ဝိဋဋူဘ (အင်္ဂလိပ်: Vidadubha or Vitatubha) သည် ဂေါတမဗုဒ္ဓ ဘုရားရှင်လက်ထက်က ကောသလတိုင်းနှင့် ကာသိတိုင်းကို အစိုးရသော ဘုရင်တစ်ပါးဖြစ်သည်။ ဖခင်မှာ ဗုဒ္ဓကျမ်းစာများတွင် တွေ့ရဖန်များသော ပသေနဒိကောသလမင်း (သို့) ပဿေနဒီကောသလမင်း ဖြစ်၍ မိခင်မှာ ဝါသဘခတ္တိယာ မိဖုရားတို့ဖြစ်သည်။ သူတစ်ပါးမင်းမြှောက်သောကြောင့် မင်းအဖြစ်ကိုရရှိခဲ့သည်။ မင်းအဖြစ်ရောက်လျှင် ယခင်တစ်ချိန်က အငြိုးကို ဖော်ဆောင်၍ သကျသာကီဝင်မင်းတို့၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေသည်။ ထိုမျှမက ထိုပြုခဲ့သော အကျိုးဆက်ကြောင့်ပင် ၎င်းသည်လည်း နောက်ဆုံး၌ ပျက်စီး၍ သေပွဲဝင်ခဲ့ရသည်။

အမည်နှင့် ဝေါဟာရ ပြင်ဆင်ရန်

မင်းကွန်းတိပိဋကဆရာတော် ပြုစုတော်မူသော မဟာဗုဒ္ဓဝင်၊ ပဉ္စမတွဲတွင် ဖော်ပြထားသည်။ ဝိဋူဋဘ မွေးဖွားသောအခါ ကောသလမင်းကြီးက သာကီဝင်မင်းမျိုး မဟာနာမ မင်းထံ မည်သို့ နာမည်ပေးရမည်နည်းဟု အမတ်တစ်ဦး စေလွှတ်၍ မေးခိုင်းရာ မဟာနာမက "ဝါသဘခတ္တိယာသည် သားကိုမမွေးဖွားမီကပင် သူခပ်သိမ်းကို လွှမ်းမိုးအုပ်စိုးရသူဖြစ်ခဲ့၏။ ယခုမူကား သားတော်ကို ဖွားမြင်သည့်အတွက် ကောသလမင်းကြီး၏ အလွန့် အလွန် အကျွမ်းဝင် ရင်းနှီးသူ ဖြစ်ချေတော့မည်။" ဟု နှုတ်ကထွက်၍ ပြောဆိုသည်။ လာ၍မေးသော အမတ်က အတန်နားလေးသည်ဖြစ်ရာ "ဝိလ္လဘာ" (ရင်းနှီးကျွမ်းဝင်သူ) ဆိုသောစကားကို "ဝဋဋူဘ" ဟူ၍ မှတ်ယူပြီး ပြည်သို့ပြန်ရာ မင်သားသည် ထိုအမည်တွင်ခဲ့သည်။

ဝိဋဋူဘ ကို မိတ္တဒုဗ္ဘိ (Mittadubbhi) ဟူ၍လည်း ပိဋကတ်များ၌ အသိများကာ အနက်မှာ မိတ်ဆွေများကို ပျက်စီးစေသူ ဟူ၍ဖြစ်သည်။[၁]

ဗုဒ္ဓဝင် ဇာတ်ကြောင်း ပြင်ဆင်ရန်

ကောသလမင်း၏ ဆွမ်းအလှူ ပြင်ဆင်ရန်

တစ်နေ့သောကာလတွင် သာဝတ္ထိပြည်ပြည့်ရှင် ပသေနဒိကောသလမင်းသည် နန်းပြဿဒ်ထက်၌ ရပ်လျှက် မြို့တွင်းသို့ကြည့်ရှုရာ အနာထပိဏ်၊ စူဠအနာထပိဏ်၊ ဝိသာခါ၊ သုပ္ပဝါသာသူဌေးကတော် စသည့်အိမ်များတွင် ရဟန်းထောင်ပေါင်းများစွာကို မြင်၍ မေးရာ မင်းချင်းများက မည်သည့်အိမ်သို့ မည်သည့်အရေအတွက်ရှိသော ရဟန်းများကြွရောက် ဆွမ်းခံကြသည်ဟု ဖြေဆိုခဲ့ကြသည်။ ထိုအခါ အားကျ၍ ဘုရားရှိရာ ဇေတဝန်ကျောင်းသို့ ကိုယ်တိုင်သွားရောက်ပြီး ဘုရားနှင့်တကွ သံဃာ (၁၀၀၀) ခန့်ကြွ၍ ဆွမ်းအလှူခံရန် ဖိတ်ကြားခဲ့သည်။

