ယထာသန္တတိဓုတင် ဆောက်တည်မည့် ရဟန်းသည် မိမိအား ချထားသော ကျောင်းအိပ်ရာ နေရာ၌သာလျှင် နေရ၏။ ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြင့် ချထားပေးသည့် နေရာအတိုင်းမနေပဲ မိမိစိတ်ကြိုက် ကျောင်းအိပ်ရာနေရာ၌ မနေရပေ။ နေရာ၌ နေလိုသော တဏှာဖြင့် ရဟန်းငယ်များကို နေရာမှ ထသွားအောင် မပြုလုပ်ရပေ။[၁]

ဆောက်တည်ပုံ ပြင်ဆင်ရန်

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

ယထာသန္တတိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ ချထားပေးသော နေရာ၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ဓုတင်ဆောင် ရဟန်း ၃-မျိုး ပြင်ဆင်ရန်

ဤ၌လည်း

(၁) အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းသည် မိမိအတွက် ရောက်လာသော ကျောင်းကို ဝေးလွန်းသလော၊ နီးလွန်းသလော၊ ဘီလူး, မြွေစသော ဘေးရန်ရှိသလော၊ ပူသလော၊ အေးသလောဟု မေးရန်အခွင့်မရှိ ချေ။

(၂) အလတ်စား (= မဇ္ဈိမ) ဓုတင် ဆောင်ရဟန်းသည်ကား မေးခွင့်ရှိ၏။ သို့သော် သွား၍ မကြည့်ကောင်း။

(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင် ရဟန်းသည် သွား၍ ကြည့်ရှုပြီးသော် မနှစ်သက်ခဲ့လျှင် တခြား ကျောင်းကို ပြောင်းယူနိုင်ခွင့် ရှိ၏။ ယင်း ရဟန်း ၃-မျိုးလုံး ကျောင်း၌ လျှပ်ပေါ်မှု တဏှာဖြစ်ခဲ့သော် ဓုတင်ပျက်၏။ [၂]

ဓုတင်ပျက်စီးခြင်း ပြင်ဆင်ရန်

ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြစ်ကာမျှ၌ ယထာသန္တတိဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

ထိုဓုတင်ဆိုင်ရာသည် သံဃိကကျောင်းများတွင် သံဃာဝါစဉ်အလိုက် ကျောင်းနေရာ ခွဲဝေချထားရာ၌သာ ဆိုလိုသည်၊ ယနေ့ခေတ်၌ ထိုသို့ကျင့်သုံးခြင်း မရှိသလောက်ပင် ဖြစ်၍ သင့်တော်သလိုသာ ဆောက်တည်ကျင့်သုံးကြရာ၏။

ထိုသို့ဓုတင်သီးသန့် မဆောင်သာသော်လည်း၊ မြို့ကျောင်း၌ဖြစ်စေ၊ ရွာကျောင်း၌ဖြစ်စေ၊ တောရကျောင်း၌ဖြစ်စေ၊ ရိပ်သာကျောင်းများ၌ဖြစ်စေ မိမိသီတင်းသုံးရာ နေရာ အဆောင်အဦ တို့၌ဖြစ်တတ်သော လောလုပ္ပတဏှာကို ခါတွက်ရန်မှာ ဤဓုတင်၏လိုရင်းအနှစ်သာရ ဖြစ်ပေတော့သည်။

ယထာသန္ထတိကဓုတင် ဆောင်ရကျိုး ပြင်ဆင်ရန်

  • (၁) ရသမျှဖြင့်သာ ရောင့်ရဲတင်းတိမ်ရမည် ဟူသော ဘုရားရှင်၏ ဩဝါဒကို လိုက်နာခြင်း၊
  • (၂) သီတင်းသုံးဖော်တို့၏ အစီးအပွါးကို လိုလားရှာမှီးသူ ဖြစ်ခြင်း၊
  • (၃) ညံ့၏ ကောင်း၏ဟု အထူးကြံမှုကို စွန့်ပယ်နိုင်ခြင်း၊
  • (၄) ချစ်ခြင်း မုန်းခြင်းကို ပယ်နိုင်ခြင်း၊
  • (၅) အာရုံမျိုးစုံ၌ တပ်မက်ခင်မင်မှု တဏှာ၏ ဝင်ပေါက် တံခါးကို ပိတ်နိုင်ခြင်း၊
  • (၆) အနိစ္စတာ စသော ဂုဏ်တို့အားလျော်သေ အသက်မွေးမှု ရှိခြင်း ဟူသော အကျိုးများကို ရနိုင်သည်[၃][၂]

တိုက်တွန်းချက် ပြင်ဆင်ရန်

ယထာသန္တတိဓုတင်ဆောင် ပုဂ္ဂိုလ်သည် မိမိရအပ်သော ကျောင်းဖြင့် ရောင့်ရဲလွယ်၏။

ယုတ်မြတ် ဆိုးကောင်း ရွေချယ်ခြင်းမရှိသဖြင့် မြက်ခင်းပေါ်၌ပင် ချမ်းသာစွာအိပ်စက်နိုင်စွမ်း၏။

မွန်မြတ်သောကျောင်း၌လည်း မတပ်မက် ညံ့ဖျင်းသောကျောင်း၌လည်း အမျက်မထွက်။

(ဝါငယ်သူတို့အား) နေရာမှဖယ်ကြပါ၊ သွားကြပါ ဟု ပြောဆိုနိုင်လျက် မပြောဆိုခြင်းဖြင့် သီတင်းသုံးဖော်တို့၏ အကျိုးကိုလိုလားသောစိတ်ဖြင့် သနားစောင့်ရှောက်တတ်၏။

ထို့ကြောင့်…

မြတ်စွာဘုရားရှင်သည် ချီးမွမ်းတော်မူအပ်သော၊ အရိယာသူတော်ကောင်းတို့၏ အလေ့အကျင့်ဖြစ်သော မိမိအားညွှန်ပြချပေးသော ကျောင်း၌သာ မွေ့လျော်သည်၏အဖြစ်ကို (ယထာသန္တတိဓုတင်ဆောင်သူအဖြစ်ကို) ပညာရှိသော ယောဂီရဟန်းသည် နှစ်သက်မြတ်နိုးစွာ ကြိုးကုတ်အားထုတ်အပ်ပေသတည်း။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. ၂.၀ ၂.၁ တိပိဋကအဘိဓာန် အတွဲ-၁၁
  3. (ဝိသုဒ္ဓိ၊၁၊၇၅)
  4. သဗြဟ္မစရိယ-ဓမ္မဝိနယ