ရေဝတဘုရား
၎င်းဘုရားရှင်[၁]သည် သုဓညဝတီပြည် ဝိပုလမင်းကြီးနှင့် ဝိပုလာမိဖုရားကြီးတို့မှ မွေးဖွားသော သားရတနာဖြစ်သည်။ အနှစ်(၆၀၀) တို့ပတ်လုံး သုဒဿန ရတနဂ္ဃိ, အာဝေဠ-ဟူသော ရွှေနန်းသုံးဆောင်၌ သုဒဿနာ မိဖုရား အမှူးရှိသော မောင်းမအပေါင်း (၃၃၀၀၀)ခြံရံလျက် မင်းစည်းစိမ်ကို ခံစားစဉ် နိမိတ်ကြီး ၄-ပါးကို မြင်၍ အာဇာနည် မြင်း ကသောရထားယာဉ်ဖြင့် အင်္ဂါ ၄-ပါး ၄-ပါး ရှိသော စစ်တပ်ခြံရံကာ တောထွက်တော်မူသည်။
အလောင်းတော်မင်းသားသည် ဗြဟ္မာမင်း လှူဒါန်းအပ်သော သင်္ကန်းကို ဝတ်ရုံ၍ ရဟန်းယောကျ်ား ၁-ကုဋေ ခြံရံကာ ၇-လပတ်လုံး ဒုက္ကရစရိယာ ကျင့်တော်မူသည်။ ကဆုန်လပြည့်နေ့၌ သာဓုဒေဝီ သေဋ္ဌေးသမီးလှူအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် မဟာဗောဓိ ကံ့ကော်ပင် ရင်းဝယ် (၅၃) တောင် ပမာဏ ရှိသော-အပရာဇိတပလ္လင်ထက်၌ ဘုရား ဖြစ်တော်မူသည်။
ဗြဟ္မာမင်းကြီးတောင်းပန်သောကြောင့် ဝရုဏာရာမကျောင်းတိုက်ကြီး၌ ရဟန်းတော် ၁-ကုဋေနှင့် နတ် လူ ဗြဟ္မာတို့အား ဓမ္မစကြာတရားကို ဟောတော်မူသည်။ ထိုတရားပွဲကြီး၌ ၁-ကုဋေသော ရဟန်းတော်တို့ အရဟတ္တဖိုလ်တည်ကြသည်။ အောက်မဂ် အောက်ဖိုလ်တည်သော သူတို့ကား ဤရွေ့ ဤမျှဟု အပိုင်းအခြားမရှိ များလှကုန်၏။ ထို့နောက် ဥတ္တရမြို့၌ အရိန္ဒမ မင်းကြီးအား အလွန်ဆန်းကြယ်သော တရားဒေသနာကို ဟောတော်မူရာ ထိုတရားပွဲကြီး၌ ကုဋေတစ်ထောင်သော နတ် လူတို့ သစ္စာ ၄-ပါးတရားကို သိမြင်ကာ အကျွတ်တရား ရကြသည်။
ထို့နောက် ဥတ္တရအမည်ရှိသော နိဂုံး၌ သီတင်းသုံးတော်မူစဉ် ၇-ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူပြီး နိရောဓ သမာပတ်မှ ထတော်မူသည့်အခါ နိဂုံးသူ နိဂုံးသားတို့အား နိရောဓသမာပတ်၏ ဂုဏ်ကျေးဇူးကို ဟောတော်မူရာ ကုဋေတစ်ရာသော နတ်လူတို့ အရဟတ္တဖိုလ်တည်ကုန်၏။ ဤသို့တရားပွဲကြီး ၃-ကြိမ်ဖြစ်၏။ သာဝက အစည်းဝေးကြီးလည်း ၃-ကြိမ်ရှိရာ ပဌမ အကြိမ် သုဓညဝတီမြို့၌ ဧဟိဘိက္ခုရဟန်း အဖြစ်ဖြင့် ရဟန်းပြုကြကုန်သော များပြားသော ရဟန္တာအရှင်မြတ်တို့အား ပါတိမောက် ပြတော်မူ၍ တစ်ဖန် ဒုတိယ အကြိမ် မေခလမြို့၌ ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုကြကုန်သော ကုဋေတစ်သိန်းသော ရဟန္တာ အရှင်မြတ်တို့အား ပါတိမောက်ပြတော်မူ၏။ တစ်ဖန် တတိယအကြိမ် ပညာအရာ ဧတဒဂ်ရ လက်ျာရံ အဂ္ဂသာဝကဖြစ်သောဝရုဏ မထေရ် မကျန်းမာစဉ် လူနာမေးလာကြသော လူ အပေါင်းအား လက္ခဏာရေးသုံးပါးကို ပိုင်းခြား ဖော်ပြတတ်သော တရားစကားကို ဟောကြားတော်မူ၍ ကုဋေတစ်သိန်းသော ရဟန်း ယောက်ျားတို့ကို ဧဟိဘိက္ခု ပြုပေးပြီးလျှင် အရဟတ္တဖိုလ် တည်စေကာ ပါတိမောက်ပြတော်မူ၏။ ဤသို့ သာဝက အစည်းအဝေးကြီးလည်း ၃-ကြိမ်ပင်ဖြစ်၏။