ခုနစ်ရက်ပတ်လုံး ဘုရားနှင့်တကွ သံဃာများကို ကိုယ်တိုင် ဆွမ်းလှူသည်။ ခုနစ်ရက်မြောက်နေ့တွင် ဘုရားနှင့်တကွ ရဟန်းငါးရာတို့ အမြဲမပြတ် ဆွမ်းခံရန် လျှောက်ထားသောအခါ ဘုရားက "မြတ်သောမင်းကြီး ... ဘုရားရှင်တို့မည်သည် တစ်နေရာတည်း၌ အမြဲမပြတ် ဆွမ်းကို ခံယူကြရိုးမရှိကုန်၊ လူအပေါင်းတို့သည် မြတ်သွာဘုရားတို့ ၏ ကြွလာတော်မူခြင်းကို တောင့်တကြကုန်၏။" ဟူ၍ မိန်တော်မူသည်။ ထိုအခါ မင်းကြီးက ထိုသို့ဆိုလျှင် ရဟန်းငါးရာနှင့် အကြီးအမှူးရဟန်းတစ်ပါးကို စေလွှတ်တော်မူရန် လျှောက်ထားရာ ဘုရားရှင်က အရှင်အာနန္ဒာကို တာဝန်ပေးခဲ့သည်။

ထို့နောက် အရှင်အာနန္ဒာနှင့်တကွ ရဟန်းငါးရာကြွလာရာ ကိုယ်တိုင်ကိုယ်ကျပင် ဆွမ်းကပ်လှူဒါန်းသော်လည်း မည်သူ့ကိုမျှ မည်သို့လုပ်ဆောင်ရန် မစီမံခဲ့ပေ။ ခုနစ်ရက်ပတ်လုံးထိုသို့ ကိုယ်တိုင်လှူတန်းခဲပြီး ရှစ်ရက်မြောက်နေ့တွင် နန်းရေးနန်းရာကိစ္စများကြောင့် ဆွမ်းကိစ္စကို မေ့လျော့နေခဲ့သည်။ နန်းတော်တွင် ဆွမ်း၊ ထမင်းကိုသာ ချက်ရန်စေခိုင်းထားသော်လည်း မည်သူကမျှ အမိန့်မရဘဲ ဘာမျှလုပ်ခွင့်မရသောကြောင့် ရဟန်းတို့အား လောင်းလှူခြင်းလည်းမရှိခဲ့ချေ။ ထိုအခါ ရဟန်းတို့ပြန်၍ သွားကြသည်။ ဒုတိယနေ့တွင်လည်း ထိုနည်းတူစွာ ဖြစ်ခဲ့သည်။ တတိယနေ့သို့ရောက်သောအခါ၌လည်း ထိုသို့ပင်ဖြစ်နေ၍ ရဟန်းတော်များပြန်လည်ထွက်ခွာသွားခဲ့ကြရသည်။ သို့သော် အရှင်အာနန္ဒာတစ်ပါးတည်းသာ ကျန်ရစ်နေထိုင်ခဲ့သည်။

ပါရမီများစွာဖြည့်ကျင့်ထားသော အရှင်အာနန္ဒာသည် ဒါယကာ၊ ဒါယကာမတို့၏ သဒ္ဓါတရားကို ချီးမြှောက်ရန် ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။ မင်းချင်းများက တစ်ပါးတည်းကျန်သော အရှင်အာနန္ဒာကို ဆွမ်းပြုစုခဲ့ကြသည်။ ထို့နောက် အရှင်အာနန္ဒာထွက်ခွာသွားသောအခါမှ ကောသလမင်းကြီးရောက်ရှိလာ၍ ဆွမ်းတိုကို ကြည့်ရာဤရဟန်းတို့သည် ၎င်း၏ ကြီးမားသော ဆွမ်းတို့ကို ဖျက်စီးသည်ဟုဆို၍ အမျက်ထွက်ကာ ဘုရားရှိရာသို့ သွားရောက်ပြီး မေးလျှာက်လေသည်။[၂]

ဗုဒ္ဓနှင့် ဆွေမျိုးတော်လိုခြင်း ပြင်ဆင်ရန်

ထိုအခါဘုရားက ရဟန်းတို့သည် အကျွမ်းဝင်မှု၊ ရင်းနှီးမှု မရှိသောကြောင့် လာရောက်ခြင်းမရှိသည် ဖြစ်ပေမည်ဟု မိန့်ကာ ကုလသုတ္တန်တရားကို ဟောသည်။ ထို့နောက် အကြောင်းပြု၍ ကေသဝဇာတ်ကိုလည်း ဟောကြားသည်။

