လကွန်းဗျည်းမြို့ဟောင်းသည် ဟံသာဝတီ (၃၂)မြို့စာရင်းဝင် မြို့တစ်မြို့ဖြစ်သည်။ လကွန်းဗျည်းမြို့ဟောင်း၏ တည်နေရာကို မြန်မာနိုင်ငံသုတေသနဂျာနယ် မြေပုံဟောင်း၌ ပဲခူး၏ အနောက်တောင်ဘက် ခပ်လှမ်းလမ်းတွင် ဖော်ပြထားသည်။ သို့ရာတွင်မြို့၏ တည်နေရာကိုမူ အမှတ် အသားဖြင့် ဖော်ပြထားခြင်းမရှိ။ အမည်ရေးထားရုံမျှဖြစ်သည်။ ဤမြေပုံကို ပြန်လည်ဖော်ပြသည့် ဟံသာဝတီစာတမ်းပါ မြေပုံတွင်မူ လကွန်းဗျည်းကို ထည့်သွင်းဖော်ပြခြင်းပြုထားသည်ကို မတွေ့ရပေ။ ကွေးဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသော မြို့တစ်မြို့သည်။ မြို့ကွက်မြို့တာပမာဏအနေဖြင့် မကြီးမားလှစေကာမူ မငယ်လွန်းလှပါ။ အထူးသဖြင့် လကွန်းပြင်ချောင်းကို မေးတင်လျက် တည်ရှိသည့် မြို့ဟောင်းဖြစ်၍ ပင် လကွန်းဗျည်းဟု အမည်တပ်လိုက်ခြင်းဖြစ်သည်။

တည်နေရာ ပြင်ဆင်ရန်

လကွန်းဗျည်းမြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၁၇ဒီဂရီ ၁၀မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒဂရီ- ၂၀မိနစ်တွင် တည်ရှိသည်။ ရန်ကုန်မှ ငမိုးရိပ်၊ ဒါးပိန်၊ အင်းတိုင်ဖက်မှ ဝင်လာသည့် လမ်းမသည် ဇရပ်ကွင်းကျေးရွာအနီး၌ ရန်ကုန်ပဲခူးလမ်းမကြီးနှင့် ဆုံလေသည်။ ဤလမ်းဆုံမှ ပဲခူး ဘက်သို့ မိုင်ဝက်မျှသွားလျှင် မင်းလွင်ကုန်းရွာသို့ရောက်မည်။ မင်းလွင်ကုန်း၏ မြောက်စူးစူးမီတာ ၁၅၀ ခန့်သွားလျှင် လကွန်းဗျည်းမြို့ဟောင်း သို့ ရောက်နိုင်သည်။ မင်းလွင်ကုန်းမှ ပဲခူးလမ်းအတိုင်းဆက်၍သွားပါက တစ်မိုင်ခွဲခန့်တွင် လကွန်း ပြင်ချောင်းကို ဖြတ်သည့်တံတားကို တွေ့နိုင်ပေမည်။ လကွန်းပြင်ချောင်းသည် လကွန်းဗျည်း မြို့ဟောင်း၏ မြောက်ဘက်နယ်နိမိတ်အဖြစ် တည်ရှိပေသည်။ အမရပူရမြို့ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆၄-ခု၊ တော်သလင်းလဆန်း ၁၀-ရက်၊ (အသက်၇၀)ရှိ ကြာသပတေးသား လကွန်းဗျည်းမြို့သူကြီး ငထလွတ်စစ်တမ်းအရ အစီရင်ခံသည်မှာ လကွန်းဗျည်းမြို့၏ နယ်နိမိတ်ကား-

  1. အရှေ့လားသော် သံသငယ်ချောင်း၊ ကောက်ကောက်စင်းစင်းမော်လုံမြို့မြေနှင့်အစပ်။
  2. အရှေ့တောင်လားသော် လကွန်းဗျည်းချောင်းဝ၊ ပဲခိုးမြစ်တစ်ဖက် ဇွဲသတုံမြို့နှင့် မြေအစပ်။
  3. တောင်-အရိပ်ချောင်းအထိ။ မအူမြို့မြေနှင့်အစပ်။
  4. အနောက်-အရိမ်ချောင်းအထိ၊ မအူမြေနှင့်အစပ်။
  5. အနောက်မြောက်-မဟူရာမြို့မြေနှင့်အစပ်။
  6. မြောက်-ဝါရီဝါခရန်းပိန်းနဲတောထိ၊ ဟံသာဇိုင်းကနိန်းမြို့မြေနှင့်အစပ်။
  7. အရှေ့မြောက် ဝဲလှထိ၊ ဟံသာဇိုင်းကနိန်းမြို့မြေနှင့်အစပ်။
  8. အနောက်တောင်-ဖော်ပြပါရှိခြင်းမရှိ။၎င်းနယ်အတွင်း၌မူရင်း (၅၄)အိမ်နှင့် နောက်တိုး၃၉အိမ်။ ပေါင်း ၆၃အိမ်ရှိပြီး လူဦးရေ ကျားမပေါင်း ၁၀၈ယောက် ကလေးများပါ ပေါင်း၁၇၃ယောက်ရှိကြောင်း စစ်တမ်း၌ တွေ့ရှိရပေသည်။[၁]

