ရုက္ခမူဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ရုက္ခမူဓုတင် ဆောက်တည်မည့် ရဟန်းသည် အုပ်ကြွပ်၊ ကျောက်ပြား၊ အင်္ဂတေ၊ သက်ကယ်၊ သစ်ရွက် တို့တွင် တစ်ခုခုဖြင့် မိုးထားသော အရိပ်အာဝါသ၌ မနေရ၊ သစ်ပင်အောက်၌သာ နေရသည်။

ပုဂ္ဂိုလ်သုံးမျိုး ပြင်ဆင်ရန်

ဓုတင်ဆောင်ပုဂ္ဂိုလ် အမြတ်စား၊ အလတ်စား၊ အညံ့စား ဟု သုံးမျိုးသုံးစား ရှိ၏။ အမြတ်စားပုဂ္ဂိုလ်မျာ သစ်ပင်ကောင်း သစ်ပင်သန့် မရွေးချယ်ဘဲ မည်သည့် သစ်ပင်အောက်မှာမဆို သစ်ရွက်ပုံများကို ကိုယ်တိုင်ခြေဖြင့် ဖယ်ရှင်း၍ နေရ၏။ အလတ်စားပုဂ္ဂိုလ်သည် သစ်ပင်အောက် ရောက်လာသူများကို ရှင်းခိုင်းခွင့် ရှိ၏။ အညံ့စားပုဂ္ဂိုလ်သည် ကျောင်းသားသာမဏေတို့ကို ခေါ်၍ သစ်ရွက်ရှင်း၊ သဲခင်း၊ နံရံကာ၊ တံခါးတပ်စေလျက် နေခွင့်ရှိ၏။[၁]

ဆောက်တည်ပုံ ပြင်ဆင်ရန်

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် ဆန္နံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ အမိုးရှိသော အရိပ်အာဝါသကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

ရုက္ခမူလိကင်္ဂ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ဓုတင်ဆောက်တည်ရမည့် သစ်ပင် ပြင်ဆင်ရန်

  • ရုက္ခမူ ဓုတင်ဆောင် ရဟန်းသည် နိုင်ငံ ၂ နိုင်ငံ တို့အကြား ပေါက်သောသစ်ပင်,
  • လူတို့ကိုးကွယ်ဆည်းကပ်သော နတ်စင်နတ်နန်းသစ်ပင်,
  • အစေးသုံးစွဲရသော သစ်ပင်,
  • အသီးစားရသော သစ်ပင်,
  • လင်းနို့များနားနေ သုံးစွဲသောသစ်ပင်,
  • မြွေစသည်တို့ အောင်းလောက်သော အခေါင်းရှိသော သစ်ပင်,
  • ကျောင်းတိုက် အလယ်ရှိသစ်ပင် ယင်းသစ် ပင်တို့ကို ရှောင်ကြဉ်၍ ကျောင်းတိုက်၏ အစွန်အနား၌ တည်ရှိသောသစ်ပင်ကို ရွေးချယ်၍နေရ၏။ [၂]

အထူးသတိပြုရန် ပြင်ဆင်ရန်

လူအများ ပူဇော်ပွဲပြုလုပ်ရာနေ့၌ မိမိနေမြဲ သစ်ပင်ရင်း၌ မနေပဲ (ရုက္ခမူဓုတင်ဆောင်မှန်း မသိစေရန်)တခြား ဖုံးကွယ်ရာအရပ်၌နေရသည်။ အခြားလိုက်နာ ကျင့်ဆောင်ရန် အချက်များကို အဗ္ဘောကာသိကဓုတင် ရှူ။ [၂]

ဓုတင် ပျက်စီးခြင်း ပြင်ဆင်ရန်

အမိုးမိုးထားသော အရိပ်အာဝါသတွင် နေသော ခဏ၌ပင် ရုက္ခမူဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

  • တရားနာခြင်း၊ ဥပုသ်ပြုခြင်းတို့အတွက် အမိုးအောက်သို့ ဝင်ရောက်အပ်၏၊ ဝင်ရောက်စဉ် မိုးရွာခဲ့သော် မိုးစဲလျှင် အပြင်သို့ထွက်အပ်၏၊
  • ဆွမ်းစားကျောင်း၊ မီးတင်းကုပ်တွင်းဝင်၍ ဆိုင်ရာဝတ်ကိုပြုခြင်းငှာ လည်းကောင်း၊
  • သူတပါးတို့အား စာသင်ပေးရန်လည်းကောင်း၊
  • မိမိက စာပေသင်ယူလို၍လည်းကောင်း၊
  • ကျောင်းအပြင်၌ မထားအပ်သော ပစ္စည်းများကို အမိုးအကာအောက်သို့ သွင်းရန်လည်းကောင်း၊ အမိုးအောက်သို့ ဝင်အပ်၏။
  • ခရီးသွားနေစဉ် မိုးရွာလျှင် လမ်းအလယ်၌တည်သော ဇရပ်သို့ဝင်နေပြီး မိုးစဲလျှင်သွားအပ်၏။

