သန်းဝင်းထွန်း အမည်ရင်း သန်းဝင်းကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားသည်။ ဇာတိမှာ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာ ဖြစ်သည်။ မိဘများမှာ ဦးမြမောင်၊ ဒေါ်ကျင်စိန်တို့ ဖြစ်ပြီး၊ သာမန် လယ်သမား မိသားစုမှ မွေးဖွားသည်။ မွေးချင်း မောင်နှမ သုံးယောက်ရှိပြီး၊ အမနှစ်‌ယောက်ရှိသည်။ ခေတ်ပြိုင် ပန်းချီဆရာများမှာ ဝင်းဖေမြင့်၊ မကွေးမျိုးညွန့်၊ ပန်းချီကျော်သောင်းတို့ ဖြစ်သည်။ ပထမဆုံး တကိုယ်တော်ပြပွဲ (one man show) ကို၊ လောကနတ် အလှပညာဆိုင်ခန်းတွင် ပြုလုပ်ခဲ့သည်။ ဆိုင်ခန်း မန်နေဂျာ ဦးအောင်ထွန်းမှ ပန်းချီရေးတဲ့ သန်းဝင်းတွေက အများကြီးပဲ၊ ခင်ဗျားနံမယ် သန်းဝင်းထွန်းလို့ ပေးလိုက်လို့ အကြံပေးသည်။ ယင်း ပထမအကြိမ် တကိုယ်တော်ပြပွဲမှ စပြီး၊ သန်းဝင်းထွန်း အမည်ကို အသုံးပြုသည်။ ကြပ်တည်းသော ကာလများတွင် စီးပွားရေးအရ အလုပ်နှစ်ခု၊ သုံးခုလုပ်မှ အဆင်ပြေခဲ့သည်။ အစိုးရ နေ့စားဝန်ထမ်း၊ လခစားဝန်ထမ်း၊ ပုံပြင်ပုံကပ် အလုပ်၊ ကိုယ်ပိုင် ပန်းပုလုပ်ငန်း၊ ညစောင့်အလုပ်၊ မှန်ထိုးနေ့စားအလုပ်၊ ပန်းချီဆရာ စသဖြင့် လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့သည်။ သားသမီး ၄ ယောက်ရှိပြီး၊ ဇနီးမှာ ဒေါ်သန်းသန်းဝင်း ဖြစ်ပြီး၊ မိသားစုဖြင့် ရန်ကုန်မြို့တွင် နေထိုင်သည်။

သန်းဝင်းထွန်း
သန်းဝင်းထွန်း
မွေးဖွားသန်းဝင်း
၁၉၄၈
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာ
နိုင်ငံလူမျိုးမြန်မာ
ပညာရေးရန်ကုန် ပန်းချီ၊ ပန်းပုကျောင်း (၁၉၇၀-၁၉၇၄)
ကျော်ကြားမှုအရင်းခံမိုလ်ဘိုင် ပန်းချီပြပွဲ
စတိုင်ဒါးရေးချက်၊ အောက်ဒိုးပန်းချီ
အိမ်ထောင်ဖက်(များ)ဒေါ်သန်းသန်းဝင်း
ရရှိသည့်ဆုများ၁၉၇၄ ခု၊ ပန်းပုထူးချွန် - ဦးငွေကိုင်ဆု/ ၂၀၀၂ ခု၊ ပတ်ခ်ရွိုင်ရယ်က စီစဉ်တဲ့ မြန်မာ့အလှပြပွဲမှာ ဆီဆေးပန်းချီ ပထမဆု

ငယ်ဘဝ ပြင်ဆင်ရန်

မောင်သန်းဝင်း၏ မိဘများသည် ဆင်းရဲသော လယ်သမားများ ဖြစ်ပြီး၊ ပန်းချီ၊ အနုပညာနှင့် နီးစပ်သူများ မဟုတ်ကြပေ။ မွေးဖွားရာ အနီးကိုက်ကျေးရွာသည်လည်း အိမ်ခြေငါးဆယ်သာရှိသော ရွာငယ်လေး ဖြစ်သဖြင့်၊ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည်။ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် သက်တူရွယ်တူ လေးငါးဦးနှင့် ဘုန်းကြီးကျောင်းသား အဖြစ် ကျောင်းအိပ်ကျောင်းစား နေသည်။ အသက်ခုနှစ်၊ ရှစ်နှစ်ခန့် ဘုန်းကြီးကျောင်းတွင် နေစဉ် ကျောင်းထိုင်ဘုန်းကြီး ဦးဝက် ထံမှ ပန်းချီကို စတင်သိရှိ ခဲ့ရသည်။