လကွန်းဗျည်းနှင့် ပတ်သက်၍ မော်ပီဆရာသိန်းကြီး၏ ရေးသားချက်များမှာ စိတ်ဝင်စားဖွယ် ပင်ဖြစ်သည်။ ၎င်းရေးသားချက်အရ လကွန်းဗျည်းမြို့သည် အရှေ့အနောက်အလျား ၂မိုင်ခန့် တောင်မြောက် မိုင်ဝက်ကျော်ခန့်ရှိမည် ထင်ကြောင်းဖော်ပြခဲ့ဖူးသည်။ မြောက်ဘက်မျက်နှာမြို့ရိုးမှာ ခိုင်ခန့်ပြီး၊ အုတ်မြို့ရိုးဖြစ်ကြောင်း၊ ကျုံးရှိကြောင်း၊ မြို့တွင်းတနင်္ဂနွေထောင့်၌ ဘုရားရှိကြောင်းကို လည်းကောင်း ဘုရားကုန်း၏အနောက်ဘက်တွင် ရေကန်ရှိပြီးအတွင်းမြို့ရိုးမှာ တောင်မြောက်ပေ ၆၀ဝ ခန့်ရှိမည်ထင်ကြောင်း ဖော်ပြထားသည်။ မုတ္တမမြို့မှ လကွန်းဗျည်းအမတ်လာရောက်နေထိုင် ခြင်း မပြုမိကပင် မြို့တစ်မြို့အဖြစ် တည်ရှိခဲ့ပေလိမ့်မည်။ ထိုစဉ်ကတည်းကပင် ဆိတ်သုဉ်းပြီးခဲ့သည့် မြို့ဟောင်းတစ်ခု ဖြစ်လိမ့်မည်။

