ရေနံချောင်းရေနံမြေမှာ မြန်မာရေနံမြေ အလုပ်သမားများရဲ့ အသင်းချုပ် အဖြစ် လေဘာယူနီယံ ကို ၁၉၂၁−ဧပြီ−၃ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ရေနံချောင်း အလုပ်သမားများ အသင်းချုပ် (လေဘာယူနီယံ) ဟာ ဗမာပြည်ရဲ့ ပထမဆုံး အလုပ်သမား အဖွဲ့အစည်း ဖြစ်သည်။

ဥက္ကဋ္ဌ အဖြစ် ဦးမျိုးညွန့် ၊ အကျိုးဆောင် အတွင်းရေးမှူး အဖြစ် ရေနံချောင်း အမျိုးသား ကျောင်းအုပ်ကြီး ဦးအေးမောင် တို့က ဆောင်ရွက်ပါတယ်။ ရေနံချောင်း ရေနံမြေ ဘီအိုစီ တွင်းတူးဆရာများ သပိတ်၊ ရေနံမြေ စာရေးများ သပိတ်၊ သံလျင် ဘီအိုစီ ရေနံချက် စက်ရုံအလုပ်သားများ သပိတ်ဆိုတာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အလုပ်သမားများ အဖို့ စနစ်တကျ စည်းရုံးဖွဲ့ စည်းထားမှု မရှိတဲ့အတွက် နစ်နာခဲ့ရတာတွေကို သင်ခန်းစာယူပြီး ရေနံမြေ အလုပ်သမားထု ရဲ့ စနစ်တကျဖွဲ့ စည်းထားတဲ့ အဖွဲ့အစည်းတခု အဖြစ် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၂၃−မတ်လ-၁၉ ရက်မှာ ရေနံမြေ အလုပ်သမားများ အသင်းချုပ်ဟာ ရေနံချောင်း ဘီအိုစီ အလုပ်သမား တွေကို ဦးဆောင်ပြီး ဘီအိုစီ ကုမ္ပဏီရဲ့ တရားမမျှတမှု တွေကို ဖော်ထုတ် တိုက်ပွဲဆင်တဲ့ ဇဒိုက်ကြီးA ကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။ လေဘာယူနီယံ ဟာ ၁၉၂၃ ခုနှစ် လောက်အထိ အလုပ်သမားထု အကျိုးဖက်က ရပ်တည်လှုပ်ရှားနိုင်ခဲ့ပြီး တစတစ မှေးမှိန် သွားခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်၊ ဂျီစီဘီအေ ကွဲထွက်သွားပြီ ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံသွားတဲ့ (၂၁ ဦး အဖွဲ့) ရဲ့ ဩဇာခံ အဖွဲ့အဖြစ် ရပ်တည်လှုပ်ရှား သွားခဲ့တဲ့အတွက် အလုပ်သမား လောက မှာ တစတစ ဩဇာ ကျဆင်းသွားခဲ့သည်။ လေဘာယူနီယံရဲ့ လမ်းစဉ်ဟာ ၂၁ ဦး အဖွဲ့ ရဲ့ နိုင်ငံရေးလမ်းစဉ် အကျိုးပြုရေး အတွက်သာ ဖြစ်သွားရပါတော့တယ်။ အလုပ်သမားတွေ ရဲ့ ယာယီအခွင့်အရေး အနည်းအပါး ကို အရင်းရှင် ဘီအိုစီ ထံကနေ တောင်းဆိုပေးရေး လုပ်ငန်းလေးတွေ ဆက်လက် လုပ်ဆောင်နေသေးပေမဲ့ အလုပ်သမားထုဘက် က ပြတ်ပြတ်သားသား ရပ်တည်ပေးရေးထက် အလုပ်သမား နဲ့ အရင်းရှင်ကုမ္ပဏီ အကြား စေ့စပ်ဖြန်ဖြေပေးရေးဆီ ဦးလှည့်သွားခဲ့ရပါတယ်။ လေဘာယူနီယံ ဥက္ကဋ္ဌ ဦးမျိုးညွန့် ကိုယ်တိုင် နောက်ပိုင်းမှာ အောက်လွှတ်တော် လေဘာအမတ် အဖြစ် ထမ်းဆောင်ရင်း ဒိုင်အာခီလွှတ်တော်အတွင်း အဆိုသွင်းမှု မေးခွန်းထုတ်မှု ဆိုတာတွေနဲ့ပဲ အချိန် ကုန်သွားခဲ့ပါတယ်။ ရေနံမြေ အလုပ်သမားထု က စတင်ဖောက်ခွဲလိုက်တဲ့ ၁၉၃၈ ခုနှစ်၊ ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာ လေဘာယူနီယံဟာ စေ့စပ်ဖြန်ဖြေရေး အခန်းကနေ ပါဝင်ခဲ့ပေမဲ့ လေဘာယူနီယံရဲ့ အခန်းဟာ အလုပ်သမားထု အတွင်း နလံမထူ နိုင်လောက်အောင် လျောကျသွားခဲ့ပြီ ဖြစ်ပါတယ်။ အလုပ်သမားထုဘက် က ရပ်တည်ရမယ့်အစား ဒေါက်တာဘမော် အစိုးရ နဲ့ ပူးပေါင်း လုပ်ကိုင်ရေးဆီ တောင်းခံ အသနားခံသလို ရပ်တည်သွားခဲ့ပါတယ်။

မှတ်စု ပြင်ဆင်ရန်

  • A:^ ဇဒိုက်ဆိုတာ အင်္ဂလိပ်စကား Strike ကို ပီပီသသ မရွတ်ဆိုနိုင်တဲ့ ရေနံမြေ အလုပ်သမားထု က ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ကြီးကျယ်တဲ့ Strike ဖြစ်တဲ့အတွက် “ဇဒိုက်ကြီး” လို့ ခေါ်ပါတယ်။ အဲဒီတုန်းက သပိတ် ဆိုတဲ့ ဝေါဟာရ ကို မသုံးစွဲကြသေးလို့ ဆိုပါတယ်။


ကိုးကား ပြင်ဆင်ရန်

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။