လာဟိုမြို့သည် ပါကစ္စတန်သမ္မတနိုင်ငံတွင် ဖွဲ့စည်းပါဝင်သော အနောက်ပါကစ္စတန်ပြည်နယ်၊ လာဟိုတိုင်း၏ မြို့တော်ဖြစ်သည်။ ပါကစ္စတန်တွင် ကရာချိမြို့၏နောက် ဒုတိယလိုက်သော မြို့ကြီးလည်းဖြစ်သည်။ လာဟိုမြို့သည် အိန္ဒုမြစ်၏လက်တက်တစ်ခုဖြစ်သော ရာဗီမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီမြို့၏ အနောက်မြောက်ဘက် မိုင် ၂၅ဝ အကွာ၌ တည်ရှိသည်။ လာဟိုမြို့၏ ရှေးအကျဆုံးအပိုင်းကို နှစ်ပေါင်းထောင်သောင်းများ စွာက တည်ခဲ့ကောင်း တည်ခဲ့ပေလိမ့်မည်။ အိန္ဒိယသမိုင်းတွင် ထင်ရှားခဲ့သော မဂိုခေတ်၏ ကျက်သရေဆောင် ရှေးဟောင်း အဆောက်အအုံများကိုယခုတိုင် တွေ့နိုင်ပေသေးသည်။ ဗြိတိသျှ တို့မသိမ်းပိုက်မီအချိန်က လာဟိုမြို့သည် ဆစ်နိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သည်။ ဆစ်အယူဝါဒီတို့၏ သမိုင်းဝင်ဘုရားကျောင်းများလည်း လာဟိုမြို့တွင်ရှိသည်။ ဗြိတိသျှတို့၏ လက်ထက်တွင် ပန်ဂျပ်နယ်တစ်ခုလုံး၏ ရုံးစိုက်မြို့ဖြစ်ခဲ့သည်။ လာဟိုမြို့ဟောင်းနေရာကို ၁၅ ပေမျှမြင့်သော အုတ်တံတိုင်းဖြင့် ပတ်ရံထားသည်။ လာဟိုမြို့ရှိ များစွာသောအိမ်များ၌ လေသာဆောင်များရှိသည်။ လမ်းများမှာလူစည်ကားလှပေသည်။ လာဟိုမြို့ပေါ်တွင် အလွန်လှပသော မွတ်စလင်ပလီ၊ ဂူသင်္ချိုင်း၊ နန်းတော်နှင့် အလွန်လှပသော ဥယျာဉ်များ ပန်းခြံများ လည်းရှိသည်။ ဥရောပတိုက်သားတို့၏ ရပ်ကွက်မှာ မြို့ရိုး၏ အပြင်ဘက်ဖြစ်၍ မြို့ဟောင်း၏ တောင်ဘက်တွင်ရှိ၏။ အိန္ဒိယကျွန်းဆွယ်မြောက်ပိုင်းတွင် လာဟိုမြို့သည် ပညာရေး၌ အချက်အချာ မြို့တစ်မြို့လည်းဖြစ်သည်။ လာဟိုမြို့တွင် ပြတိုက်တစ်ခု၊ စာသင်ကျောင်းများနှင့် ပန်ဂျပ်တက္ကသိုလ်ရှိ သည်။ ဆင်ခြေဖုံးအရပ် လူနေရပ်ကွက်တွင် ခေတ်မီပုံစံဖြင့် ဆောက်လုပ်ထားသော အိမ်ကောင်းများရှိသည်။ လာဟိုမြို့သည် မြေဩဇာကောင်း၍ ထွန်ယက်စိုက်ပျိုးရန်ကောင်းသောဒေသ၌ တည်ရှိသည်။ စက်မှုလက်မှုလည်း ထွန်းကားသည်။ လာဟိုမှ အဓိကထွက်ကုန်များမှာ ရှောစောင်ကော်ဇောရွှေချည်ငွေချည်ဇာများဖြစ်သည်။ ထို့ပြင် ဂျုံအထည်အလိပ်သကြားစက်ကိရိယာများ၊ အိမ်ထောင်ပရိဘောဂများလည်းထွက်သည်။