၁၂ နှစ်မှာ ပဲခူးကို ရောက်ပြီး၊ မူလတန်း စတက်သည်။ ပဲခူးအရှေ့၊ မြို့တွင်းကျောင်း၊ ကျောင်းအုပ် ဦးစံရင် ဖြစ်သည်။ ယင်းကျောင်းမှ အားကစားထူးချွန်သူထွက်သည်။ ကျောင်းနေဖက်က မအေးရွှေ (ကျွန်းဆွယ်ပွဲ ရွှေတံဆိပ်ဆုရ အပြေးချံပီယံ)နှင့် အတန်းကြီးသူ ရဲညွန့် (ပဲခူးတိုင်း ဘောလုံး လက်ရွေးစင်) တို့ ပါသည်။ ထို့နောက် အမှတ် ၁ အထက (ဒေါ်အေးပုံကျောင်း) တွင် ဆက်တက်သည်။ ယင်းကျောင်းတွင် ပန်းချီလက်ဦးဆရာ ဦးဘသောင်း (ပန်းချီနည်းပြ) နဲ့ တွေ့ရခြင်း ဖြစ်သည်။

နောက်ပိုင်း ကျောင်းပြေးတဲ့ အခါ ‌ရွှေမော်ဓောဘုရားကို သွားတတ်သည်။ ဘုရား တောင်ဖက်မုခ်ရှိ ပန်းပု ဦးမောင်ကျော်ရဲ့ ပန်းပုဆိုင်ကို ရောက်ပြီး၊ ဦးမောင်ကျော် မှပန်းပု ဝါသနာပါလား၊ ပန်းပုသင်မလား ဆိုတော့၊ ပန်းချီရေးဖူးတော့၊ ဝါသနာပါတယ်လို့ပဲ ပြောလိုက်သည်။ အဆောင်အရုပ် ထုနည်း စသင်ပေးသည်။ သစ်သားချောင်း အသေးလေးတွေ သုံးပြီး၊ အဆောင်ရုပ်များ ထုပြသည်။ ထုပြတာ ငါးမိနစ်၊ ဆယ်မိနစ်နဲ့ ဆရာလိုပဲ ငါးမိနစ်ဆယ်မိနစ် လိုက်ထုပြပြီး၊ ချက်ချင်းတတ်သည်။ နေ့ခုနစ်နေ့ ပုံတွေကို သစ်သားနဲ့ ထုပြ၊ အဲဒါတွေ တတ်လာသည်။ ပန်းချီသင်ဖူးတာလည်းရှိ၊ ဝါဿနာလည်း ရှိတော့ ချက်ချင်းတတ်သည်။ နောက်ပိုင်း အရုပ်တွေ ဆေးကူသုတ်တာ လုပ်ပေးရင်း ဦးမောင်ကျော်၏ တပည့်အဖြစ် ပန်းပုပညာကို သင်ယူသည်။