ထိုအခါ ကောသလမင်း၏ စိတ်တွင် ရဟန်းသံဃာများနှင့် ရင်းနှီးကျွမ်းဝင်စေရန် ပြုလုပ်လိုသောစိတ်ဖြစ်၏။ မည်သို့ပြုလျှင်ကောင်းမည်ဟု စဉ်းစားသော် ဘုရား၏ ဆွေမျိုးဖြစ်သော သာကီဝင်မင်းသမီးတစ်ပါးကို မိဖုရားတင်မြောက်ရန်နှင့် ထိုအခါမှ ၎င်းအား ဘုရား၏ ဆွေမျိုးမင်းကြီးဟု သတ်မှတ်ကြလျှက် ၎င်းထံသို့ ရဟန်းသံဃာများ လာရောက်ကြမည်ဟု တွေးတော၍ ထိုသို့ လုပ်ဆောင်ရန် မင်းချင်းများကို အမိန့်ပေး စေခိုင်းခဲ့သည်။[၃]

သာကီဝင်မင်းသမီး ပြင်ဆင်ရန်

ထို့ကြောင့် ကပိလဝတ်သို့ ရာဇသံသဝဏ်လွှာပို့၍ သာကီဝင်မင်းသမီးတစ်ဦးတောင်းခံသည်။ သာကီဝင်တို့၏ ပြည်သည် ကောသလမင်း၏ နိုင်ငံကဲ့သို့ အင်အားမကြီးပေ။ မပေးလျှင် ရန်ပြုစစ်ချီမည်ကို စိုးရိမ်ကြသည်။ သို့ရာတွင် သာကီဝင်တို့သည် အမျိုးဇာတ်ကို သူတပါးတို့နှင့် ရောနှောလေ့မရှိသူများဖြစ်သဖြင့် မပေးလိုကြပေ။ မပေးလျှင်လည်းမဖြစ်သည်ကရှိသောကြောင့် မဟာနာမသာကီဝင်မင်းက သူ့ထံတွင် သူနှင့် နာဂမုဏ္ဍာခေါ် ကျွန်မတစ်ဦးနှင့်ရသော "ဝါသဘခတ္တိယာ" ခေါ် လှပသော သမီးတစ်ဦးရှိကြောင်းနှင့် ထိုသူကိုပေးရန် သဘောတူကြသည်။ ကောသလမင်း စေလွှတ်သော မင်းချင်းများကို ယုံကြည်စေရန် လှည့်ကွက်အနေဖြင့် မဟာနာမမင်းနှင့် တစ်ဝိုင်းတည်း အတူထမင်းစားဟန်ဆောင်ကာ အယုံသွင်း၍ ပေးလိုက်ကြသည်။ ဝါသဘခတ္တိယာ ကောသလမင်းထံသို့ရောက်သော် နှစ်သက်မြတ်နိုးသဖြင့် မိဖုရားကြီးအရာ မြှောက်၍ ချီးမြင့်သည်။ မကြာမီ ဝိဋဋူဘ မင်းသား ဖွားမြင်ခဲ့၏။[၄]

ဝိဋဋူဘ၏ အငြိုး ပြင်ဆင်ရန်

ကောသလမင်းသည် သားတော်ကိုအမည်မှည့်ရန် အဖိုးဖြစ်သူ မဟာနာမမင်းထံသို့ အမည်ပေးရန် တောင်းဆိုခဲ့ရာ သွားရောက်သော မင်းချင်းက ဝိလ္လာဘ ကို ဝိဋဋူဘ ဟုနားအကြားမှား၍ သာဝတ္ထိသို့ပြန်ကာလျှောက်တင်သည်။ ကောသလမင်းကြားသောအခါ ဤအမည်သည် ဆွေစဉ်မျိုးဆက် ဆင်းလာသောအမည်ဖြစ်တန်၏ ဟုတွေး၍ ထိုအမည်ပေးခဲ့သည်။ ဘုရားရှင် နှစ်သက်စေရန်အတွက်လည်း ဝိဋဋူဘကို ငယ်စဉ်ကတည်းက စစ်သေနာပတိရာထူး ပေးအပ်ခဲ့သည်။

ခုနစ်နှစ်ခန့်ရှိသော် အခြားမင်းသားများက အမိဖက်က အဖိုးအဖွားများ၏ လက်ဆောင်ရသည်၊ သူကားမရ၊ အဘယ်ကြောင့်မရသနည်းဟု မိခင်ကို မေးမြန်းရာ မိခင်က အလွန်ဝေးသောအရပ်တွင် နေသောကြောင့် မပို့နိုင်ဟူ၍ ချွေးသိပ်ဖြေကြားခဲ့သည်။

(၁၆) နှစ်အရွယ်ရောက်သောအခါ မယ်တော်ဖက်မှ ဆွေမျိုးများကို တွေ့မြင်လို၍ သွားရောက်ချင်ပါသည်ဟု မိခင်ကို ပူဆာရာ မိခင်က တားသော်လည်း မရသောကြောင့် စေလွှတ်လိုက်ရသည်။ မိခင်ဖြစ်သူက သာကီဝင်မင်းများထံ အကျိုးကြောင်းပြောမည့် တိတ်တဆိတ်လျှို့ဝှက်စာတစ်စောင် ပို့ခဲ့သည်။