မီးရထားအလုပ်ရုံများလည်းအရေးပါလှပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အဆိုပါအလုပ်ရုံများသည် စစ်အတွက်များစွာကျိုးပြုခဲ့ပေသည်။ လာဟိုမြို့သည် အိန္ဒိယတွင် အရှည်လျားဆုံးဖြစ်သည့် အနောက်မြောက် မီးရထားလမ်းကြောင်း၏ ဌာနချုပ်ဖြစ်သောကြောင့်လည်း ကုန်သွယ်ရေး၌ အရေးပါ၍ အချက်အချာဌာနတစ်ခု ဖြစ်၏။ လာဟိုမြို့ကို ရာဂျာပွတ် (ရာဇာပုတ္တ) မင်းသားတစ်ပါး တည်ခဲ့သည်ဟု ယူဆရသည်။ ထိုမင်းသားသည် နောင်သော် လာဟိုမှ ရာဇဌာန်သို့ပြောင်းရွှေ့နေထိုင်သည်။ လာဟိုမြို့သည် ရှစ်ရာစုနှစ်နှင့် ကိုးရာစုနှစ်များတွင် ဗြာဟ္မဏမင်းဆက်၏ မြို့တော်အဖြစ် အရေးပါခဲ့ပေသည်။ ထို့နောက် အစဉ် အဆက်အုပ်စိုးသော မွတ်စလင်ဘုရင်များ၏ မြို့တော်အဖြစ် ထင်ရှားပြီးလျှင်မဂိုမင်းများလက်ထက်တွင် အထွတ် အထိပ်သို့ ရောက်ရှိသည်။ မဂိုမင်းများ၏ထယ်ဝါသော နန်းတော်နှင့် အခြားအဆောက်အအုံများကို ယခုတိုင် တွေ့မြင် နိုင်ပေသေးသည်။ မဂိုဘုရင် အက္ကဗာသည် လာဟိုမြို့တွင် ထီးနန်းစိုက်ခဲ့သည်။ အက္ကဗာဘုရင်၏ သားတော်ဂျဟန်ဂါ၏ ဂူသင်္ချိုင်းသည် လာဟိုမြို့တွင်တည်ရှိ၍ အလွန်လှပသော မဂိုဗိသုကာလက်ရာတစ်ခုဖြစ်သည်။ လာဟိုမြို့ရှိ ဗလီကြီးကို တည်ဆောက်ခဲ့သူမှာ ဩရန်ဇစ်ဘုရင်ဖြစ်၍ ထိုဗလီကြီး တွင် တမန်တော်မဟာမက် (မို့ဟမ္မဒ်)၏ ဆံတော်တစ်ဆူကို ဌာပနာထားသည်။ မဂိုအင်ပိုင်ယာ ပြိုကွဲသွားသောအခါ လာဟိုမြို့သည်လည်း အရေးမပါတော့ဘဲရှိခဲ့၏။ ၁၇၇၅ ခုနှစ်တွင် ဆစ်လူမျိုးများလာရောက်အုပ်စိုးခဲ့ရာ ရန်ဂျစ်ဆင်လက်ထက်တွင် လာဟိုမြို့သည် တစ်စိတ်တစ်ဒေသအားဖြင့် ပြန်လည်ကြီးကျယ်လာသည်။ ဗြိတိသျှတို့ လက်အောက်သို့ ၁၈၄၉ ခုနှစ်တွင် ရောက်ရှိသွားပြီးလျှင် ပန်ဂျပ်နယ်၏ ရုံးစိုက်မြို့အဖြစ် အရေးပါလာခဲ့ပြန်သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံခွဲလိုက်သောအခါ ပါကစ္စတန်နိုင်ငံတွင် ပါဝင်သွားလေသည်။

၁၉၄၁ ခုနှစ်တွင်ရှိသော လူဦးရေ ၆၇၁၆၅၉ ယောက်အနက် ၅၆ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်၍ ၃၂ ရာခိုင်နှုန်းမှာ ဟိန္ဒူလူမျိုးဖြစ်သည်။ ၁၉၆၇ ခုနှစ်ခန့်မှန်းခြေအရ လူဦးရေ ၁၆၇၄၁ဝဝ ခန့်ဖြစ်လေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)