အကူအညီ အထောက်အပံ့ပေးသူများ ပြင်ဆင်ရန်

၈ တန်းတွင် ရန်ကုန်၊ သင်္ကန်းကျွန်း အထက်တန်းကျောင်းသို့ ပြောင်းတက်သည်။ ပန်းပုအခြေခံ တော်တော်ရှိထားပြီး၊ မိဘမှ စားဝတ်နေရေး မထောက်ပံ့နိုင်သဖြင့် ပန်းပုရုပ်များ ထုပြီး၊ ရွှေတိဂုံဘုရား စောင်းတန်းဈေးတွင် သွင်းသည်။ သျှင်သေဝလိ၊ သျှင်ဥပ္ပဂုတ္တ၊ ဘိုးမင်းခေါင် ပုံတွေ ထုသည်။ ထင်းဆိုင်က တပိဿာ ပြား ၄၀ ဖြင့် သစ်သားဝယ် ထုသည်။ ပုံတွေ ထုပြီးလျှင် လွယ်အိတ်ထဲထည့် ရွှေတိဂုံ တောင်ဖက်မုခ်နှင့် အရှေ့ဖက်မုခ်တွေရှိ နိဗ္ဗာန်ကုန်ဆိုင်များတွင် သွားရောင်းသည်။ ပုံတပုံကို တကျပ်၊ တကျပ်ခွဲ မျှရသည်။ ထိုခေတ် ငွေတကျပ်ဖြင့် မနက်ည ထမင်းစားလို့ရသည်။ ၁၉၆၇/၆၈ ခုနှစ်က သင်္ကန်းကျွန်းတွင် ထမင်းတပွဲ ပြားခြောက်ဆယ်၊ မြေပဒေသာတွင် တမတ်သာ ကျသင့်သည်။ ဆယ်တန်းဖြေဖို့ လုပ်သည်။ ယင်းကျောင်းမှ ဆရာမ ဒေါ်ခင်ဆွေမြင့် (အထက်တန်းပြ မြန်မာစာ ဆရာမ) က စာရေးဆရာများ၊ အရေးပါတဲ့သူများကို သိသူ ဖြစ်ပြီး အဆက်အသွယ်ကောင်းသည်။ ဆရာမက သူ့အဆက်အသွယ်တွေဆီ ပို့ပေးသည်။ ထုထားသည့် ပန်းပုများ ဝယ်နိုင်မည့်သူတွေကို လမ်းညွှန် မိတ်ဆက် ပေးသည်။ တခါက တခြမ်းဖောင်းပုံ (relief) သခင်ကိုယ်တော်မှိုင်းဗိုလ်ချုပ်အောင်ဆန်း အရုပ်တွေကို ကျွန်းပြားပေါ်ထုထားပြီး၊ ဆရာမက သွားရောင်းရမယ့်နေရာကို စာရေးပေးသည်။ ၃၇ လမ်းရှိ၊ အိုးဝေဂျာနယ် အယ်ဒီတာချုပ် ဦးညိုမြထံ ပုံများကို သွားပြရသည်။ ရောင်းရငွေ ၁၀ လား၊ ၁၅ ကျပ်လား ရခဲ့သည်။ ယင်းအချိန်က ငွေ ၁၀ ကျပ် ဆိုလျှင် တလလုံး စားနိုင်ပြီး၊ ကျောင်းစရိတ် ရခဲ့သည်။ နောက် ဂျပန်ကုမ္ပဏီ ပိုင်ရှင် ဦးဇော်ညွန့်ဆီ အလုပ်ခန့်ဖို့ စာရေးပေးကာ၊ ဒီဇိုင်းလုပ်ဖို့ အလုပ်ရသော်လည်း၊ သုံးရက်ပဲ လုပ်ခဲ့ရသည်။ အလုပ်ရှင် ဦးဇော်ညွန့်ကို အစိုးရက နိုင်ငံရေးကိစ္စလား၊ တခုခုကြောင့်လား ဖမ်းသွားသဖြင့် ဆက်မလုပ်ရခြင်း ဖြစ်သည်။ ပို့စကတ်လေးတွေ ရေးရင် ဆရာမက သူ့အသိဆိုင်မှာ တင်ပေးသည်။ ဆရာမမှ အများကြီး ထောက်ပံ့ကူညီခဲ့သည်။ လူငယ်ပြုပြင်ရေး ဆောင်းပါးများရေးသူ လုပ်သားသတင်းစာ အယ်ဒီတာ ဦးသန်းဆက်၏ အကူအညီကို ရသည်။ သူက ကူညီသည့် အနေနဲ့ သူတို့ကိုးကွယ်သည့် ဘိုးတော်အရုပ်များ ထုခိုင်းသည်။ သူကပဲ ကေတီဦးတင့်လွင်ကို မိတ်ဆက်ပေးခဲ့သည်။