သာကီဝင်တို့က အမျိုးဇာတ်တွင် ဖက်တွယ်လွန်းအားကြီးသူများဖြစ်သည်။ နိမ့်သူကို ဦးမညွှတ်ချင်ကြပေ။ ထို့ကြောင့် ဝိဋဋူဘထက် ငယ်သောသူများကို အဝေးသို့ ရည်ရွယ်ပို့ဆောင်ထားကြ၏။ ဝိဋဋူဘရောက်သောအခါ မင်းကွန်း (ဗိုလ်တဲ) ၌ ဧည့်ခံသည်။ ဝိဋဋူဘက အသက်ကြီးသူများကို ရှိခိုးအရိုသေပြုသော်လည်း မိမိကိုယ် အရိုသေပြုမည့်သူများကို မတွေ့ရ၍ မေးမြန်းသည့်အခါ သာကီဝင်တို့က အငယ်များ အဝေးသို့ အလည်ပတ်သွားကုန်ကြသည်ဟု ဖြေကြားခဲ့သည်။ ထိုကပိလဝတ်၌ရက်အနည်းငယ်နေ၍ စစ်သည်များနှင့် ပြန်လည်ထွက်ခွာခဲ့သည်။ မဝေးသောနေရာရောက်သောအခါ စစ်သည်တစ်ဦးက ၎င်း၏ လက်နက်မေ့နေသည်ကို သတိရ၍ ပြန်ယူသောအခါ ကျွန်မတစ်ဦးက ဤနေရာသည် ကျွန်မသား ဝဋဋူဘ နေထိုင်သွားသော ပျဉ်ချပ် ဖြစ်ကြောင်း ဆဲရေး၍ နို့ရေဖြင့် ဆေးကြောသည်ကို မင်းချင်းက မြင်ကြားခဲ့သည်။ မင်းချင်းကမေးသောအခါ အကြောင်းစုံကို ထိုကျွန်မက ပြောပြခဲ့၏။

ဝိဋဋူဘ ကြားသည့်အခါ "ဤသာကီဝင်မင်းတို့သည် ငါနေထိုင်ရာ ပျဉ်ချပ်ကို နွားနို့ရေဖြင့် ဆေးကြောနှင့်ကြဦး၊ ငါမင်းဖြစ်လျှင် ထိုသာကီဝင်မင်းတို့၏ လည်​ချောင်းသွေးကို ယူဆောင်၍ ပျဉ်ချပ်ကို ဆေးကြောပေအံ့" ဟု ရန်ငြိုးဖွဲ့ခဲ့သည်။[၅]

ကောသလမင်း၏ တုံ့ပြန်ချက် ပြင်ဆင်ရန်

နေပြည်တော်သို့ရောက်ပြီး ထိုအကြောင်းများ ကောသလမင်းကြားသိလျှင် ဝါသဘခတ္တိယကို မိဖုရားအဆောင်ယောင် ရုပ်သိမ်းခြင်း၊ ဝိဋဋူဘကို သေနာပတိရာထူး ရုပ်သိမ်းခြင်းပြု၍ ကျွန်အဆောင်ယောင်ဖြင့်သာ နေစေသည်။ ဘုရားရှင်က ကောသလမင်းကို သာကီဝင်တို့သည် မလျော်ကန်သော ကိစ္စကို ပြုကြသည်၊ ဇာတ်အနွယ်တူသော သတို့သမီးကိုသာပေးသင့်သည်၊ သို့သော်လည်း ထိုဝါသဘခတ္တိယသည် မဟာနာမ၏ သမီးတစ်ဦးဖြစ်သည့်အပြင် ခတ္တိယဇာတ်ဖြစ်သော သင်မင်းကြီး၏ မိဖုရားလည်းဖြစ်နေသည်၊ ဝိဋဋူဘသည်လည်း သင်မင်းကြီးနှင့် အကြောင်းပါရသော ခတ္တိယဇာတ်နွယ်ပင်ဖြစ်သည်၊ အဖမျိုးရိုးသာ ပဓာနကျသည်ဟု ပြောကြားရင်း ဧကကနိပါတ်လာ ကဋ္ဌဝါဟန ဇာတ်ကို ဟောကြားခဲ့သည်။ ထိုသောအခါမှသာလျှင် ကောသလမင်း ကျေနပ်၍ မူလအဆောင်ယောင်များကို ပြန်လည်အပ်နှင်းခဲ့သည်။[၆]

