စာပေလာကတွင် ထင်ရှားခဲ့သော စာရေးဆရာ ရဲဘော်နေအောင် ၁၉၁၈ ခုနှစ်၊ဒီဇင်ဘာလ၌ အဖ ဦးညွန့်၊အမိ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်ဆင့်တို့က ပဲခူးတိုင်းဇီးကုန်းမြို့၊သစ်နဖားရွာတွင် မွေးဖွားသည်။ ဘီအိုင်အေ ဗိုလ်သင်တန်းတက်ခဲ့ရသဖြင့် ဗိုလ်တင်မြင့်ဟုအမည်တွင်သည်။

ရဲဘော်နေအောင်သည် ရှေး ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၄၂-၄၅ ခုနှစ်၌ ဗမာ့တပ်မတော်၊စစ်တက္ကသိုလ်(မင်္ဂလာဒုံ)တတိယပတ် ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဖက်ဆစ်တော်လှန်ရေးတွင် အလုပ်သင်ဗိုလ်အဆင့်ဖြင့် စက်မှု(၂)တပ်ရင်းရုံး၌ တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ဖန် တိုင်းစစ်ဌာနချုပ် နတ်တလင်းသို့ ရောက်ရှိပြီး ပဲခူးရိုးမသို့ ချီတက်တိုက်ခိုက်ရေး တာဝန်ယူခဲ့သည်။ ထို့နောက် ဇီးကုန်းမြို့တွင် ဗမာ့ကာကွယ်ရေးတပ်မတော် ဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရဲဘော်နေအောင်ကို ၁၉၄၅ ခုနှစ်၊ဇူလိုင်လတွင် ဗြိတိသျှစစ်အုပ်ချုပ်ရေး(စီအေအက်စ်ဘီ)က ဖက်ဆစ်တော်လှန်ရေးကာလအတွင်းက လူသတ်မှုကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ကာ တရားရုံးက သေဒဏ်ကြိုးမိန့်ချမှတ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များအပါအဝင် လူထုအုံကြွမှုဖြင့် အရေးဆိုခဲ့သောကြောင့် သေဒဏ်မှလွတ်ကာ တစ်သက်တစ်ကျွန်းသို့ ပြောင်းရွှေ့အမိန့်ချမှတ်ခံရသည်။သရက်ထောင်တွင်အကျဉ်းချခံရစဉ် ဗိုလ်ချုပ်အောင်ဆန်း သရက်မြို့သို့ရောက်ရှိလာသောအခါ အကျဉ်းထောင်စစ်ဆေးရာတွင် ရဲဘော်နေအောင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံခွင့်ရခဲ့သည်။၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရဲဘော်နေအောင်သည် အပြစ်ဒဏ်မှလုံးဝလွတ်ကင်းခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရဲဘော်နေအောင်သည် သတင်းစာဆရာ၊စာရေးဆရာ၊မဂ္ဂဇင်းအယ်ဒီတာ ဘဝများတွင်ကျင်လည်ခဲ့သည်။မန္တလေးမြို့ ဟံသာဝတီသတင်းစာ၊သူရိယသတင်းစာများတွင် အယ်ဒီတာလုပ်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့သို့ပြောင်းရွေ့လာပြီး ပင်းယစာပေတိုက်ပိုင်ရှင် ဦးသိန်းရွှေ၏ ပင်းယစာပေတိုက် အပေါ်ထပ်တွင် ခေတ္တ​နေထိုင်ခဲ့သည်။ သည့်နောက် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းရုံးခန်းတွင် စာကြည့်တိုက်မှူးတာဝန် ထမ်းဆောင်ခွင့်ရကာ ရုံးချုပ်ဝင်းအတွင်း တိုက်ခန်းတွင် နေထိုင်လျက် စာပေများရေးသားပြုစုခဲ့သည်။

မန္တလေးရုပ်ရှင်က ရိုက်ကူးသော သည်သောင်ယံက မခွာရက်နိုင်တယ် ရုပ်ရှင်ဇာတ်ကားသည် ရဲဘော်နေအောင်၏ ဝတ္ထုဇာတ်လမ်းဖြစ်သည်။ ရဲဘော်နေအောင်၏ နယ်ချဲ့၏အကျဉ်းသား ပထမတွဲ၊ဒုတိယတွဲ နှစ်အုပ်မှာ စာရေးသူ၏ အကျဉ်းသားဘဝကို ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရေးနိုင်သဖြင့် စာပေလောကတွင် ထင်ရှားခဲ့သည်။ ထို့အပြင် ရဲဘော်နေအောင်သည် မိမိ၏အရက်ကျေးကျွန်ဖြစ်ခဲ့ရပုံကို သူ၏ သေရည် စာအုပ်တွင် ပွင့်ပွင့်လင်းလင်းရေးသားခဲ့သည်။

ရဲဘော်နေအောင်သည် သူ၏ အရက်ကျေးကျွန်ဖြစ်ခဲ့ရသောဘဝကို မရှက်မကြောက်၊ရိုးရိုးစင်းစင်း၊ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရေးသားခဲ့သောကြောင့် သူ၏ သေရည် စာအုပ်သည် ရသမြောက်ပြီး စာပေမှတ်တိုင်တစ်ခုအဖြစ်စိုက်ထူနိုင်ခဲ့သည်။

ရဲဘော်နေအောင်သည် မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ဒဂုံမြို့နယ်၏အဖွဲ့ဝင်တစ်ဦးဖြစ်​ခဲ့ပြီး အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော် စာပေနှင့်စာနယ်ဇင်းအဖွဲ့သင်္ဃန်းကျွန်းမြို့နယ်၏အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ ရဲဘော်နေအောင်သည် စာပေနှင့်စာနယ်ဇင်းအဖွဲ့က ချီးမြှင့်သော ထောက်ပံ့ကြေးငွေ ကျပ် ၁၀,၀၀၀ ကို ရရှိခံစားခဲ့ရသည်။

ရဲဘော်နေအောင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တစ်ထောင့်တစ်နေရာတွင် ပါဝင်ခဲ့သဖြင့် လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယဆင့်)ရရှိခဲ့သည့်အပြင် ၁၉၈၄ ခုနှစ်၊ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့၌ နိုင်ငံတော်က ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည်(ဒုတိယဆင့်) ကိုလည်း ရရှိခဲ့သည်။

စာရေးဆရာ ရဲဘော်နေအောင်သည် ၁၉၉၅ ခုနှစ်၊ဇွန်လ ၁၆ ရက်နေ့၌ ရန်ကုန်တိုင်းသုဝဏ္ဏမြို့နေအိမ်တွင် ကွယ်လွန်ခဲ့သည်။၎င်း၏ဇနီး ဒေါ်စိန်စိန်မှာ ကွယ်လွန်ခဲ့ပြီးဖြစ်၍ ၎င်းကွယ်လွန်ချိန်၌ သမီးနှစ်ယောက်နှင့် မြေးများ ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၆)