ပန်းချီကျောင်း တက်ခြင်းနှင့် အလုပ်လုပ်ခြင်း ပြင်ဆင်ရန်

ဆယ်တန်း အောင်မြင်အောင် ကြိုးစားနေဆဲမှာပဲ၊ ယဉ်ကျေးမှုကဇာတ်တွင် ဇာတ်ခုံဒါရိုက်တာ (Stage Director) လုပ်သူ ဆရာကြီး ဦးအမ်တင်အေး ထံတွင် နေ့စားအလုပ် ဝင်လုပ်သည်။ ဆရာကြီးက ဆယ်လိုဖိန်းမှန်ချပ် (cellophane glass) ပေါ်တွင် ဇာတ်ခုံနောက်ခံထားမည့် ရှုခင်းများ၊ ဇာတ်ဝင်ခန်းများကို ရေးဆွဲသည်။ ယင်းမှန်ခြပ်ကို မီးဆလိုက် (light box) ပေါ်တင်ပြီး၊ ဇာတ်ခုံနောက်ခံ ပိတ်ကားပေါ်တွင် ပုံရိပ် ထင်စေသည်။ မှန်ထိုးသမားက အမှောင်ထဲတွင် ယင်းနှစ်ပေ၊ သုံးပေ မှန်ခြပ်များကို ဇာတ်ဝင်ခန်း အလိုက် စမ်းတဝါးဝါးဖြင့် လဲလှယ်ပေးရသည်။ တခါက အရေးကြီးပွဲ တခုတွင် နောက်ခံ ရှုခင်းကား ဇောက်ထိုးကြီး တင်မိသဖြင့် ဇာတ်ရုံ တာဝန်ခံ၏ အဆဲခံရသည်။ ဆရာကြီး ခိုင်းသဖြင့် သုဝဏ္ဏဇာတ်ရုံနှင့် မြေပဒေသာဇာတ်ရုံတို့တွင် မှန်ထိုးအလုပ်ကို နေ့စားလုပ်ကိုင်ခဲ့သည်။

ဆရာကြီးဦးအမ်တင်အေက လက်ရာများကို ပြခိုင်းပြီး၊ မင်းက အရပ်သင်တတ်တာလို့ မှတ်ချက်ပြုပြီး၊ ကျောင်းမှာ စနစ်တကျ သင်ဖို့၊ ရန်ကုန် ပန်းချီပန်းပုကျောင်း၊ ကျောင်းအုပ်ကြီး ဦးမြတ်ကျော်ဆီကို စာရေးစေလွှတ်သည်။ ဆရာကြီး ဦးမြတ်ကျော်ဆီ ရောက်ချိန် ကျောင်းက ယင်းနှစ်အတွက် မမီတော့သည့် အတွက်၊ နောက် တနှစ် စောင့်ပြီးမှ တက်ခဲ့ရသည်။ ဆယ်တန်းအောင်မြင်အောင် ဆက်မ‌ဖြေတော့ပဲ ပန်းချီးကျောင်း တက်သည်။ ကျောင်းတက်သော အခါ အသက် ၂၃ နှစ်ရှိပြီး၊ အခြားကျောင်းသားများထက် အသက်ကြီးနေသည်။

ပန်းပုပညာတော်သော ပန်းပု ဦးစိုးတင့်ထံ တွင်လည်း ဆရာကြီးက အပ်နှံပေးသေးသည်။ ပန်းချီကျောင်း တတ်နေစဉ်၊ တနှစ်နီးပါးမျှ ဦးစိုးတင့်နှင့် အတူနေခဲ့သည်။ ဦးစိုးတင့်က အရက် အမြဲ သောက်တတ်ပြီး၊ ခပ်ပေပေနေသလို၊ လူမိုက်တယောက်လို နေထိုင်သဖြင့် ရန်သူ များသည်။ ယင်းကာလက အရက်ကို အကန့်အသတ်ဖြင့် ရောင်းရာ၊ အရက်ရရန် မြို့အနှံ့ တန်းစီတိုးခဲ့ရသည်။ ဆရာဖြစ်သူက အကာအကွယ် ပေးခဲ့သော်လည်း၊ ကိုယ့်ဖာသာကိုလည်း သတိဖြင့်နေခဲ့ပြီး၊ နောက်ပိုင်းတွင် ဆက်မနေဖြစ်တော့ပေ။