ဝိဋဋူဘနှင့် သာကီဝင်မင်းများ ပြင်ဆင်ရန်

ကောသလမင်း ရာဇဂြိုဟ်မြို့ပြင် ဇရပ်တစ်ခု၌ ကွယ်လွန်ခဲ့သည်။ ဝိဋဋူဘ မင်းအဖြစ်သို့ရောက်သည်။ အတိတ်မှ ဖွဲ့ခဲ့သော ရန်ငြိုးကို အမှတ်ရ၍ သာကီဝင်တို့ကို သတ်ရန် စစ်ချီသည်။[၇]

ဗုဒ္ဓ၏ သာကီဝင်တို့ကို ချီးမြှောက်ခြင်း ပြင်ဆင်ရန်

ဘုရားရှင်က သတ္တလောကသို့ ကြည့်ရာ ဆွေတော်မျိုးတော်အပေါင်း ပျက်စီးမည်ကို မြင်၍ ဆွေမျိုးများကို ချီးမြှောက်ရန် ပြုသင့်၏ ဟု ကြံစည်ကာ ကပိလဝတ်ပြည် အနီး အရိပ်ကျဲသော သစ်တစ်ပင်၌ ထိုင်တော်မူခဲ့သည်။ စစ်ချီလာသော ဝိဋဋူဘ ရောက်သောအခါ ဘုရားရှင်ကို မြင်သောကြောင့် ဆည်းကပ်ရှိခိုးပြီး ပူပြင်းသောရာသီတွင် အရိပ်ကျဲသော နေရာ၌ မည်သို့ကြောင့် နေထိုင်ရသနည်းဟု မေးမြန်းပြီး ၎င်းပြည်၏ နယ်စပ်တွင် အရိပ်ကောင်းသော သစ်ပင်များရှိသောကြောင့် ထိုတွင် နေထိုင်ပါရန် လျောက်တင်သည်။ ထိုအခါ ဘုရားက "ရှိပါစေ မင်းကြီး၊ ဆွေမျိုးတို့၏ အရိပ်သည် အေးမြလှ၏။" ဟု ပြန်လည်ဖြေကြားသည်။ ထိုအခါ ဝိဋဋူဘမင်းက ဘုရားသည် ဆွေမျိုးတို့ကို စောင့်ရှောက်ရန် လာခြင်းဖြစ်လိမ့်မည်ဟု အောက်မေ့ကာ တပ်ရုတ်၍ သာဝတ္ထိသို့ပြန်သည်။ ဘုရားရှင်လည်း ဝိဋဋူဘ ပြန်လည်ထွက်ခွာလျှင် ကောင်းကင်ခရီးဖြင့် ဇေတဝန်သို့ ပြန်ကြွသည်။

ဝိဋဋူဘ အနေဖြင့် သာကီဝင်တို့အပေါ် မကျေနပ်၊ အမုန်းကြီးမုန်းလေသည်။ သာကီဝင်တို့၏ ၎င်းအပေါ်ပြုသော အပြစ်ကို အမှတ်ရ၍ ဒုတိယအကြိမ် စစ်ချီသည်။ ဒုတိယအကြိမ်တွင်လည်း ဘုရားရှင်က ပထမအကြိမ် အတိုင်း နယ်စပ်၌ နေထိုင်သည်ကို ဝိဋဋူဘ မြင်လျှင် တပ်ခေါက် ပြန်သည်။ တတိယအကြိမ် စစ်ချီပြန်ရာတွင်လည်း ထိုသို့ ဖြစ်နေသဖြင့် သာဝတ္ထိသို့သာ တပ်ဆုတ်ခဲ့သည်။[၈]

သာကီဝင်မင်းများ ပျက်စီးခြင်း ပြင်ဆင်ရန်

စတုတ္ထအကြိမ် စစ်ချီခဲ့ပြန်သည်။ ဘုရားရှင်က သာကီဝင်တို့၏ အကုသိုလ်သည် ယခုတစ်ကြိမ် မတားနိုင်လောက်အောင် အကျိုးပေးမည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကြွရောက်ခြင်း မရှိတော့ပေ။ ဝိဋဋူဘ၏ ယခုအကြိမ်စစ်ချီမှုတွင် မဟာနာမမင်းနှင့် ၎င်းအနီးတွင်ရှိသော သာကီဝင်များကို မသတ်ရန်အမိန့်ပေးသည်။ ကျန်သူများကို သာကီဝင်စစ်မစစ် မေး၍ သတ်ရန်လည်း အမိန့်တော်ရှိခဲ့သည်။ ထိုသို့သတ်စဉ် အချို့သော သာကီဝင်မင်းတို့မှာ မြက်ကိုကိုက်၍ ရပ်တည်ကြကာ အချို့မှာ ကျူပင်ကိုက်၍ ရပ်တည်ကြသည်။ ၎င်းတို့က မေးလျှင် "နော သာကော၊ တိဏံ"၊ "နော သာကော၊ နဠော" ဟု ပြောဆိုသောကြောင့်[မှတ်စု ၁] ထိုနှစ်မျိုးနှင့် မဟာနာမဘေးတွင်ရှိသောသူများသာ ချမ်းသာရာရ၍ ကျန်သောသူများကို ကလေးမှအစ အားလုံးကိုသုတ်သင်ကာ လည်​ချောင်းသွေးများဖြင့် ယခင်ထိုင်ဖူးသော ပျဉ်ချပ်ကို ဆေးကြောခဲ့သည်။

