာဝတီဗညားဦးလက်ထက် ဒုံမော်ပီမြို့စား အမတ်စွယ်သူရက စေတီတော်ကို ပူဇော်စောင့်ရှောက်သည်။ ဗညားဦး၏သားတော် ဗညားနွဲ့ခေါ် ရာဇာဓိရာဇ်မင်းလက်ထက် မော်ပီမြို့စား အမတ်စွယ်သူရသားက အဖအရာကို ဆက်ဆံ၍ ဘုရားကိုစောင့်ရှောက်ပူဇော်ခဲ့သည်။ သက္ကရာဇ် ၇၈၅၊ ၇၉၀ ပြည့်တွင် ရာဇာဓိရာဇ်၏ သားကြီး ဗညားဓမ္မရာဇာ၊ ၎င်းညီတော်ဗညားရန်ခိုက်တို့အဖ၏ အရိုက်အရာကိုဆက်ခံ စိုးစံကြသည့်အခါ စေတီတော်ကို မြို့စားအမတ်ဥဘာကောင်းကို ပြုပြင်စေသည်။ သက္ကရာဇ် ၈၁၄ ခုနှစ်၊ ရာဇဓိရာဇ်၏သမီးတော် ရှင်စောပုသည် ဟံသာဝတီကို စိုးစံတော်မူသောအခါ မော်ပီမြို့စားအမတ် ဇိန်ဗြဲကို ခန့်အပ်၍ စေတီတော်ကို အုတ်သားအချောရှစ်မြှောင်းချိုးဖြင့် ယခင်စေတီကိုမျိုငုံလွှမ်းခြုံဖုံးအုပ်တည်ခဲ့သည်။ သက္ကရာဇ် ၈၃၃ ခုနှစ်တွင် ဓမ္မစေတီမင်းသည် မော်ပီမြို့စား အမတ်ဇိန်ဗြဲကို ခန့်အပ်၍ မင်းမြှောက်တန်ဆာငါးပါးကို လှူဒါန်းစေပြီးလျှင် စေတီတော်ကို ပြုပြင်စေသည်။ ဓမ္မစေတီမင်း၏ သားတော်ဗညားဟတ္တိရာဇက်လက်ထက် ဇိန်ဗြဲအမတ်ကိုပင်ခန့်အပ်၍ စေတီတော်ကို ပြုပြင်စေသည်။ သုရှင်တကာရွတ်ပိမင်းသည် စေတီဟောင်းကို ဖုံးလွှမ်းမျိုငုံ၍ ထပ်ဆင့်တည်ပြန်ရာ သံတောင် ၈၀ မြင့်ပြီးသောအခါ ရွှေထီးတင်လှူ အထက်ခရာပြီးမှ အောက်ဖိနပ်တော်ရောက် ရွှေသင်္ကန်းကပ်လှူပါသည်။ အင်းဝပြည့်ရှင် မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံ၍ ကြာသပတေးမင်း ခေါ် ဟံသာဝတီရောက်မင်းသည် ပဲခူးမြို့ဗြမ္ဗန္တိရာဇာ၏ သားမက်တော် သ္မိင်ပဂူကို မော်ပီမြို.စား ခန့်အပ်၍ ဘုရားကို ပြုပြင်စေသည်။ ရတနာပူရ တတိယမြို့တည် ဆင်ဖြူရှင်မင်းတရားကြီး၏ မော်ပီမြို့စား မိဖုရားကြီးမှ မော်တင်စေတီတော်ကို ရွှေထီးတင်လှူ၍ ရွှေလုံးပြည့်ကပ်လှူခဲ့သည်။ သက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် စေတီတော်ပြိုကျပျက်စီးခဲ့ရာမှ ဘုရင်မရှင်စောပုတည်သော ရှစ်မြှောင်းချိုး အုတ်သားစေတီပေါ်ထွက်လာခဲ့သည်။ ၁၂၇၂ ခုနှစ်တွင် မော်ပီမြို့နယ်၊ လိန်ကုန်းတိုက်၊ ရိုးကြီးရွာမှ ဦးရွှေရောက်နှင့် ဇနီးဒေါ်သဲဝါတို့မှ ပြုပြင်မွမ်းမံခဲ့ရာ ထပ်မံပြိုကျသဖြင့် ၁၂၇၄ ခုနှစ်တွင် ၎င်းတို့ ဇနီးမောင်နှံမှပင် ထပ်မံပြုပြင်မွမ်းမံကာ ရွှေထီးတော်တင်လှူခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

ရွှေမော်တင်စေတီသမိုင်းစာအုပ်