ပန်းပု အထူးပြုနဲ့ ၁၉၇၁ မှ ၁၉၇၄ အထိ ကျောင်းတက်ခဲ့ပြီး၊ နောက်ဆုံးနှစ် ၁၉၇၄ မှာ ရန်ကုန် ပန်းချီပန်းပုကျောင်း၏ "ပန်းပုထူးချွန် ဦးငွေကိုင်ဆု" ရရှိခဲ့သည်။ ပန်းချီ၊ ပန်းပု ထူးချွန် ဦးငွေကိုင်ဆုကို ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ပြီး၊ ရန်ကုန်၊ မန္တလေး နှစ်ကျောင်းစလုံးမှ ထူးချွန်သူများအား ရွေးချယ် ပေးအပ်ခဲ့သည်။ ၁၉၇၈ ခုနှစ် အထိ ပြုလုပ်နိုင်ခဲ့သည်။ပန်းချီလှထွန်း‌အောင်မှ ဖြည့်စွက်ပြောဆိုခြင်း။</ref> ရရှိသူ အချို့မှာ မန်းမြင့်ခိုင်၊ သန်းဝင်းထွန်း၊ ဝင်းမြင့်မိုး၊ မြင့်အောင် (မန်း)၊ ပုဂံမောင်သီဟ (မန်း)၊ မောင်ချို (မန်း)၊ ညွန့်အောင် (မန်း) တို့ ဖြစ်သည်။ ယင်းကာလ ရန်ကုန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးမြတ်ကျော်၊ ဦးသုခ (အခြေခံပုံဆွဲ)၊ ဦးဘလုံလေး (စီးပွားရေး)၊ ဦးသိန်းဟန်၊ ဦးအောင်သွင် (ပန်းပု/ယဉ်ကျေးမှုကဇာတ်မှ အဝတ်အစား ဒီဇိုင်းဆရာ) တို့ သင်ကြားသည်။

ပန်းချီကျောင်းဆင်းပြီးနောက် အညာတွင် နှစ်နှစ်ခန့် ပန်းပုလိုက်ထုနေခဲ့သည်။ ပထမဆုံး ရွှေဘိုမြို့၊ မြသိန်းတန်ကျောင်း ဆရာတော်ပုံ ပုံတူပန်းပု ထုလုပ်ပေးရန် လိုက်သွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရွှေဘိုနှင့် တမိုင် ဝေးသော ပုသိမ်ကြီးတောရ ဆရာတော်ပုံ ထုရန်၊ ဘုရားတည်ရန် သွားခဲ့သည်။ ဧရာဝတီမြစ်ရိုး စဉ့်ကူးနယ်ရှိ ဟင်္သာမရွာ၊ ကြက်တူရွေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ပန်းပုရုပ်တွေ ထုလုပ်ခဲ့သည်။ ပလာစတာရုပ်၊ အင်္ဂတေရုပ်၊ သစ်သားပန်းပုရုပ်တွေ ရွာစဉ်လှည့် ပြုလုပ်ခဲ့ရသည်။ မန္တလေး ကိုပန်မြ၊ မုံရွာ ဦးသန်းဆိုင် တို့သည် ယင်းကာလက အပြိုင်ထုလုပ်ခဲ့သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်။

အညာမှ ပြန်လာပြီး အိမ်ထောင်ကျ၍ ကျိုက္ကဆံဘုရားတွင် ကိုယ်ပိုင် ပန်းပုဆိုင်ကို နေ့ပိုင်းတွင် ဖွင့်ပြီး၊ ညပိုင်းတွင် အစိုးရ သတင်းစာတိုက်တွင် အလုပ်လုပ်သည်။ ယင်းပန်းပုဆိုင်ကို ၁၁ နှစ်ကြာ ဖွင့်လှစ်ခဲ့သည်။ 