အဖိုးတော်သူ မဟာနာမမင်းကို ဖမ်းဆီးစေ၍ နံနက်ရောက်သော် အတူစားရန် ခေါ်၏။ မဟာနာမက ၎င်း၏ ကိုယ်သည်မသန့်၊ ထို့ကြောင့် ရေချိုးရန် ခွင့်တောင်းရာ ခွင့်ပေးသောကြောင့် ရေအိုင်တစ်ခုအတွင်းသို့ မိမိကိုယ်ကို သတ်သေရန် ငုတ်လျိုးဆင်းခဲ့သည်။ ထိုအခါ နဂါးမင်းတစ်ပါးက မဟာနာမကို ကယ်ဆယ်၍ နဂါးပြည်သို့ ခေါ်ဆောင်ခဲ့သည်။

ဤသို့ဖြင့် သကျသာကီဝင်ခေါ် သာကိယမင်းအဆက်အနွယ်များသည် ဝဋဋူဘ ကြောင့်ပြတ်ခဲ့လေတော့သည်။[၁၀]

ဝိဋဋူဘ ပျက်စီးခြင်း ပြင်ဆင်ရန်

သာကီဝင်တို့ကို သုတ်သင်ပြီးစီး၍ ပြန်လည်ထွက်ခွာခဲ့သည်။ ညအချိန်၌ အစိရဝတီမြစ်သို့ရောက်၍ ထို၌ စခန်းချ နေထိုင်ကြသည်။ အချို့သော စစ်သည်များက အထက်ကုန်းမြင့်တွင် အိပ်စက်ကြ၍ အချို့က သဲသောင်ပြင်၌ အိပ်စက်ကြသည်။ မိုးကြီးသဲ၍ အစိရဝတီမြစ်ကြီး ရေလွှမ်းကာ ဝိဋဋူဘနှင့်တကွ သဲသောင်ပြင် အိပ်သူအားလုံး ရေနှင့်အတူပါသွား၍ ပျက်စီးခဲ့ရလေသည်။[၁၁]

အကြောင်း အကျိုး ပြင်ဆင်ရန်

လူအများသည် သာကီဝင်မင်းတို့၏ ယခုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံတွေ့ရသည်ကို မသင့်တော်၊ ကလေးသူငယ်ကို မချန် သတ်ဖြတ်ခံရခြင်းသည် မလျှောက်ပတ်ဟု ပြေဆိုသည်ကို ဘုရားရှင်က ကြားရာ ရဟန်းတို့ကို အောက်ပါအတိုင်းမိန့်ကြားခဲ့သည်။ ဤဘဝ၌ သာကီဝင်မင်းတို့သည် ယခုကဲ့သို့ သေရခြင်းသည် မလျော်ကန်သော်လည်း ရှေးကပြုခဲ့ကြသည့် မကောင်းမှုအကုသိုလ်ကံနှင့် ဆက်စပ်ကြည့်ပါလျှင် သင့်လျောက်ပတ်သော သေခြင်းကိုရ၏ ဟုဆိုသည်။ သာကီဝင်တို့သည် တစ်ခုသောဘဝ၌ တစ်စုတည်း၊ တစ်ပေါင်းတည်းရှိကြပြီး မြစ်ချောင်းတစ်ခု၌ အဆိပ်ကို ပစ်ချခဲ့ကြဖူးသောကြောင့် ဖြစ်၏ဟု ဆက်လက်မိန့်ကြားသည်။ ထို့နောက် အောက်ပါ ဂါထာတော်ကို ရွတ်ဆိုလေသည်။

"ပုပ္ဖနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။ သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။"

ဤဂါထာတော်သည် မူလဓမ္မပါဒ၏ ပုပ္ဖဝဂ် (ပါဠိ: ပုပ္ဖဝဂ္ဂ)၊ ဂါထာအမှတ် (၄၇) စာပိုဒ်ဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ : ပန်းဥယျာဉ်သို့ဝင်၍ ကောင်းနိုးရာရာ ပန်းများကို ရွေးချယ်သော သူကဲ့သို့၊ ငါးပါးအာရုံ ကာမဂုဏ်ချမ်းသာတည်းဟူသော ပန်းတို့ကိုရွေးချယ်လျက်၊ ၎င်းကာမဂုဏ်ချမ်းသာတို့ကို အလွန်စွဲလမ်းကာ မေ့လျော့နေသော လူအပေါင်းကို