မြို့ဟောင်း၏ပုံသဏ္ဌာန် ပြင်ဆင်ရန်

လကွန်းဗျည်းမြို့၏ ပုံသဏ္ဌာန်မှာ ယခုဖော်ပြသည့် မြို့ဟောင်း(၁၀)မြို့အနက် စိတ်ဝင်စား ဖွယ်ရာ အကောင်းဆုံးဖြစ်သည်။ ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုတွေ့ရှိရသည့် ကွေးဝိုင်းဝိုင်းမြို့ဟောင်း မှာ မြို့ဟောင်းခွင် ၂ခုပေါင်းစပ်ဖွဲ့စည်းအပ်သည့် မြို့ဟောင်းတစ်ခုဖြစ်နေသည်ကို တွေ့ရ၏။ မြို့ ၂ ခွင်ပေါင်းဖွဲ့၍ အကျယ်ဆုံးဖြစ်သည့်နေရာကို တိုင်းကြည့်လျှင် တစ်မိုင်နီးပါး ခန့်ရှိသည်ကို တွေ့ရသည်။ မော်ပီဆရာသိန်းကြီးက ရှေ့နောက် ၂ မိုင်ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ၂ မိုင်ကား မရှိပါချေ။ သို့သော်လည်း ခန့်မှန်းမှုသာဖြစ်ပြီး ၎င်းသည်မြို့၏ ပမာဏမှာ မည်သည့်နေရာမှသည် မည်သည့် နေရာသို့ဟု မဆိုထားပေ။ တောင်နှင့်မြောက် အကျယ်ကိုက် (၇၀ဝ)ခန့်ရှိပေရာ မိုင်ဝက်မပြည့်တတ် ပေ။ သို့ရာတွင် ဆရာသိန်းကြီး၏ ခန့်မှန်းချက်ဖြစ်သည့် မိုင်ဝက်ခန့်မျှနှင့် ပို၍နီးစပ်သွားသည်။ ခန့်မှန်းခြင်းမှာ ခရီးနီးလျှင် ပို၍မှန်ကန်မှုနှင့် နီးစပ်နိုင်ပြီးဝေးလျှင် ဝေးသလိုလွဲမှားနိုင်သည်။ မြောက်ဘက် မြို့ရိုးတစ်လျှောက် ချောင်းကိုအဓိကအမှီပြုလျက် ရှိစေကာမူကမ်းတစ်လျှောက် ၌ မြို့ရိုးရှိခဲ့မည့် အခြေအနေရှိသည်။ ကျန်အပိုင်းများဖြစ်သည့် အရှေ့ဘက်တစ်လျှောက် ကွေးဝိုင်း လျက်ရှိသည့် မြို့ရိုးများမှာ ပီပီပြင်ပြင် ရှိခဲ့ဖူးသည်။ ပွန်းတီးမှုအတော်ရှိခဲ့စေကာမူ မြို့ရိုးမြို့တာအဖြစ်နှင့် ကောင်းစွာဖတ်ရှုတွေ့နိုင်သေးသည်။ မြို့ရိုးတွင် ယခင်တံခါးများ ရှိသည့်နေရာများလည်းကောင်း၊ ချောင်းသွယ်များစီးဝင်ရာ (အထူးသဖြင့် အနောက်မြောက်ပိုင်း)၌ လည်းကောင်း၊ မြို့ရိုးပြတ်တောက်လျက်ရှိသည်။ အရှေ့မြောက်စွန်း၌မူ လယ်ယာမြေလုပ်ကိုင်ရာမှ ဖြိုဖျက်တူးဆွ ထွန်ယက်ယင်း အတော်ပင် နိမ့်လျှောပြန့်ပြူးသွားပြီဖြစ် သည်။ မြို့ဟောင်း၏ယာဖက်မြို့ရိုးခွင်အတွင်း ဘုရားစေတီတစ်ဆူကိုတွေ့ရသည်။ ရေကန်ကြီး (၂)ကန်အနက် အရှေ့ဘက် မြို့ရိုးနှင့်နီးသည့် ကန်မှာပိုနက်စေကာမူ ဒိုက်များချုံများနှင့် ဖြစ်နေပြီး မြောက်ဘက်ကျသည့် ရေကန်မှ ရေပြည့်လျက်ပင် ရှိနေသည်ကိုတွေ့ရ၏။ ချောင်းနှင့်ကပ်မြှောင်လျက် ရှိသည့်ဖက်မှလွဲလျှင် တစ်ပတ်လုံးကျုံးရှိခဲ့ဖူးသည့် အခြေအနေကို တွေ့ရသည်။ လကွန်းဗျည်း၏ ကွေးဝိုင်းသည့်မြို့ရိုးသဏ္ဌာန်သည်လည်းကောင်း၊ မြို့ဟောင်း(၂)ခွင်ဖြင့် ဖွဲ့စည်းမှုသည်လည်းကောင်း၊ ကျုံးဖြင့် ဝန်းရံဖွဲ့စည်းမှုသည်လည်းကောင်း၊ ပွန်းတီးမှုအခြေအနေများ သည် လည်းကောင်း၊ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။ ဟံသာဝတီ(ပဲခူး)မရှိမီကပင် တည်ထားထွန်းကားခဲ့ဟန်ရှိသည့် မြို့တစ်မြို့ဖြစ်ဖွယ်ရှိသည်။ ဇမ္ဗူဒီပ ဥဆောင်းကျမ်း၌လည်း လကွန်းဗျည်းမြို့ဟောင်းနှင့် ပတ်သက်သည့် ဖော်ပြချက်မတွေ့ရ။ ရှေးဟောင်းပညာရှင်များနှင့် သမိုင်းသုတေသီတို့ ဆက်လက်ကွင်းဆင်းလေ့လာမှုပြုသင့်သည့် နေရာတစ်ခုတည်း။ လကွန်းဗျည်းသို့ ကွင်းဆင်းလေ့လာကြည့်ရှုရာတွင် အုတ်ခွက်ဘုရားတချို့ကိုတွေ့ရသည်။ ပုတီးစေ့၊ ဒင်္ဂါးစသည်တို့ကို မတွေ့ရ။ ရှေးစဉ့်အိုးကြီးတစ်လုံးတွေ့ရသည်။ စဉ့်ခွက်၊ စဉ့်အိုးနှင့် စဉ့်သုတ် ပစ္စည်းများ ဖုတ်ရာနေရာဟောင်းတစ်ခုဖြစ်ဟန် လက္ခဏာရှိ၏။ လကွန်းဗျည်းသို့ နွေရာသီ တွင် ကားဖြင့် ရောက်နိုင်လေသည်။

ကိုးကား ပြင်ဆင်ရန်

  1. မှော်ပီဆရာသိန်းကြီး ရှေးဖြစ်စာတမ်း။ ၁၉၆၈-ခု၊ ဇွန်လ