အစိုးရထုတ် လုပ်သား သတင်းစာတိုက် ဖိုတိုလစ်သိုခန်းတွင် ပုံပြင်၊ ပုံကပ် တာဝန်ဖြင့် ၁၇ နှစ် လုပ်ကိုင်ခဲ့သည်။ စာလုံး ပြင်ခြင်း၊ မျဉ်းဆွဲခြင်းတွေကို ဖလင်ပေါ်တွင် လုပ်ပေးရသည်။ သတင်းတပုဒ် အပိတ်အဖွင့် မျဉ်းတွေ ရေးပေးရသည်၊ စာမှား ပြင်ရသည်။ ပြီးလျှင် ပုံနှိပ်နိုင်ရန် စာဖောင် ဖလပ်တွဲပေးရသည်။ ဝါဒဖြန့် နိုင်ငံရေး ကာတွန်းမျိုး ရေးခိုင်းခဲ့သော်လည်း၊ မရေးချင်ကြောင်း ငြင်းပယ်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း ပင်စင်ခံစားခွင့်ကို စွန့်လွှတ်ပြီး၊ အစိုးရအလုပ်မှ ထွက်လာခဲ့သည်။ ယင်းကာလများတွင် လုပ်သားသတင်းစာ အယ်ဒီတာချုပ်များ အဖြစ် ဦးလှမြိုင် (စာရေးဆရာ ကိုဆောင်း)၊ စဝ်ကိုင်ဖ၊ ချစ်ကြည်ရေး ကြည်ညွန့် တို့ လုပ်ကိုင်ခဲ့သည်။

ပန်းချီဆရာကြီးများနှင့် ဆုံရခြင်း ပြင်ဆင်ရန်

ဆရာကြီးဦးအမ်တင်အေး ထံတွင် နေ့စားအဖြစ် စတင် အလုပ်လုပ်ခဲ့ပြီး၊ ပန်းချီကျောင်းတက်စဉ်ကာလ တလျောက် ၅၁ လမ်းရှိ ဆရာ့အိမ်ကို ဝင်ထွက်သွားလာရသည်။ အိမ် ဗာရီယကိစ္စများ လုပ်ပေးခြင်း၊ အိမ်ကို စောင့်ရှောက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ပြုလုပ်ရသည်။ မြင်းကွင်း (ကျိုက္ကဆံကွင်း)လို ပြင်ပတွင် ရေးဆွဲစရာမျိုး ရှိသည့်အခါ လိုက်သွားရသည်။ ကဇာတ်ဌာန ပြဇာတ်ကသည့် အချိန်၊ ဇာတ်ခုံ နောက်ခံကား မှန်ချပ်များ လဲပေးရသည်။

ဆရာကြီးဦးသိန်းဟန်နှင့် ကျိုက္ကဆံဘုရားတွင် ပန်းပုဆိုင်ဖွင့်ချိန်တွင် အများဆုံး ဆုံခဲ့ရသည်။ ယင်းကာလက ရေဆေးကို ဆရာကြီးထံမှ သင်ယူခဲ့သည်။ ဆရာကြီးက တောင်ဥက္ကလာ ဆယ်ရပ်ကွက်တွင် နေသဖြင့် ဘုရားနှင့် နီးသည်။ မနက်ပိုင်းဆို လက်ဖက်ရည် သောက်ရန် လမ်း‌‌လျှောက်လာတတ်သည်။ ယင်းအချိန်ဆို မိမိရေးထားသော ပန်းချီကားများကို ဆရာကြီးကို ပြသသည့်အခါ၊ ဆရာကြီးက သုံးသပ်ပေးသည်။ ဆရာကြီးဦးအမ်တင်အေးနှင့် အလုပ်လုပ်စဉ် ဆရာဦးကြည်ကို သိရှိခဲ့ရပြီး၊ ၁၉၈၄ ခုနှစ်တွင် ဆရာဦးကြည် ထံမှ ရေဆေးကို သင်ယူသည်။ ဆရာကြည်၏ အားပေးမှုဖြင့် အဖွဲ့လိုက် ရေဆေးပြပွဲများတွင် ပါဝင်ပြသခဲ့သည်။ [၁]