"ကြီးစွာသော ရေအယဉ်သည် ရွာသူရွာသားတို့ အိပ်ပျော်နေသော ရွာကိုလွှမ်းမိုးတိုက်ယူ သွားသကဲ့သို့ သေမင်းသည် သိမ်းယူသွားလေ၏။" (မြန်မာပြန် - အရှင်သေဋ္ဌိလ)

ဝေဖန်ခြင်း ပြင်ဆင်ရန်

ဤဖြစ်ရပ်သည် မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်ဖြစ်ပျက်ခဲ့သည်။ ဤဇာတ်ကြောင်းနှင့် ပတ်သက်၍ အနည်းငယ်သော စိစစ်ဝေဖန်ထားမှုကို ဦးရွှေအောင် ပြုစုရေးသားသော ဓမ္မပဒစာအုပ်၊ ဝိဋဋူဘ အခန်းတွင် တွေ့မြင်နိုင်သည်။

သာကီဝင်တို့သည် အမျိုးဇာတ်ကို အရောမခံကြ၊ ဇာတိမာန် ကြီးသူများဖြစ်ကြသည်။ ကောသလမင်း၏ သတို့သမီးတောင်းဆိုသည်ကို မပေးချင်ကြပေ၊ မပေးလျှင်လည်း စစ်ပြုခံရမည်ဆိုသောကြောင့် လှည့်ပတ်လိမ်လည်၍ ပေးခဲ့ကြသည်။ ဤသို့သော လိမ်လည်သည့် မုသာဝါဒကံကြောင့် အန္တရာယ်ကြီးကြုံမည်ကို မသိကြချေ။ အမှန်တိုင်းဆိုခြင်း သစ္စဝါဒသည် အားကြီးသကဲ့သို့ အကုသိုလ်ဖြစ်သော မုသာဝါဒသည်လည်း အင်အားကြီးမားပေသည်။

ဝိဋဋူဘသည်လည်း သာကီဝင်တို့၏ အပြစ်ကို မကျေနပ်၊ မိမိသည် ယခင် သေနာပတိရာထူးပြန်ရသော်လည်း စိတ်သန္တာန်၌ အမာရွတ်အဖြစ် ကျန်ရစ်နေခဲ့သည်။ မင်းအဖြစ်သို့ရောက်ရာတွင်လည်း မိမိ၏ ကိုယ်စွမ်းဉာဏ်စွမ်းကြောင့် မဟုတ်ဘဲ သူတစ်ပါးမင်းမြှောက်မှသာ ဖြစ်ရ၏။ အစိန္တေယျဖြစ်၏။ ကြံစည်သော်လည်း ဖြစ်ချင်မှ ဖြစ်နိုင်မည်။ မကြံစည်သော်လည်း ကံ၏ ဖန်တီးမှုကြောင့် ဖြစ်နိုင်သည့် သဘောပင်ဖြစ်သည်။

ဝိဋဋူဘဘုရင် ဖြစ်သောအခါ သာကီဝင်တို့ကို လက်စားချေရန် ကြံစည်သည်။ ၎င်း၌ ကလျာဏမိတ္တ မရှိပေ (တစ်နည်း) ဆရာကောင်းမရှိပေ။ ထို့ကြောင့် မလုပ်သင့်သည်ကို လုပ်ခြင်းဖြစ်သည်။ လူလောကတွင် လူဖြစ်လာရခြင်း တာဝန်သည် မိမိအပေါ်ကျေးဇူးများသော ပတ်ဝန်းကျင်လောကကို ကျေးဇူးရှင်အဖြစ်သိရှိခြင်းနှင့် တတ်စွမ်းသမျှ ကျေးဇူးဆပ်ခြင်းဖြစ်သည်။ ၎င်းသည် ဘုရားနှင့်လည်း ဆွေမျိုးတော်သကဲ့သို့ သာကီဝင်များနှင့် လည်း ဆွေမျိုးစပ်သည်။ သို့သော်လည်း သာကီဝင်မင်းတို့ကို ရက်စက်စွာသတ်ခဲ့လေသည်။ အာဃာတပြင်းသူတို့၏ လက်ထဲ၌ အာဏာရရှိခြင်းသည် လောကအတွက် ကျိန်စာတစ်ခုသင့်ခြင်းဖြစ်သည်။ လောက၌ အဓမ္မသည် ဓမ္မအပေါ် အားကြီးသော ဥပနိဿယ(ပစ္စည်း) သဘောအနေဖြင့် ယာယီအောင်ပွဲခံတတ်သည့် သဘောတရားပင်ဖြစ်လေသည်။