ရုက္ခမူဓုတင်ဆောင်ရကျိုး ပြင်ဆင်ရန်

  • (၁) ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ-ဟူသော ဘုရားရှင်၏ အမိန့်တော်အတိုင်း ရဟန်းဖြစ်စက ဝန်ခံခဲ့သော တတိယ နိဿယအားလျော်သော အကျင့်ပဋိပတ်ရှိခြင်း၊
  • (၂) တန်ဖိုးနည်း၍ ရလွယ်သည်, အပြစ်ကင်းပေသည်ဟု ဘုရားရှင်ချီးမွမ်းအပ်သော ပစ္စည်းရှိသူ ဖြစ်ခြင်း၊
  • (၃) အမြဲမပြတ် သစ်ပင်သစ်ရွက်တို့၏ ဖောက်ပြန်မှု “ခဏဘင်”ကို တွေ့မြင်ရသဖြင့် မမြဲဟူ၍ဖြစ်သော အမှတ်သညာကို ဖြစ်စေနိုင်ခြင်း၊
  • (၄) ကျောင်း၌ ဝန်တိုမှုမရှိခြင်း၊
  • (၅) ကျောင်းကြောင့် ဖြစ်သော အမှုကိစ္စ လုပ်ခန်း၌ မွေ့လျော်မှုမရှိခြင်း၊
  • (၆) အပ္ပိစ္ဆတာ-စသော ဂုဏ်အားလျော်သော အသက်မွေးမှုရှိခြင်း ဟူသော အကျိုးတို့ကို ရနိုင်သည်([၃][၂]

တိုက်တွန်းချက် ပြင်ဆင်ရန်

  • -တန်ဖိုးနည်း၍ရလွယ်ခြင်း အစရှိသော ဘုရားရှင်ချီးမွမ်းတော်မူအပ်သော၊
  • -ရဟန်းတို့၏မှီရာဟူ၍လည်း ဟောတော်မူအပ်သော၊
  • -ဆိတ်ငြိမ်ခြင်းကိုအလိုရှိသော ယောဂီရဟန်းအား သစ်ပင်ရင်းနှင့်တူသော နေရာသည် အဘယ်မှာရှိပါတော့အံနည်း။
  • -ကျောင်း၌ဝန်တိုခြင်းမရှိသော၊
  • -နတ်ဗြဟ္မာတို့စောင့်ရှောက်အပ်သော၊
  • -တိတ်ဆိတ်ငြိမ်သက်သော သစ်ပင်ရင်းအနီး၌နေသော၊
  • -ကောင်းသောအကျင့်ရှိသော ရုက္ခမူဓုတင်ဆောင်ပုဂ္ဂိုလ် သည်…
  • နုသောအခါ နီကုန်သော၊ ရင့်သောအခါ စိမ်းညိုကုန်သော၊အလွန်ရင့်သောအခါ အရောင်ဖျော့တော့လျက် အညှာမှကြွေကျကုန်သော သစ်ရွက်တို့ကို မြင်ရသောကြောင့် နိစ္စသညာကို ပယ်ဖျောက်နိုင်၏။

သစ်ပင်ဟူသည်…

ဘုရားအလောင်းဖွားတော်မူရာ၊

ဘုရားဖြစ်တော်မူရာ၊

ဓမ္မစကြာတရားဦး ဟောတော်မူရာ၊

ပရိနိဗ္ဗာန်စံတော်မူရာ နိဗ္ဗာန်သို့ဝင်တော်မူရာဖြစ်၍ ဘုရားရှင်၏ အမွေတော်ဖြစ်သော ဘာဝနာ၌ အလွန်မွေ့လျော်သူတို့၏ နေရာဖြစ်သော၊ ဆိတ်ငြိမ်ရာအရပ်ဖြစ်သော သစ်ပင်ရင်းကို ပညာရှိတို့သည် မထီမဲ့မြင်မပြုရာ။

ထို့ကြောင့် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ရုက္ခမူဓုတင်ဆောင်ပုဂ္ဂိုလ်အဖြစ် မွေ့လျော်ခြင်းကို ပြုအပ်ပါပေ၏။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. ၂.၀ ၂.၁ ၂.၂ တိပိဋကအဘိဓာန် အတွဲ-၁၁
  3. ဝိသုဒ္ဓိ၊၁၊၇၁-၂)
  4. သဗြဟ္မစာရီ-ဓမ္မဝိနယ