စပ်ပန်းချီကို ယဉ်ကျေးမှုကဇာတ်ဌာနမှ စပ်ပန်းချီဆရာ ဦးချောထံမှ သင်ယူခဲ့သည်။ ပြဇာတ်တွင် အသုံးပြုသော ဇာတ်ဝင်ပစ္စည်းများ၊ ဇာတ်ရုပ်များ ပြုလုပ်ရန် ဝါး၊ ကြိမ်ဖြင့် ရုပ်လုံးချိုးခြင်း၊ စက္ကူကပ်ခြင်း၊ ဆေးခြယ်ခြင်းတို့ ပြုလုပ်ရသည်။ ယိမ်းအကများ၊ ခေါင်းဆောင်း အရုပ်များ၊ ကျောက်ခဲတွေ၊ ကျောက်တုံးတွေ ပြုလုပ်ပေးရသည်။

ပန်းချီကို ဦးသိန်းဟန်၊ ဦးအမ်တင်အေး၊ ဦးကြည်၊ ဦးဘသောင်း၊ ဆရာတော်ဦးဝက်နှင့် ပန်းပုကို ဦးစိုးတင့်၊ ဦးအောင်သွင် (ပန်းချီပန်းပုကျောင်း)၊ ဦးမောင်ကျော် (ပဲခူးရွှေမော်ဓောဘုရား) အသီးသီးထံတွင် သင်ကြားခဲ့ပါသည်။

ပြုလုပ်ခဲ့သော ပန်းပုများ ပြင်ဆင်ရန်

ပြုလုပ်ခဲ့တဲ့ အထဲမှာ ပုံတူ သစ်ပန်းပုတွေများသည်။ ပလာစတာ၊ အင်္ဂတေတို့နှင့်လည်း ထုလုပ်ခဲ့သည်။ အရုပ်ပေါင်း ၆၀ လောက် ရှိသည်။ ပန်းပုကို စီးပွားရေး ပုံစံအရ ပြုလုပ်ခဲ့သောကြောင့် ဆရာတော်ပုံ၊ ဘိုးတော်ပုံများ၊ ဘာသာရေးပုံများ ပြုလုပ်ခဲ့ရသည်။

အချိန်ပြည့် ပန်းချီရေးခြင်း ပြင်ဆင်ရန်

၁၉၉၆ မှ စကာ ပန်းပုလုပ်ငန်းကို ရပ်လိုက်ပြီး၊ ပန်းချီရေးခြင်းကို တောက်လျောက် လုပ်ကိုင်သည်။ အောက်ဒိုးများကို အုပ်စုဖြင့်၊ တယောက်နှစ်ယောက်ထဲ၊ တဦးတည်း ကြုံသလို ထွက်သည်။ ရေဆေးကို အဓိကထား ရေးခဲ့သည်။ အဲဒီအချိန်က ရေဆေးကို အဓိကထားရေးသည်။ နောက်ပိုင်း ဆီဆေးတို့၊ အက်ခရယ်လစ်တို့ကို ကိုယ့်ဖာသာ လေ့လာယူသည်။

ကိုးကား ပြင်ဆင်ရန်

  1. နိုင်စု (၇ စက်တင်ဘာ ၂၀၂၃). "ပန်းချီဆရာ Mobile သန်းဝင်းထွန်းနှင့် တွေ့ဆုံခြင်း". စံတော်ချိန်သတင်းစာ. 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

  • AskArt နှင့် Artprice စာမျက်နှာတို့တွင် လေလံဖြင့် "မန္တလေးမှ ဘုန်းကြီးကျောင်း"ဆိုသော ပန်းချီကားကို ရောင်းချထားကြောင်း ၂၀၂၀ ခုနှစ်တွင် ဖော်ပြထားသည်။
  • ၂၀၂၁ တွင် ပြုလုပ်ခဲ့သော တကိုယ်တော်ပြပွဲ အကြောင်း ဗီဒီယိုကို ယူကျု့တွင် ဖော်ပြထားသည်။