အဆုံး၌ မိမိကိုယ်ကို ဟုတ်လှပြီဟု ထင်၍ အခွင့်သာစဉ် ရမ်းကားခဲ့သောကြောင့် ကောသလမင်း၊ ဝိဋဋူဘမင်းတို့သည် အသေဆိုးဖြင့် သေဆုံးခဲ့ကြရသည်။ ထိုသို့သေဆုံးရခြင်းမှာလည်း အခြားသူကပြုလုပ်သည်မဟုတ်ဘဲ မိမိ၏ အတ္တနှင့် မာနကိုမချိုးနှိမ်နိုင်ဘဲ ထိုအတ္တ၊ မာနတို့၏ အကျိုးပေးသောကြောင့်ပင်ဖြစ်သည်။[၁၂]

မှတ်စု ပြင်ဆင်ရန်

  1. ဤဇာတ်ကြောင်းသည် ဓမ္မပဒအဋ္ဌကထာ၏ ပုပ္ဖဝဂ်တွင် အကျယ်တဝံ့ပါရှိသည်။ သာကီဝင်တို့သည် ဤသို့ သတ်ဖြတ်ခံရစဉ် အချို့မှာ ခိုကိုးစရာကိုလည်းမမြင်၊ မုသားလည်း မဆိုချင်သဖြင့် 'တိဏ' ခေါ် မြက်ကို ကိုက်နေသူများက "နော သာကော" (ကျွန်းပင်) မဟုတ်၊ တိဏ (မြက်ပင်) ဖြစ်သည်ဟု ဆိုကြစဉ် ကျူပင် ကိုက်နေသူများက "နော သာကော" (ကျွန်းပင်) မဟုတ် နဠ (ကျူပင်) ဟု ဖြေဆိုကြကြောင်း မဟာဗုဒ္ဓဝင်က ဆိုသည်။ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ) ၏ ဓမ္မပဒစာအုပ် ဝိဋဋူဘ အခန်းတွင် "ငါတို့သည် "တိဏ သာကီဝင်" (မြက်ပင် သာကီဝင်) ၊ "နလ သာကီဝင်" (ကျူပင် သာကီဝင်) ဆိုကြသည်ဟု ရေးသားထားသည်။[၉] ဓမ္မပဒ အဋ္ဌကထာလာ ဇာတ်ကြောင်းတွင် သာကီဝင်တို့၏ အရည်အချင်းတစ်ခုကိုပြဆိုရာ၌ မုသားရှောင်ကြဉ်သူ၊ မုသားမပြောသူဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် "နော သာကော" ဟုဆိုသော "သာကီ" (သို့) ကျွန်းပင် မဟုတ် "တိဏံ၊ တိဏ" သာဖြစ်သည်ဟုဆိုလျှင် မုသားဘက်သို့ တိမ်းနိုင်ပြီး ဦးမြင့်ဆွေ၏ ဓမ္မပဒစာအုပ်နှင့် မဟာဗုဒ္ဓဝင် စာမျက်နှာ ၄၀ ပါ 'တိဏ သာကီဝင် ' ၊ 'နဠ သာကီဝင်' ဖြစ်သည်ဟု နှစ်မျိုးလုံးယူပါက သာကီဝင်ဟု ဝင်ခံသော သဘောဘက်ရောက်နိုင်သည်။ အဋ္ဌကထာ ၏ အားနည်းချက် ဖြစ်တန်ရာသည်။

ကိုးကား ပြင်ဆင်ရန်

အောက်ခြေမှတ်စု ပြင်ဆင်ရန်

  1. The Great Chronicle of Buddhas by Ven. Mingun Sayadaw။ Wisdom Library။ “"The story of Viṭaṭūbha, also known as Mittadubbhi (“the destroyer of friends”), son of Pasenadi (King Pasenadi of Kosala) and Vāsabhakhattiyā."
  2. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၁၀-၁၆.
  3. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၁၆.
  4. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၁၇-၁၉.
  5. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၁၉-၂၂.
  6. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၂၂-၂၄.
  7. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၃၄-၃၇.
  8. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၃၇-၃၈.
  9. ဦးမြင့်ဆွေ (လန်ဒန်- မဟာဝိဇ္ဇာ) (၁၉၇၇)။ ဓမ္မပဒ (ပထမအကြိမ် ed.)။ ရန်ကုန်: နှလုံးလှစာပေဖြန့်ချိရေး။ p. ၉၂။
  10. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၃၈-၄၁.
  11. မဟာဗုဒ္ဓဝင် ၁၉၉၇, p. ၄၁-၄၂.
  12. ဦးရွှေအောင် (မဟာဝိဇ္ဇာ) (၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်)၊ ဒုတိယအကြိမ်။ ရာပြည့်စာအုပ်တိုက်။ p. ၄၅၂-၄၅၉။

ရင်းမြစ် ပြင်ဆင်ရန်