ရေဝတဘုရားလောင်း၏ အဂ္ဂဒေဝီ မဟေသီ မိဖုရားကား သုဒဿနာ မိဖုရားကြီးဖြစ်၍ သားတော်မှာ ဝရုဏ မင်းသား ဖြစ်လေသည်။ ထီးနန်းစိုးစံသည့် နှစ်ပေါင်းမှာ နှစ်ပေါင်း (၆၀၀၀)ဖြစ်သည်။ နိမိတ်ကြီး ၄-ပါးကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ အာဇာနည်မြင်းကသည့် ရထားယာဉ်ဖြစ်၍ ၇-လကြာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။ အဂ္ဂသာဝက ၂-ပါးမှာ ဝရုဏမထေရ်နှင့် ဗြဟ္မဒေဝမထေရ်တို့ဖြစ်ကြ၍ အလုပ်အကျွေးမှာ သမ္ဘဝမထေရ် ဖြစ်လေသည်။ အဂ္ဂသာဝိကာ ၂-ပါးမှာ-ဘဒ္ဒါထေရီမနှင့် သုဘဒ္ဒါ ထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင် ဖြစ်လေသည်။ မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ပဒုမသေဋ္ဌေးနှင့် ကုဉ္ဇရသေဋ္ဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ သိရိမာနှင့် ယသဝတီတို့ ဖြစ်ကြလေသည်။ အရပ်တော်မှာ အတောင် (၈၀)မြင့်တော်မူ၍ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်သည် နေ့ရောညဉ့်ပါ ၁-ယူဇနာတိုင်တိုင် ပြန့်နှံ့၏။ အသက်တော်မှာ အနှစ် (၆၀၀၀၀)တမ်း ဖြစ်၏။ [၂]။ [၃]
၈။ ရေဝတ-ဘုရားရှိခိုး+ဆုတောင်းဂါထာ
ပြင်ဆင်ရန်- ရေဏုစ္ဆန္နေ ဝိရောစန္တံ၊ ရေကစ္ဆိန္နံ ဝိနာယကံ။
- ရေဝဒံ ဝရဒံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။ [၄]
- ရေဝတဗုဒ္ဓဝင်ကို ကြည့်ပါ။
- ရေဝတဘုရားရှင်ကို ကြည့်ပါ။
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ ရေဝတ (ပု) [ရေဝ+အတ။ ဓာတွတ္ထ။ (ရာ+ ဝန္တု+ဤ=) ရေဝတီ+ဏ။ ရေဝတီနက္ခတ္တေန ဇာတတ္တာ ရေဝတော။ အပ၊ဋ္ဌ၊၁၊၃၄၄။ ရေဝတ၊ ရဲဝတ-သံ။ ရေဝယ-ပြာ၊ အဒ္ဓမာဂဓီ။ (၁) ရေဝတဘုရား။ သုမနဿ အပရေ၊ ရေဝတော နာမ နာယကော။ ဗုဒ္ဓဝံ၊၃၃၁။ တဒါ ရေဝတော နာမ သတ္ထာ ဥဒပါဒိ။ ဗုဒ္ဓဝံ၊ဋ္ဌ၊၉၂။ (အဘိ၊ဋ္ဌ၊၁၊၆၂။ အပ၊ဋ္ဌ၊၁၊၄၄။ ဇာ၊ဋ္ဌ၊၁၊၄၂)။
- ↑ (ဗုဒ္ဓဝံ၊ ၃၃၁-၄။ အဘိ၊ဋ္ဌ၊၁၊၆၂။ အပ၊ဋ္ဌ၊၁၊၄၄။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၂-၈။ ဇာ၊ဋ္ဌ၊၁၊၄၂)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၇
- ↑ အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)